သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေနတ်ပစ်ခံရတဲ့ Republican ထိပ်တန်း လွှတ်တော်အမတ် အခြေအနေစိုးရိမ်ရ


လွှတ်တော်အမတ်တွေ ရဲ့ ဘေစ့်ဘော လေ့ကျင့်ကွင်း ပစ်ခတ်မှုကို ရဲဘက်က စုံစမ်းစစ်ဆေး။ ဇွန်လ ၁၄ ၂၀၁၇။
လွှတ်တော်အမတ်တွေ ရဲ့ ဘေစ့်ဘော လေ့ကျင့်ကွင်း ပစ်ခတ်မှုကို ရဲဘက်က စုံစမ်းစစ်ဆေး။ ဇွန်လ ၁၄ ၂၀၁၇။

မနေ့က ဖြစ်ပွါးခဲ့တဲ့ ဝါရှင်တန်ဒီစီမြို့တော် အပြင်ဘက်က ပစ်ခတ်မှုမှာ သေနတ်ဒဏ်ရာ ရခဲ့သူ အမေရိကန် အောက်လွှတ် တော်အမတ် Stephen Scalise ရဲ့ ကျန်းမာရေးအခြေအနေက အသည်းအသန် ဖြစ်နေတယ်လို့ Mr. Scalise ဆေးကုသ မှုခံယူနေတဲ့ ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်ဆေးရုံရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ပစ်ခတ်ခဲ့သူလို့ ယူဆရတဲ့ သေနတ်သမား ကတော့ သေဆုံးသွားပါပြီ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

ဝါရှင်တန်မြို့တော် တောင်ဘက်မှာရှိတဲ့ ဗာဂျီးနီးယားပြည်နယ် အလက်ဇန္ဒြီးယားမြို့မှာ အမေရိကန်ပြည်ထောင်စု ရီပါဘလစ်ကန် အောက်လွှတ်တော်အမတ် Stephen Scalise အပါအဝင် တခြားရီပါဘလစ်ကန် လွှတ်တော်အမတ် တွေနဲ့ သူတို့ရဲ့ လက်ထောက်တွေ မနေ့ မနက်ပိုင်းက နှစ်ပတ်လည် ဘေ့စ်ဘော ရံပုံငွေပွဲအတွက် အကြို လေ့ကျင့်မှုတွေ လုပ်နေတုန်း ကစားကွင်းခြံ စည်းရိုးနောက်မှာ ရပ်နေတဲ့ သေနတ်သမားက ပစ်ခတ်ခဲ့တာပါ။ ပစ်ခတ်မှု ဖြစ်ပွါးပြီး နာရီပိုင်း အကြာမှာပဲ သေနတ်သမား သေဆုံးသွားတဲ့ အကြောင်း သမ္မတထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြို့တော် ဝါရှင်တန်ဒီစီ အပြင်ဘက်မှာ ဖြစ်ပွါး ခဲ့တဲ့ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်လို့ ရခဲ့တဲ့ ဒဏ်ရာနဲ့ အဲဒီ သေနတ်သမား သေဆုံးခဲ့တာပါ။

အသက် ၅၁ နှစ်အရွယ် အောက်လွှတ်တော်အမတ် Stephen Scaliseရဲ့ တင်ပါဆုံကို သေနတ်ကျည်ဆံ ထိမှန်ခဲ့ပြီး ဝါရှင်တန်ဆေးရုံမှာ အခြေအနေ ကောင်းတယ်လို့ သမ္မတထရမ့်က မနေ့မနက်ပိုင်းက ပြောခဲ့ပေမယ့် အခုနောက်ဆုံး အခြေအနေအရ ဝါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လွှတ်တော်အမတ် Stephen Scalise ရဲ့ ကျန်းမာရေး အခြေအနေက အသည်းအသန် အနေအထားမှာ ရှိတယ်လို့ဆေးရုံရဲ့ပြောဆိုချက်အရ သိရပါတယ်။

ဒီပစ်ခတ်မှုဟာ ဝါရှင်တန်နဲ့ တနိုင်ငံလုံးမှာ ခံစားနေကြရတဲ့ နိုင်ငံရေး သဘောထား ကွဲလွဲမှုတွေကို ကျော်လွှားနိုင်ဖို့ သတိပေး လိုက်တာပဲလို့လည်း သမ္မတထရမ့်က ပြောပါတယ်။

“ ကျွန်တော်တို့တွေမှာ မတူကွဲပြားတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုလို အချိန်မျိုးမှာ ကျနော်တို့ သွေးစည်းညီညွတ်ကြတယ်။ နိုင်ငံရဲ့မြို့တော်မှာ တာဝန်ထမ်းဆောင်နေကြသူတွေ အားလုံးက တိုင်းပြည်ကို ချစ်ကြတဲ့သူတွေပဲ ဆိုတာကို ကျနော်တို့ အားလုံးက အမှတ်ရနေမှာပါ။ ”

သေနတ်ဒဏ်ရာ ရခဲ့သူတွေထဲမှာ အောက်လွှတ်တော်အမတ် Stephen Scalise အပါအဝင် မြို့တော်ရဲ နှစ်ဦး၊ လွှတ်တော် အမတ် လက်ထောက်တဦးနဲ့အကျိုးတော်ဆောင် တဦးတို့လည်း ပါဝင်ပါတယ်။ ဆေးရုံမှာ အသည်းအသန်ဖြစ်နေတဲ့ လွှတ်တော်အမတ် Stephen Scalise ဟာ အောက်လွှတ်တော်မှာ အမတ်အများစုရဲ့စည်းကမ်းထိမ်းသိမ်းရေး ဆိုင်ရာ ဦးဆောင် ဆော်သြရေးမှူး ဖြစ်ပြီး အောက်လွှတ်တော် အတွင်း တတိယ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ သေနတ်သမားလို့ ယူဆရသူဟာ အသက် ၆၆ နှစ်အရွယ် James Hodgkinson ဆိုတဲ့သူ ဖြစ်ပြီး Illinois ပြည်နယ် Belleville မြို့က ဖြစ်တယ်လို့အစိုးရအရာရှိတွေက ပြောပါတယ်။ ဝါရှင်တန်ပို့စ် သတင်းစာရဲ့သတင်းတွေမှာတော့ James Hodgkinson ဟာ အိမ်ဆောက်လုပ်ရေး စစ်ဆေးမှုလုပ်ငန်း ပိုင်ရှင်တဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်တုန်းက ကိုယ်ထိ လက်ရောက် စော်ကားမှုနဲ့ အရေးယူတာ ခံခဲ့ရဖူးတယ်လို့ ဆိုပါတယ်။ လူမှုကွန်ယက် သတင်းတွေမှာတော့ James Hodgkinson ဟာ သမ္မတထရမ့်ကို အပြင်းအထန် ဝေဖန်သူတဦး ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ အကြို မဲဆွယ်မှု ကာလတွေအတွင်း ဗားမောင့်ပြည်နယ်ရဲ့အထက်လွှတ်တော်အမတ် Bernie Sanders အတွက် စေတနာ့ဝင်ထမ်း လုပ်ခဲ့ဖူးသူလို့ ဆိုပါတယ်။

ပစ်ခတ်မှု ဖြစ်ခဲ့တဲ့ ဘေ့စ်ဘောကွင်းအတွင်း တခြား လွှတ်တော်အမတ်တွေနဲ့ အတူ ဘေ့စ်ဘောလေ့ကျင့်မှုတွေ လုပ်ခဲ့ပြီး ခပ်စောစောပြန်ခဲ့တဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ်ရဲ့ရီပါဘလစ်ကန် အောက်လွှတ်တော်အမတ် Jeff Duncan က ပစ်ခတ်မှု မဖြစ်ခင်မှာ တွေ့ခဲ့ရတဲ့သူက သေဆုံးသွားတဲ့ သေနတ်သမားပဲ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

“ အခ ုလေ့ကျင့်နေတဲ့သူတွေက ဒီမိုကရက်တွေလား၊ ရီပါဘလစ်ကန်တွေလားလို့အဲဒီပုဂ္ဂိုလ်က ကျနော့်ကို မေးတော့ ရီပါဘလစ်ကန်တွေလို့ကျနော်က ပြန်ဖြေခဲ့တယ်။ အဲဒီတော့ သူက ကျေးဇူးပဲလို့ ပြောပြီး ထွက်သွားခဲ့တယ်။ ”

အောက်လွှတ်တော် အမတ် Jeff Duncan က သတင်းသမားတွေကို ပြန်ရှင်းပြခဲ့တာပါ။ အခုဖြစ်ပွါးခဲ့တဲ့ နေရာဟာ သမ္မတ အိမ်ဖြူတော်နဲ့ ၆ မိုင်ကျော်ကျော် ကွာဝေးပြီး ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI အဖွဲ့က ကိုင်တွယ်စုံစမ်းနေပါပြီ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG