သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူအခွင့်အရေးမဟာမင်းကြီး အစီရင်ခံစာ မြန်မာပယ်ချ


 မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း
မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ OHCHR မဟာမင်းကြီး Michelle Bachelet ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာဟာ တဖက်သတ်ဆန်ပြီး၊ အစီရင်ခံစာပါ အကြံပြုချက်တွေကို လက်မခံနိုင်ကြောင်း ဂျီနီဗာ ဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောဆို လိုက်ပါတယ်။ ရခိုင်ပြည်နယ် ပြဿနာတွေ ဖြေရှင်းရေးကိစ္စမှာ မြန်မာနိုင်ငံအတွက် နည်းပညာ အကူအညီပေးဖို့ လိုတယ်လို့ သံအမတ်ကြီးက တိုက်တွန်း ပြောကြား ခဲ့ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ဖေဖေါ်ဝါရီ ၂၅ ကနေ မတ်လ ၂၂ ရက်နေ့ထိ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြိမ်(၄၀) မြောက် ညီလာခံမှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက Michelle Bachelet ကိုယ်တိုင် မတ်လ (၂၀)ရက်နေ့က အထူးအစီရင်ခံစာ တင်သွင်းခဲ့တာပါ။

သူ့ရဲ့အစီရင်ခံစာထဲမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ အကြပ်အတည်းကို မြန်မာအစိုးရက ဖြေရှင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသလို၊ သူ့ရုံး အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက် ခဲ့တယ်လို့ မဟာမင်းကြီး Michelle Bachelet က ဝေဖန်ပြောဆို သွားပါတယ်။

လူ့အခွင့်အရေး မဟာမင်းကြီး Bachelet ရဲ့အစီရင်ခံစာဟာ မြန်မာအစိုးရရဲ့ကြိုးပမ်း အားထုတ်မှုတွေကို လျစ်လျှူရှုထားကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဂျီနီဗာညီလာခံမှာ တုံ့ပြန်ပြောဆို လိုက်ပါတယ်။

“ မဟာမင်းကြီးရဲ့ အစီရင်ခံစာဟာ တစ်ဖက်လူတွေက ပြောကြားချက် အပေါ်မှာသာ အခြေခံထားတာ တွေ့ရတဲ့အတွက် လွန်စွာမှ ဝမ်းနည်း မိပါတယ်။ ဒီအစီရင်ခံစာဟာ မြန်မာအစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို လျစ်လျူရှုထားပြီး၊ မြန်မာရဲ့ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ ကိုလည်း လျစ်လျူရှုထားပါတယ်။ မြေပြင်က ရှုပ်ထွေးမှုတွေနဲ့ စိန်ခေါ်ချက်တွေကို ကောင်းစွာ နားလည်ခြင်း မရှိဘူးဆိုတာ ဒီအစီရင်ခံစာက ပြသနေသလို၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်တဲ့ မြန်မာလို နိုင်ငံမျိုးမှာ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးမှာ မျှတမှုနဲ့ အားလုံးပါဝင်ခွင့် ရှိရေးဟာ အရေးကြီးပါတယ်။”

ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တချို့ကို မြန်မာအစိုးရဘက်က ကနဦးဆောင်ရွက်ခဲ့ပေမယ့် ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းဖို့ အကြံပြုထားတဲ့ အချက်အများစုကိုတော့ အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးဘူးလို့ Michelle Bachelet ရဲ့အစီရင်ခံစာမှာ ဖေါ်ပြခဲ့တာနဲ့ ပတ်သက်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက ခုလို တုံ့ပြန်ပါတယ်။

“ ရခိုင်ပြည်နယ်က လူထုအားလုံးအတွက် ရေရှည်တည်တံ့နိုင်မယ့် ဖြေရှင်းမှုမျိုးရဖို့ ကတိကဝတ် ပြုထားသလို၊ ကိုဖီအာနန်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်အများစုကိုလည်း စီမံချက်တစ်ခုအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဒါကို အရှိန်အဟုန် မြှင့်နိုင်ဖို့အတွက် နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်၊ IDP စခန်းတွေ ပိတ်သိမ်းရေး၊ ပညာရေးနဲ့ ကျန်းမာရေး စတဲ့နယ်ပယ်(၅)ခုမှာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ ARSA အကြမ်းဖက်သမားတွေရဲ့ ကြိုတင်အကွက်ချ တိုက်ခိုက်မှုကြောင့် ထိခိုက် ခံစားနေရတဲ့ အသိုက်အဝန်း အားလုံးအတွက် စိုးရိမ်ပူပန်ရပြီး၊ စိစစ်ပြီးသား နေရပ်စွန့်ခွာသူတွေကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကြား သဘောတူညီချက် တွေနဲ့အညီ ပြန်လည်လက်ခံဖို့ မြန်မာအစိုးရက အဆင်သင့်ရှိနေတယ်ဆိုတာကို ထပ်လောင်းအတည်ပြု ပြောကြားလိုပါတယ်။”

အဲဒီထဲမှာ မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်လာချင်တဲ့ ဟိန္ဒူဘာသာဝင် (၄၄၄)ဦး အပါအဝင် စိစစ်ပြီးသား နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရန်ဖို့ ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဧပြီလထဲမှာကျင်းပနိုင်အောင် ပြီးခဲ့တဲ့လထဲမှာ ဘင်္ဂလား ဒေ့ရှ်ကို အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ဦးကျော်မိုးထွန်းကပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် သာယာဝပြောဖို့ ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိုလည်း လူ့အခွင့်အရေးမဟာမင်းကြီးက သူ့ရဲ့ အစီရင်ခံစာမှာ အဆိုးမြင်တဲ့ မှတ်ချက်ပြု ဖေါ်ပြခဲ့ခြင်းကို စိတ်ပျက်မိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

“ နေရပ်ပြန်လာမယ့် သူတွေအတွက် သင့်တင့်လျောက်ပတ်တဲ့-ပတ်ဝန်းကျင် ဖန်တီးပေးရေးကို UNDP ၊ UNHCR အပါဝင် အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေပါတယ်။ မကြာသေးမီက အလုပ်အကိုင် ဖန်တီးပေးရေး၊ ဝင်ငွေတိုးပွား စေရေးနဲ့ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးရည်ရွယ်ပြီး ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် လူမှုအသိုက်အဝန်း စည်းလုံးညီညွတ်မှု ပိုပြီးခိုင်မာစေမယ့် စီမံကိန်းတွေ အများအပြား အကောင်အထည် ဖော်နေပါတယ်။ ရခိုင်ပြည်နယ်က ပြည်သူအားလုံး သာယာ ဝပြောစေဖို့ လုပ်ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကို လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူက တာဝန်မဲ့ အဆိုးမြင်တဲ့မှတ်ချက် ပြုခဲ့တာမျိုးအတွက် စိတ်ပျက်မိပါတယ်။”

မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း နောက်ထပ်ပြောကြားတဲ့အထဲမှာ ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM ကို ကနဦး ဖွဲ့စည်းခဲ့စဉ်ကတည်းက လက်မခံခဲ့သလို၊ FFM ရဲ့တဖက်သတ် အစီရင်ခံစာကိုလည်း အရင်ကရော အခုပါ ပြတ်သားစွာ ကန့်ကွက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ဟာ ပြောင်းလဲမှုမရှိဘူးလို့ သံအမတ်ကြီးက ထပ်လောင်း ပြောကြားသွားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ခိုင်မာတဲ့ သက်သေအထောက်အထား ရှိမယ်ဆိုရင် ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်အားလုံးကို စုံစမ်းဖော်ထုတ် နိုင်ရေးအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းလုပ်ဆောင်နေကြောင်း၊ မကြာသေးမီကလည်း တပ်မတော်က စုံစမ်းစစ်ဆေးရေးခုံရုံးကို ဖွဲ့စည်းခဲ့ကြောင်း၊ အစိုးရအနေနဲ့ အဲဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒရှိသလို၊ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းလည်းရှိကြောင်း၊ ဒါကြောင့် ICC လိုမျိုး နိုင်ငံတကာတရားစီရင် ရေးကို ရှေးရှုစေမယ့် မည်သည့်ကြိုးပမ်းမှု မျိုးကိုမဆို ပြင်းထန်စွာ ပယ်ချကြောင်း ပြောကြားသွားပါတယ်။

မြန်မာအနေနဲ့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးရုံး OHCHR နဲ့ ပြန်လည် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိတယ်ဆိုတာကို ထပ်လောင်း ပြောကြားလိုကြောင်း၊ OHCHR ကနေ မနှစ်က အဆိုပြုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် လိုအပ်တဲ့ နည်းပညာ ကူညီထောက်ပံ့မှုတွေပေးဖို့ မဟာမင်းကြီးအား တိုက်တွန်းကြောင်း ဂျီနီဗာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထည့်သွင်း ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG