သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 pdm09 တုပ်ကွေးကြောင့် သေဆုံးရသူ မြန်မာနိုင်ငံမှာ ၂၉ ဦးရှိပြီ


H1N1 ကြောင့် သေဆုံးရသူတဦး
H1N1 ကြောင့် သေဆုံးရသူတဦး

မြန်မာနိုင်ငံမှာ ဒီနှစ် နှစ်စကနေ ဇူလိုင်လ ၄ ရက်နေ့အထိ H1N1 pdm09 ရောဂါပိုး ရာသီ တုပ်ကွေးကြောင့် သေဆုံးသူ ၂၉ ဦး အထိ ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သွေးစစ်ကြည့်ရာမှာ ၄၀၂ ယောက်မှာ ရာသီတုပ်ကွေးရောဂါပိုး တွေ့ရှိတဲ့လူနာ ၁၄၁ ယောက်ရှိပြီး သေဆုံးရသူက ၂၉ ယောက်ရှိနေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီနှစ်အတွင်း H1N1 pdm09 ရောဂါပိုးနဲ့ သေဆုံးသူအများစုဟာ ရန်ကုန်တိုင်း ဒေသကြီးက ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ဒီရောဂါပိုးကြောင့် သေဆုံးရသူက ၂၃ ဦး၊ ဧရာဝတီတိုင်းမှာ ၃ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ၂ ဦးနဲ့ မွန်ပြည်နယ်မှာ ၁ ဦး စုစုပေါင်း ၂၉ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့ဟာ အခြားတိုင်းနဲ့ ပြည်နယ်တွေထက် လူဦးရေထူထပ်ပြီး ရာသီတုပ်ကွေး ရောဂါပိုး ကူးစက်နိုင်ခြေ ပိုများတဲ့အတွက် အခုလို သေဆုံးမှု မြင့်တာဖြစ်ပါတယ်။ အခုလို ရာသီတုပ်ကွေးတွေ ဟာ အသက်ရှုလမ်းကြောင်းက တဆင့် ကူးစက်တဲ့ ရောဂါပိုး ဖြစ်တဲ့အတွက် ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပါတယ်။

အခုလို ရာသီမျိုးမှာ အအေးမိ၊ တုပ်ကွေးဖြစ်လေ့ရှိတာကြောင့် သတိထားနေထိုင်ဖို့ အပြင် နေထိုင်မကောင်း ဖြစ်နေရင် လူအများရှိတဲ့နေရာကို မသွားလာပဲ အတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို့နဲ့ အသက်ရှုလမ်းကြောင်းကနေ တဆင့် ကူးတဲ့ ဒီရောဂါမျိုးအတွက် ချောင်းဆိုး နှာချေရင် ရောဂါပိုး မပြန့်ပွားအောင် ပါးစပ်၊ နှာခေါင်းတွေကို အုပ်ပေးဖို့ လက်ကို မကြာမကြာ ဆေးကြောဖို့လည်း သတိပေးထားပါတယ်။

တုပ်ကွေးရောဂါ ဖြစ်ပွားနေတယ်လို့ သံသယရှိရင် ပြည်သူတွေအနေနဲ့ ချက်ချင်း ပြည်သူ့ဆေးရုံတွေ ဆီကို အမြန်ဆုံးကုသမှု လာရောက်ခံယူကြဖို့လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ဒီတုပ်ကွေးကြောင့် သေဆုံးမှု မရှိခဲ့ပေမယ့် ၂၀၁၇ ခုနှစ်တုန်းကတော့ လူ ၁,၀၀၀ ကျော်ကို သွေးစစ်ကြည့်ရမှာ ၄၅၈ ယောက်မှာ H1N1 ရောဂါပိုးတွေ့ရှိခဲ့ပြီး အဲဒီရောဂါပိုးနဲ့ သေဆုံးသူ ၃၈ ယောက်ထိ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG