သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၂၁ ဦးထိ တိုးလာ


မြန်မာနိုင်ငံအနှံ့အပြားမှာ H1N1 pdm09 ရောဂါပိုး ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၂၁ ဦး အထိ ရှိလာခဲ့ပါပြီ။ ရောဂါကို ထိန်းချုပ်ဖို့ ကြိုးစား ဆောင်ရွက်နေတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ဆက်သွယ်မေးမြန်းထားပါတယ်ခင်ဗျာ။

တနိုင်ငံလုံးမှာ H1N1 ရောဂါပိုး ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ဒီကနေ့အထိ ၂၁ ဦးထိ ရှိနေပါပြီ။ ရောဂါပိုးတွေ့ရှိမှုနဲ့ သေဆုံးမှု စာရင်းနဲ့ ပတ်သက်လို့ ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ပါမောက္ခ ဒေါက်တာခင်ခင်ကြီးကို အခုလိုပြောပါတယ်။

"၂၀၁၉ ပေါ့နော်။ ၂၀၁၉ မနေ့ကထိ ဆရာကြီးကို သတင်းပို့တဲ့အထိဆိုရင်ပေါ့နော် H1N1 test လုပ်တဲ့ စုစုပေါင်း ၃၄၃ ရှိပါတယ်။ ၃၄၃ မှာဆိုရင် ပိုးတွေ့လူနာ ၁၁၇ ရှိပါတယ်။ ပိုးတွေ့တယ်ဆိုတာ A ရော၊ B ရော အားလုံး ပါပါတယ်။ အဲ့ပိုးတွေ့တဲ့ လူနာထဲမှာ AH1N1 Pdm09 ဘယ်လောက်တွေ့လည်းဆိုရင် ၉၉ ယောက် တွေ့ ပါတယ်။ Dead အနေနဲ့ ပြောမယ်ဆိုရင် မနေ့ကထိ သတင်းပို့တဲ့အရဆိုရင် ၂၁ Dead ရှိပါတယ်။"

၂၀၁၇ ခုနှစ်မှာတော့ လူ ၁,၀၀၀ ကျော်ကို သွေးစစ်ကြည့််ရမှာ ၄၅၈ ယောက်မှာ H1N1 ရောဂါပိုးတွေ့ရှိခဲ့ပြီး အဲဒီရောဂါပိုးနဲ့ သေဆုံးသူ ၃၈ ယောက်ထိ ရှိခဲ့ပါတယ်။

အခု ၂၀၁၉ မှာတော့ ကချင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့က လွဲပြီး ကျန်တိုင်းဒေသကြီးတွေမှာ H1N1 ရောဂါပိုး အပါအဝင် အခြားရာသီတုပ်ကွေး ဖြစ်ပွားမှုတွေ တွေ့နေရပါတယ်။ ဒီနှစ်အတွင်း H1N1 pdm09 ရောဂါပိုးနဲ့ သေဆုံးသူအများစုဟာ ရန်ကုန်တိုင်းဒေသကြီးက ဖြစ်ပါတယ်။

ရန်ကုန်မြို့ဟာ အခြားတိုင်းနဲ့ ပြည်နယ်တွေထက် လူဦးရေထူထပ်ပြီး ရာသီတုပ်ကွေး ရောဂါပိုး ကူးစက်နိုင်ခြေ ပိုများတဲ့အတွက် အခုလို သေဆုံးမှု မြင့်တာဖြစ်ပါတယ်။ အခုလို ရာသီတုပ်ကွေးတွေဟာ အသက်ရှုလမ်းကြောင်းက တဆင့် ကူးစက်တဲ့ ရောဂါပိုး ဖြစ်တဲ့အတွက် ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ရာသီတုပ်ကွေး ရောဂါပိုးကို ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးနဲ့ ကူးစက်ဌာနက အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရဲလင်းနိုင်က အခုလိုဖြေကြားပါတယ်။

"ကျနော်တို့အနေနဲ့ လက်ရှိဆောင်ရွက်နေတာတော့ ရောဂါဖြစ်ပွားနိုင်ချေ ထိန်းချုပ်ဖို့အတွက်ကို အဓိက ပြည်သူလူထုကို အသိပညာပေးခြင်းတွေ လုပ်နေတယ်။ နောက်ပြီးတော့ ရောဂါစောင့်ကြပ် ကြည့်ရှုတဲ့ လုပ်ငန်းတွေ လုပ်နေတယ်။ နေ့စဉ် ဆေးရုံတွေကနေ ကျနော်တို့ Report တွေယူတယ်။ နောက်ပြီးတော့ ဒီအမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်းကနေပြီးတော့ Case ပေါ့နော်။ Positive ဖြစ်တဲ့ Case တွေပေါ့နော် အဲ့စာရင်းတွေကို ကျနော်တို့က ယူတယ်။ ခွဲခြမ်းစိတ်ဖြာပြီး သက်ဆိုင်ရာမြို့နယ်တွေကို သတင်းပေးတယ်ပေါ့။ သတင်းပေးပြီးဆိုရင် အဲ့ဒီရောဂါဖြစ်တဲ့ လူနဲ့ ထိတွေ့နိုင်တဲ့ ထိတွေ့တဲ့ လူတွေပေါ့နော်။ သူတို့ရှိတဲ့ အိမ်တွေပေါ့။ ကျနော်တို့ ကျန်းမာရေးဌာနက ကွင်းဆင်းပြီးတော့ ကျန်တဲ့ရောဂါဖြစ်တဲ့ လူတွေ ရှိမရှိပေါ့။ အဲ့လိုမျိုး သေချာ စောင့်ကြပ် ကြည့်ရှုတဲ့ဟာတွေ လုပ်နေတယ်ပေါ့။"

H1N1 ရောဂါပိုးကြောင့် သေဆုံးသူအများစုဟာ အသက်ငယ်ရွယ်လွန်းသူတွေနဲ့ အသက်ကြီးရင့်ပြီး ရောဂါအခံရှိသူတွေ သေဆုံးကြတာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ မကြာခဏ ထုတ်ပြန်ပေးနေပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေးရောဂါ လက္ခဏာသံသရှိရင် နီးစပ်ရာ ဆေးရုံတွေဆီ အသိပေးပြီး လာရောက်ကုသဖို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG