သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

A-H1N1 တုပ်ကွေးကြောင့် သေဆုံးသူ ၉ ဦးအထိရှိ


(သတင်းဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်)
(သတင်းဓာတ်ပုံ - နာရေးကူညီမှုအသင်း-ရန်ကုန်)

မြန်မာနိုင်ငံမှာ A-H1N1 pdm 09 အမျိုးအစား တုပ်ကွေးရောဂါကြောင့် လူ ကိုး ဦးအထိ သေဆုံးခဲ့ပြီး ရောဂါကူးစက်ခံရသူ ၃၅ ယောက်ထက် မနည်း ရှိနေတဲ့အတွက် ကာကွယ်ရေးနဲ့ ကုသမှုပေးဖို့ ကြိုးစားနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ အထူးသဖြင့် ကျန်းမာရေး မကောင်းတဲ့ ရောဂါအခံရှိသူတွေအတွက် အန္တရာယ်ရှိတာကြောင့် ကြိုတင်ကာကွယ်နိုင်အောင် ပြင်ဆင်နေတာလို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မေခက ပြောပြပေးမှာပါ။

ကျန်းမာရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်ချက်ဒီကနေ့ ညနေ ၅ နာရီအထိ ဒီရောဂါနဲ့ သေဆုံးသူ ဦးရေ ကိုး ဦး ရှိနေခဲ့တာပါ။ ရောဂါကူးစက်သူ အရေအတွက်နဲ့ ပတ်သတ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာ မြင့်တင်ရေးဦးစီးဌာနက ညွှန်ကြားရေးမှူး Dr. ဒေါ်ဖြူဖြူအေး က VOA ကို အခုလိုပြောပါတယ်။

"သေဆုံးတဲ့ ကိုး ဦး ရှိသွားပြီ။ ကိုး ဦးမှာ အမျိုးသမီး တဦး၊ ကလေး တဦး တိုးတာပေါ့။ အမျိုးသမီးမှာက နှလုံးရောဂါ ရှိနေတယ်။ ကလေးကလည်း မွေးရာပါ နှလုံးရောဂါ ကြီးကြီးမားမား ရှိနေတယ်။ ပိုး စစ်ဆေးတဲ့သူ များလာတယ်။ တနိုင်ငံလုံးဆိုရင် မနေ့က ညနေထိ ၁၀၉ ယောက် ရှိတယ်။ တနိုင်ငံလုံးနော်။ အဲမှာ positive က ၃၅ယောက် ရှိတယ်။ တနိုင်ငံလုံးနော်။"

သေဆုံးသူတွေ၊ ရောဂါပိုးရှိသူတွေရဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွေကိုလည်း ကျန်းမာရေးဦးစီးဌာနက စောင်ြ့ကည့်နေပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်နေတယ်လို့လည်း ကျန်းမာရေးတာဝန်ခံတွေက ပြောပါတယ်။

A-H1N1 pdm 09 ရောဂါပိုးတွေ့ရှိထားသူ လူနာတွေလည်း ထပ်တိုးလာနေတာကြောင့် ကြိုတင်ကာကွယ်မှုတွေနဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေကို မြင့်တင်လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့လည်း ဒေါက်တာဖြူဖြူအေးက ပြောပါတယ်။

"ကာကွယ်ရေးပိုင်းကို ပိုပြီး တိုးလုပ်နေတယ်။ ဒေသဆိုင်ရာ မီဒီယာတွေနဲ့ တွေ့ပြီး အသိပညာပေးဖို့နဲ့ ကာကွယ်ရေးအတွက် လုပ်နေကြတယ်။ နောက်မြန်မာနိုင်ငံ ကြက်ခြေနီတွေနဲ့ပေါင်းပြီး သူတို့ activity တွေ ပေါင်းလုပ်ဖို့ ရှိတယ်။ နောက်တခုကတော့ မြန်မာနိုင်ငံဆရာဝန်အသင်းနဲ့ လည်းပေါင်းလုပ်ဖို့ ရှိနေတယ်။ နောက်စစ်ဆေးမယ့် လူနာတွေကို ဓါတ်ခွဲခန်းကို အချိန်မှီပို့ဖို့ ဆရာဝန်အသင်းနဲ့ ပူးပေါင်းလုပ်ဖို့ရှိတယ်။ ကုသရေးပိုင်းရော၊ ကာကွယ်ရေးပိုင်းရော တိုးလုပ်နေတာတွေ ရှိပါတယ်။"

စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နေပြည်တော်နဲ့ ရန်ကုန်တိုင်းတွေမှာ ရောဂါပိုးတွေ တွေ့ထားရပြီး ရန်ကုန်တိုင်းတွင်းမှာ အဖြစ်များနေတယ်လို့ ကျန်းမာရေးဦးစီးဌာနက အသိပေးထားပါတယ်။

အခုလို ရာသီမျိုးမှာ အအေးမိ၊ တုပ်ကွေးဖြစ်လေ့ရှိတာကြောင့် သတိထားနေထိုင်ဖို့ အပြင် ကိုယ်က နေထိုင်မကောင်းဘူးဆိုရင် လူအများရှိတဲ့နေရာကို မသွားလာပဲ အတတ်နိုင်ဆုံးရှောင်ကြဉ်ကြဖို့နဲ့ အသက်ရှုလမ်းကြောင်းကနေ တဆင့် ကူးတဲ့ ဒီရောဂါမျိုးအတွက် ချောင်းဆိုး နှာချေရင် ရောဂါပိုး မပြန့်ပွားအောင် ပါးစပ်၊ နှာခေါင်းတွေကို အုပ်ဆိုင်းပေးဖို့ လက်ကို မကြာမကြာ ဆေးကြောဖို့လည်း သတိပေးထားပါတယ်။ တုပ်ကွေးရောဂါ ဖြစ်ပွားနေတယ်လို့ သံသယရှိရင် ပြည်သူတွေအနေနဲ့ ချက်ချင်း ပြည်သူ့ဆေးရုံတွေဆီကို အမြန်ဆုံးကုသမှု လာရောက်ခံယူကြဖို့လည်း တိုက်တွန်းပါတယ်။

လက်ရှိအားဖြင့်တေ့ာ ကျန်းမာရေးဝန်ကြီးဌာန တနိုင်ငံလုံး အတိုင်းအတာနဲ့ H1N1 တုပ်ကွေးရောဂါ ကူးစက်မှု ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ လူလူချင်း ကူးစက်တဲ့ ရောဂါဖြစ်တဲ့အတွက် နယ်စပ်အဝင်အထွက်တွေ၊ အထူးသဖြင့် လေဆိပ်တွေမှာ အပူချိန်တိုင်း ကိရိယာတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ရောဂါပိုး ကာကွယ်ဆေး ထိုးမယ့်သူတွေအနေနဲ့ အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ထိုးဖို့ကိုလည်း ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။

ကျန်းမာရေး ဦးစီးဌာနကတော့ ပြည်သူလူထုတွေအနေနဲ့ ရောဂါနဲ့ ပက်သက်ပြီး စိုးရိမ်တကြီး မဖြစ်ဖို့နဲ့ အသက်အရွယ်ကြီးသူတွေ၊ ကလေးသူငယ်တွေနဲ့ ရောဂါပိုးအခံရှိသူတွေသာ ပိုသတိထားဖို့ အသိပေးထားတာပါ။ တုပ်ကွေးရောဂါ ဖြစ်ပွားနေတယ်လို့ သံသယရှိရင် ပြည်သူတွေအနေနဲ့ ချက်ချင်း ပြည်သူ့ဆေးရုံတွေဆီကို အမြန်ဆုံးကုသမှု လာရောက်ခံယူကြဖို့လည်း ပြည်သူလူထုကို တိုက်တွန်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG