သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

A-H1N1 တုပ်ကွေးရောဂါပိုးနဲ့ ၄ ဦး သေဆုံး


A-H1N1 တုပ်ကွေးရောဂါပိုးနဲ့ သေဆုံးသွားသူ (နာရေးကူညီမှုအသင်း-ရန်ကုန်)
A-H1N1 တုပ်ကွေးရောဂါပိုးနဲ့ သေဆုံးသွားသူ (နာရေးကူညီမှုအသင်း-ရန်ကုန်)

ရန်ကုန်တိုင်းအတွင်းမှာ A- H1N1 အမျိုးအစား တုပ်ကွေးရောဂါပိုးနဲ့ သေဆုံးသူ လေးဦးရှိနေပြီး၊ ဒီရောဂါပိုးတွေ တွေ့ရှိထားသူတွေနဲ့ ရောဂါပိုးရှိတယ်လို့ သံသယနဲ့ စောင့်ကြည့်ထားရတဲ့ လူနာတွေလည်း ရှိနေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။ ရောဂါပိုး ကူးစက်မှုအခြေအနေနဲ့ ထိန်းချုပ်ရေးဆောင်ရွက်မှုတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာမြင့်တင်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး နဲ့ မမေခ ဆက်သွယ်မေးမြန်းထားပါတယ်။

မမေခ။ ။ A- H1N1 ရောဂါ မြန်မာနိုင်ငံမှာစပြီးတော့ဖြစ်ပွားနေတယ်ဆိုတာ ကျမတို့လည်း ဒီနေ့ သေချာလေးသိရတယ်ပေါ့နော်။ ကျမသိချင်တာက လူတော်တော် များများက ဒီရောဂါကို ဝက်တုပ်ကွေး လို့ သိနေကြတယ် ဒါက ဘယ်လိုရောဂါမျိုးလဲ။ ဘယ်ကနေပြီး စကူးစက်တယ်လို့ သိထားပါသလဲရှင့်။

ဒေါက်တာဖြူဖြူအေး ။ ။ ဝက်တုပ်ကွေး လို့ တော်တော်များများက ပြောနေကြပါတယ်။ ဒါပေမယ့် အဲဒီရောဂါအဖြစ်ကို ကြည့်မယ်ဆိုရင် ၂၀၀၉ ခုနှစ်တုန်းက မက္ကစီကိုနိုင်ငံမှာ စပြီးဖြစ်ခဲ့တယ်ပေါ့နော်။ အခုဖြစ်တဲ့ဟာကတော့ ရာသီတုပ်ကွေးပါ။ ဝက်တုပ်ကွေး မဟုတ်ဘူး အဲဒီတုန်းကတော့ Swine flu ဆိုပြီးတော့ပြောကြတယ် အခုကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ရောဂါမျိုးကတော ရာသီတုပ်ကွေးပါ။ A- H1N1 လို့ခေါ်တာပေါ့နော် သူက ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ တုပ်ကွေးရောဂါတမျိုးဖြစ်ပါတယ်။ ပြီးတော့ ကျမတို့ အိမ်နီးနားချင်းနိုင်ငံတွေမှာရော ဖြစ်နေတာတွေ့ရပါတယ်။

မမေခ။ ။ အဲဒီတော့ ဒါက အရင်တုန်းက ကျမတို့သိခဲ့တဲ့ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ တုတ်ကွေးနဲ့ဘာများ ကွဲပြားမှုရှိသလဲ နောက်ပြီးတော့ ဒီကူးစက်ခံရတဲ့ ရောဂါပိုးက ဘယ်လောက်စိုးရိမ်ရသလဲ ဘယ်လောက်ပြင်းထန်သလဲ ။ အသက်အန္တရယ်တွေ စိုးရိမ်ရတာရှိသလား။ ဒါရဲ့ရောဂါလက္ခဏာလေးတွေလည်း ပြောပြပေးပါ။

ဒေါက်တာဖြူဖြူအေး ။ ။ သူ့ကို နာမည်အပြည့်အစုံကတော့influenza A- H1N1 pdm09 လို့ခေါ်တာပေါ့နော် တချိန်တုန်းကတော့ ၂၀၀၉ ခုနှစ်တုန်းက မက္ကစီကိုနိုင်ငံမှာတွေ့ပြီးတော့ တကမ္ဘာလုံးမှာ ပြန့်နှံ့သွားတယ်။ ပြီးတော့ ဒီဘက်မှာ တုတ်ကွေးအနေနဲ့ ပြန်ပြီးတော့ သတ်မှတ်တဲ့အခါမှာ ရာသီတုပ်ကွေးအနေနဲ့ သူ့နာမည်ကို pdm 09 ဆိုပြီးတော့ သတ်မှတ်လိုက်တယ်။ ဒါကို ရာသီတုပ်ကွေးအနေနဲ့ ပညာရှင်များက သတ်မှတ်လိုက်တာ ။ ဆိုးဝါးတာကတော့ ကျမတို့ အခုလောလောဆည်မှာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကနေပြီးတော့ ပြင်းထန် ရောဂါ လက္ခဏာတွေ ဖြစ်တဲ့လူ စုစုပေါင်း ၄၀ ကို စစ်ဆေးလိုက်တဲ့အခါမှာ ပိုးတွေ့တာ ၁၀ ဦးတွေ့ရပါတယ်။ သေဆုံးမှုကတော့ လောလောဆည် ၄ ဦးရှိသွားပါပြီ။ ရောဂါ လက္ခဏာတွေ က တုပ်ကွေးနဲ့တူတယ်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း တွေမှာ သွားပြဖို့လိုတယ်။ အဲဒီကမှ ရောဂါ လက္ခဏာတွေ ပြင်းထန်တယ်ဆိုရင်တော့ ပြင်းထန်သလိုမျိုး သက်ဆိုင်ရာ ဆေးရုံတွေကို လွှဲပြောင်းတာတို့ ၊ ဆေးစစ်တာတို့ သွေးစစ်တာတို့ လုပ်ပြီးတော့မှ သိရမှာဖြစ်ပါတယ်။

မမေခ။ ။ နောက်တခုက ဒါက လေထဲကနေ လူလူချင်း ကူးစပ်တာဆိုတော့ ဒါက ပိုပြီး စိုးရိမ်စရာများ ရှိနေသလားရှင့်။

ဒေါက်တာဖြူဖြူအေး ။ ။ စိုးရိမ်ရပါတယ်။ ဒါပေမယ့် ကြောက်ဖို့တော့ မလိုဘူးပေါေ့နာ်။ အရမ်းကြောက်ဖို့တော့ မလိုဘူးပေါေ့နာ် လောလောဆည်အနေအထားကနေ။ ဘာဖြစ်လို့လဲဆိုတော့ တနိုင်ငံလုံးမှာ ကျမတို့ သံသယဖြစ်တာ ၄၀။ အဲဒီ ၄၀ ကို သွေးစစ်လိုက်တာမှ ၁၀ ဦးဆိုတော့လေ။ ဒါပေမယ့် ပေါ့ပေါ့ဆဆတော့ နေဖို့မသင့်ပါဘူး။

မမေခ။ ။ နောက်တခုက နောက်ထပ် ကူးစပ်မှုမဖြစ်အောင် အစိုးရဘက်က ဘာတွေ စီစဉ်ဆောင်ရွက်နေတာမျိုး ရှိပါသလဲ။

ဒေါက်တာဖြူဖြူအေး ။ ။ အဲဒါကတော့ ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှ ကုသရေးဌာန ၊ လူထုကျန်းမာရေး ဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ ဆေးရုံကြီးတွေ ၊ ဆေးပေးခန်းတွေ နယ်စပ်အဝင်အထွက် ဂိတ်တွေ အဲဒီမှာ တုပ်ကွေးဆန်တဲ့ လက္ခဏာတွေ ဖြစ်ပွားနေသလား။ နောက်ပြီးတော့ ပြင်းပြင်းထန်ထန်အဆုပ်ရောင်တဲ့ ရောဂါ လက္ခဏာ ဖြစ်ပွားမှုကို စောင့်ကြည့်တဲ့လုပ်ငန်းတွေကို အရင်ထပ်ပိုပြီး တိုးမြှင့်ဆောင်ရွက်ဖို့အတွက်ကို စီစဉ်ထားပါတယ်။ ကျမတို့မှာ ၂၀၁၇ တုန်းက အတွေ့အကြုံရှိပါတယ်။ အတွေ့အကြုံရှိတဲ့အတွက် အချိန်နဲ့ တပြေးညီလွှင့်ထုတ်နဲ့ လုပ်ငန်းတွေကို ဆောင်ရွက်မှာပါ။

မမေခ။ ။ အခုလက်ရှိ နိုင်ငံခြားခရီးသွားတွေနဲ့ ပတ်သက်ပြီး ကျမတို့နိုင်ငံမှာ နိုင်ငံခြားခရီးသွားတွေကို အားပေးနေတဲ့အချိန်ဖြစ်နေတာဆိုတော့ တစုံတရာကာကွယ်ဖို့ ဆရာမတို့ ဘယ်လိုများစီစဉ်ထားပါသလဲ။ နောက်တခုက ကူးစပ်မခံရအောင် ကျမတို့ဘယ်လိုနေထိုင်ရပါမလဲ နောက် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ဆရာမပြောပြပေးလို့ရရင် ပြောပြပါဦး။

ဒေါက်တာဖြူဖြူအေး ။ ။ သာမန်တုပ်ကွေးရောဂါပါပဲ။ ကျမတို့ တော်တော်များများ တုပ်ကွေးတော့ ဖြစ်ဖူးကြတာပေါ့။ တုပ်ကွေးရောဂါလက္ခဏာတွေပဲ နှာမွှန်မယ်၊ ခေါင်းဆိုးမယ်၊ နှာရည်ယိုမယ်၊ ဖျားနိုင်တယ်။ နောက် ကိုယ်တွေ လက်တွေကိုက်ခဲမယ် ခေါင်းကိုက်မယ် အဲဒါတွေဖြစ်မယ်။ H1N1 လို့ ဘယ်အခါမှာ ပြောနိုင်မလဲဆိုတော့ သွေးစစ်ကြည့်တော့မှပဲ သိနိုင်မှာပါ။ အဲဒီမှာ ဆုံးသွားတဲ့လူတွေကို ကြည့်ရင် အသက်ကြီးတဲ့အပိုင်းတွေ ၊ ကိုယ်မှာ နှလုံးရောဂါတို့ ဆီးချိုရောဂါတို့ ဖြစ်နေတဲ့လူတွေ အဲဒီလူတွေကတော့ အထူးပိုပြီးတော့သတိထားဖို့ဖြစ်ပါတယ်။ ဆောင်ရန်ရှောင်ရန်ကတော့ အချက် ၃ ချက် မှတ်ဖို့ပါ။ နံပတ် ၁ ကတော့ အသက်ရှုလမ်းကြောင်းကနေတဆင့် ကူးစပ်တဲ့ရောဂါ ဖြစ်တဲ့အတွက် နှာချေတိုင်း ၊ ချောင်းဆိုးတိုင်း ပါးစပ်နဲ့ နှာခေါင်းကို သေသေချာချာ ဖုံးအုပ်ထားပါ။ နောက်ပြီးတော့ လက်ကို ဆပ်ပြာနဲ့ သေသေချာချာဆေးပါ။ မကြာခဏဆေးနိုင်ရင် အကောင်းဆုံးပါ။ လူစုလူဝေးကို တက်နိုင်သမျှ ရှောင်ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်နေပါလို့ ပြောချင်ပါတယ်။ အဖျားအလွန်ကြီးရင် အသက်ရှုရတာမှာ ပုံမှန်မဟုတ်တော့ပဲနဲ့ အသက်ရှုကျပ်လာမယ် အသက်ရှုခက်ခဲမယ်ဆိုရင် ဒါပြင်းထန်တဲ့ လက္ခဏာပါ။ ဆိုတော့ ကနာမငြိမ်ဖြစ်မယ်၊ သတိလစ်မယ်ဆိုရင်တော့ ပြင်းထန်လက္ခဏာလို့ သတ်မှတ်ပြီးတော့ နီးစပ်ရာဆေးရုံဆေးခန်းကို ချက်ချင်းသွားပြီး ကုသရန်လိုပါတယ်။”

ရောဂါပိုး ကူးစက်မှုအခြေအနေနဲ့ ထိန်းချုပ်ရေးဆောင်ရွက်မှုတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာမြင့်တင်ရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာဖြူဖြူအေး နဲ့ မမေခ ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG