သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 နဲ့ သေဆုံးသူ ၃၁ဦး တိုးလာ


မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါပိုး စတင်ဖြစ်ပွားခဲ့တဲ့ တစ်လတာကြာမြင့်ချိန် ဒီကနေ့အထိ H1N1 ကြောင့် သေဆုံးသူပေါင်း (၃၁) ဦးအထိရှိသွားပြီဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူပေါင်းကတော့ ၃၀၄ ဦးအထိ ကူးစက်ခံနေရပြီး ပိုးရှိတယ်လို့သံသယရှိသူပေါင်းကတော့ ၈၀၀ကျော်သွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဒီ H1N1 ရောဂါပိုးကူးစက်ဖြစ်ပွားနေတဲ့အတွက် တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု မမြန်ဆန်အောင် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝန်ကြီးဌာနအားလုံးက ပူးပေါင်းပြီး ပညာပေးလုပ်ငန်းတွေ H1N1 တုပ်ကွေးရောဂါ ကူးစက်မှုကာကွယ်ရေး လုပ်ငန်းတွေက ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် ပြောပြပေးပါမယ်။

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်ကလွဲလို့ ကျန်ပြည်နယ်နဲ့တိုင်းအသီးသီးမှာ (H1N1) ရာသီတုပ်ကွေးရောဂါကြောင့် ပြီးခဲ့တဲ့လ ဇူလိုင်လ (၂၁)ရက်နေ့ကစလို့ သြဂုတ်လ ၂၁ရက်နေ့အထိ တစ်လတာအချိန် အတွင်းမှာ (H1N1)ရောဂါပိုးကြောင့် သေဆုံးသူလူနာပေါင်းက ၃၁ဦးအထိ ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးက သတင်းထုတ်ပြန်ထားပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ H1N1 ရောဂါပိုးတွေ့ရှိသူ သံသယရှိသူအဖြစ် ဆေးရုံတက်ရောက်ကုသသူပေါင်း (၈၁၆)ဦး ရှိနေပြီး (H1N1) ပိုးတွေ့ရှိတဲ့သူက (၃၀၄)ဦးအထိ ရှိနေပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့အထိ ဒီကနေ့ မွန်းလွဲ ၂ နာရီအထိကတော့ သေဆုံးသူ ၁ ဦး ထပ်တိုးပါတယ်၊ ၃၁ ဦးပေါ့နော်။ ပိုးတွေ့သူပေါင်းကတော့ (၃၀၄)ဦး H1N1 ပေါ့။ ဆေးရုံတက်ရောက်တဲ့သူ ပြင်းထန်အသက်ရှုလမ်းကြောင်း စိုးရိမ်လက္ခဏာနဲ့တက်ရောက်သူပေါင်းကတော့ ၈၁၆ ဦးပါ။”

သြဂုတ်လ ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းကတော့ ရောဂါကူးစက်မှုအဖြစ်အများဆုံးဖြစ်ပြီး ရောဂါလက္ခဏာပြသူပေါင်း ၃၀၀ကျော်အထိရှိပြီး ရောဂါကူးစက်ခံရသူပေါင်းက ၉၀နီးပါး အထိရှိပါတယ်။ ဧရာဝတီတိုင်းကတော့ သေဆုံးသူ ၁၂ဦးအထိ ရှိလို့ သေဆုံးသူဦးရေ အများဆုံးဖြစ်နေပါတယ်။

တစ်လတာကာလအတွင်း အခုလို လူ(၃၁)အထိသေဆုံးခဲ့ရတဲ့ H1N1 ရောဂါပိုးကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ဆောင်ရွက်နေတဲ့ အခြေအနေကိုတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က အခုလိုရှင်းပြပါတယ်။

“အခြားကျနော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ဖြစ်ပွားမှုတွေ နောက်ရာသီတုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ သေဆုံးမှုတွေရှိပါတယ်။ ကျနေ်ာတို့ ရာသီတုပ်ကွေးက moderate transmission ပဲ ပေါ့ ။ ကူးစက်ပြန့်ပွားမှုကလည်း အသင့်အသင့်ပဲရှိတယ်ဆိုတာကို ကျနော်တို့ထုတ်ပြန်ထားတယ်။ ဆေးရုံသွားတာ နောက်ကျတယ် နောက်ပြီးမတတ်ကျွမ်းသူတွေနဲ့ ကုသတာ နောက်ကျနေရင်တော့ ထိရောက်တဲ့ ကုသမှုတွေရှိပေမယ့်လည်း သေဆုံးမှုကတော့ မလွှတ်နိုင်ဘူးပေါ့နော်။ နောက်တခုက ရောဂါအခံရှိတဲ့လူတွေ ၊ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ ၊ အဖိုးကြီးအဖွားကြီးတွေတော့ နည်းနည်းဆုံးတတ်တယ်။”

H1N1 ရာသီတုပ်ကွေးရောဂါပိုးတွေ့ရှိပေမဲ့ တုပ်ကွေးရောဂါကြောင့်မဟုတ်ပဲ အခြားရောဂါအခံကြောင့် သေဆုံးသူပေါင်းကလည်း (၂၀)ဦးအထိရှိ သွားပြီဖြစ်တယ်လို့လည်း ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အခုလက်ရှိနောက်ဆုံး အခြေအနေအထိကတော့ H1N1 ရောဂါပိုးတွေ့ရှိတဲ့လူနာတွေထဲက အတွင်းလူနာတွေကို ဝေဘာဂီအထူးကုဆေးရုံကြီးနဲ့ အခြားတိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ဆေးကုသပေးနေပြီး ပြင်ပလူနာတွေကိုလည်း စနစ်တကျကုသမှုပေးနေပါတယ်လို့လည်း ကျန်းမာရေးဦးစီးဌာန ဒုညွှန်ချုပ်က ပြောပါတယ်။

“ဝေဘာဂီဆိုရင် အခုဆိုရင် ၂ ယောက် ပဲရှိတော့တယ်။ အခြားတိုင်းနဲ့ ပြည်နယ်ဆေးရုံတွေမှာ အတွင်းလူနာ ၃၄ ဦး စုစုပေါင်း ၃၆ ဦး ဆက်လက်ကုသမှု ခံယူနေတယ်။ ကောင်းမွန်ပြီးဆေးရုံက ဆင်းသွားတာ ၂၀၁ ဦး ၊ ပြင်ပလူနာက ၁၆ ဦးပေါ့နော် ဆိုတော့ ပိုးတွေ့တိုင်းလည်း မစိုးရိမ်ရဘူး ၊ ဆေးရုံမှာ အကောင်းလိုက်ဆင်းသွားတာ ၂၀၁ ဦး။ ပြင်ပလူနာအနေနဲ့ပဲ သွားသွားလာလာကုသွားတာ ၁၆ ဦးဆိုတော့ အခုတဖြေးဖြေးနဲ့ လျှော့လာပြီဆိုတာ ပြပါတယ်။”

တုပ်ကွေးရောဂါဖြစ်ပွားနေတယ်လို့သံသယရှိရင် ပြည်သူတွေအနေနဲ့ ချက်ခြင်း ပြည်သူ့ဆေးရုံတွေဆီကို အမြန်ဆုံးကုလမှု လာရောက်ခံယူကြဖို့လည်း ဒေါက်တာသန်းထွန်းအောင်က ပြည်သူကိုတိုက်တွန်းပါတယ်။

“အဲဒီတော့ လူထုက သတိထားရမယ့်အချက်၊ ဆောင်ရန်၊ ရှောင်ရန်လို့ ကျနော်တို့ ထုတ်ပြန်ထားတာလေးတွေကို လုပ်ဖို့လိုပါတယ်။ ဒီရာသီတုပ်ကွေးသည် နောက်နှစ်တွေမှာလည်းရှိဦးမယ်၊ ကျနော်တို့ Environment ထဲမှာ ဒီပိုးက ၂၀၀၉ ကတည်းကနေ ဆက်တိုက်ရှိလာခဲ့တယ်။ ၂၀၁၇ မှာတော့ နည်းနည်းလေး ပြင်းထန်မှုလေးရှိလာတယ်၊ အဲဒီတော့ ပြည်သူလူထုအနေနဲ့ကတော့ မိမိမှာ ဒီတုပ်ကွေးလက္ခဏာခံစားရတယ်ဆိုတာကို သံဿယရှိရင် နီးစပ်ရာဆေးရုံတွေကို အချိန်မှီသွားရောက်ကုသခံယူဖို့လိုတယ်။ ၄၈ နာရီ အတွင်းကုရင် သူကလုံးဝကောင်းတယ် ၊ ၄၈ နာရီ အတွင်းဆေးရုံရောက်မယ်၊ ဆေးသောက်မယ် ၅ ရက်သောက်ရာမှာ သောက်လိုက်ရင် လုံးဝလည်းကောင်းတယ်၊ တခြားလူ ကူးစက်မှုလည်း လျော့သွားတယ်။ အဲဒီတော့ မိမိကိုယ်တိုင်ကစပြီးတော့ ကာကွယ်ရေး၊ ကျန်းမာရေး အသိပညာပေး နိုးဆော်ချက်တွေကိုလိုက်နာဆောင်ရွက်ဖို့လိုတယ်။ အိမ်ထောင်စုတိုင်း အိမ်ထောင်စုတိုင်း မိသားစုတိုင်း တဦးချင်း တယောက်ချင်းအလိုက် လိုက်နာမယ်။ လူထုအဖွဲ့အစည်းတွေကလည်း ပညာပေးမယ်။ အကုန်လုံး လိုက်နာမယ်ဆိုရင် ဒီရောဂါက ချက်ချင်းကျသွားမယ်။”

ကျန်းမာရေးဝန်ကြီးဌာနနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနအားလုံးနဲ့ ပူးပေါင်းပြီး H1N1 တုပ်ကွေးရောဂါကူးစက်မှုကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပါတယ်။ အထူးသဖြင့် ရေဘေးကူညီကယ်ဆယ်ရေးစခန်းတွေနဲ့ အများပြည်သူ လှုပ်ရှားသွားလာနေတဲ့ လူနေထူထပ်တဲ့နေရာတွေမှာ H1N1 တုပ်ကွေးရောဂါ ပညာပေးလုပ်ငန်းတွေနဲ့ ကျမ်းမာရေး အထောက်အကူပစ္စည်းတွေကို ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 ((Seasonal Influenza A (H1N1) ) ဗိုင်းရပ်စ်ရောဂါပိုး ဖြစ်ပွားနေဆဲအခြေအနေ၊ ပြည်သူတွေအကြား ကြိုတင်ကာကွယ်နိုင်ရေးနဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့ ဆရာဝန်ကြီးတွေ၊ ဆေးပညာရှင်တွေ ပြည်သူ့ကျမ်းမာရေး ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးသမားတော်တွေ စုပေါင်းပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဇန်နဝါရီလ(၁) ရက်နေ့ကနေ သြဂုတ်လ (၂၀) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာအပါအဝင် တရုတ်၊ အိန္ဒိယ၊ နီပေါလ်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ မလေးရှား၊ ဘူတန်၊ အင်ဒိုနီးရှားနိုင်ငံတွေမှာ H1N1 ရောဂါပိုး အမျိုးအစားတူ ကူးစက်ရောဂါဖြစ်ပွားနေတာဖြစ်ပါတယ်။

H1N1 နဲ့ သေဆုံးသူ ၃၁ဦး တိုးလာ
please wait

No media source currently available

0:00 0:04:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG