ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းအစီအစဉ်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးရောဂါ ကူးစက်ပြန့်နံှမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ ကာကွယ်တားဆီးနိုင်ဖို့အတွက် WHO – World Health Organization - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ လက်တွဲပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ WHO အဖွဲ့ ဌာနေကိုယ်စားလှယ်က VOA ကို ပြောပါတယ်။ လူရာဂဏန်း ရောဂါပိုးရှိကြောင်း အတည်ပြုထားပြီး၊ သေဆုံးသူ အနည်းဆုံး (၁၄) ဦး ရှိပြီဖြစ်တဲ့ ဒီတုပ်ကွေးရောဂါကို လိုတာထက်ပိုပြီး အစိုးရိမ်မလွန်ကြဖို့ WHO က တိုက်တွန်းသလို၊ ကူးစက်ပြန့်နံှကာကွယ်နိုင်အောင် လက်ကို အမြဲသန့်ရှင်းထားပြီး ဆေးကြောဖို့ကိုလည်း အကြံပေးပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ WHO ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost ကို ရန်ကုန်ရုံးချုပ်မှာ VOA က ဒေါ်ခင်မျိုးသက် က သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခုလို VOA ကို မေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ် Dr. Stephan Paul Jost. အခု မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးရောဂါ ကူးစက်ခံရတာတွေ၊ သေဆုံးတာတွေ ရှိနေတာမို့ မြန်မာလူထုက သိပ်ကိုစိုးရိမ်နေပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး အန္တရာယ် အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတာကို ပြောပြပေးပါရှင့်။
Dr. Jost ။ ။ ကျနော်ကလည်း အခုလို ဖြေကြားခွင့်ရသည့်အတွက် ကျေးဇူးတင်ပါတယ်။ တုပ်ကွေးရောဂါက အသက်ကိုပါ အန္တရာယ် ရှိလာနိုင်တဲ့အတွက် တကယ့်ကို အလေးအနက်ထားရတဲ့ရောဂါ တမျိုးအနေနဲ့ လူတွေ သိပ်ကိုစိုးရိမ်နေကြမယ်ဆိုတာကို ကျနော် နားလည်ပါတယ်လို့ အသေအချာ ပြောပါရစေ။ ဒါပေမဲ့ လိုတာထက်ပိုပြီးတော့ မစိုးရိမ်ကြဖို့တော့ ပြောချင်ပါတယ်။ လူသားတိုင်းဟာ ဗိုင်းရပ်စ်ပိုး တမျိုးမဟုတ်တမျိုးရဲ့ အန္တရာယ်ကို အချိန်နဲ့အမျှ ကြုံကြရတာ ဖြစ်ပြီးတော့ တယောက်နဲ့တယောက် ဒီရောဂါပိုးကို ခုခံတဲ့နေရာမှာတော့ ကွာခြားတတ်ကြပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံမှာ H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်မှု ရှိနေတာမို့ လူတွေစိုးရိမ်ကြမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဝမ်းသာစရာကောင်းတာက ဒီရောဂါ ဖြစ်ပွားတဲ့အချိန်နဲ့အညီ ထိန်းချုပ်နိုင်ဖို့ အတော်များများကို ကျနော်တို့အတူ လက်တွဲပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ လုပ်နေနိုင်တာပါ။
ဒေါ်ခင်မျိုးသက် ။ ။ အခုလို ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လုပ်ဆောင်နေတဲ့အထဲမှာ မနေ့က တနင်္ဂနွေနေ့တုန်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာဦးမြင့်ထွေး ဦးဆောင်တဲ့ ပြည်တွင်းပြည်ပ ပညာရှင်တွေ ဆွေးနွေးပွဲကို Dr. Jost တက်ရောက်ပြီး ဆွေးနွေးခဲ့တယ်ဆိုတာကို သိရပါတယ်။ ဘာအကြောင်းအရာတွေများ ဆွေးနွေးဖြစ်ပါသလဲရှင့်။
Dr. Jost ။ ။ ဟုတ်ပါတယ်။ ဆွေးနွေးဖြစ်ပါတယ်။ ငါးနာရီအချိန် ကြာပါတယ်။ ဆွေးနွေးတာက ပူးပေါင်းဆောင်ရွက်ဖို့ပါ။ ဝန်ကြီးက ကျနော်တို့ WHO ကို ဖိတ်ကြားတဲ့အတွက် ဝမ်းသာပါတယ်။ ရောဂါဖြစ်ပွားနေဆဲ အခြေအနေ၊ ပြည်သူတွေကြားမှာ ကြိုတင်ကာကွယ်ဖို့နဲ့၊ ထိန်းချုပ်နိုင်ဖို့အတွက် ဌာနဆိုင်ရာ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆွေးနွေးကြတာပါ။ ဆေးရုံဆေးခန်းတွေက ကုသရေးဆိုင်ရာမှာ၊ ကာကွယ်ရေးဆိုင်ရာမှာ ပူးပေါင်းလုပ်ဆောင်ဖို့ပါ။ WHO အနေနဲ့ တနင်္လာနေ့ ဒီရောဂါ ဖြစ်ပွားတာကို သိလာကတည်းက နေ့စဉ်လိုလို အကူအညီတွေ ပေးနေပါတယ်။ ဇူလိုင်လ (၂၄) ရက်နေ့ တနင်္လာနေ့ကတည်းက စခဲ့တာပါ။ ဒီတပတ်အတွင်းမှာ အတော်များများ လုပ်ပေးနိုင်ခဲ့ပါတယ်။ ဝန်ထမ်းတွေအတွက်၊ လူထုနဲ့ ဆက်သွယ်ဆောင်ရွက်နေတာအပြင် ရောဂါမပြန့်ပွားအောင် ကာကွယ်ရေးတွေကိုပါ မြန်နိုင်သမျှ အမြန်ဆုံးလုပ်ဖို့ အကူအညီတွေ ပေးနိုင်ခဲ့ပါတယ်။ တုပ်ကွေးရောဂါဟာ ရာသီအလိုက် ဖြစ်တာပါ။ အခုအချိန်ဟာ မုတ်သုန်ရာသီထဲမှာပါ။ မြန်မာနိုင်ငံမှာ ဒီအချိန်မှာဆို ဒီရောဂါအများဆုံး ဖြစ်တတ်သလို၊ ဒီလို တုပ်ကွေးရောဂါ အဖြစ်များမယ်ဆိုတာကို တကယ်တော့ အားလုံးကပဲ မျှော်လင့်ထားပြီသားပါ။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း အလားတူပါပဲ။ အဲဒီဒေသတွေမှာဆိုရင် မြန်မာနိုင်ငံထက် H1N1 ရောဂါ ပိုကူးစက်နေတဲ့ အရေအတွက် ပိုပြီးတော့ များနေတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ဒီရောဂါ ဖြစ်ပွားတာ စိတ်ပျက်စရာ မလိုသလို၊ လိုတာထက် ပိုပြီးတော့လည်း ပူပန်ဖို့ မသင့်ပါဘူး။
ဒေါ်ခင်မျိုးသက် ။ ။ မြန်မာအစိုးရဘက်က WHO ကို စာပေးပို့ပြီးတော့ အကူအညီတောင်းတာ ဗုဒ္ဓဟူးနေ့မှလို့ သိထားပါတယ်။ ဒါကြောင့် အခုလို အချိန်တိုအတွင်းမှာ WHO က ဘယ်လို အကူအညီတွေ ပေးနေတယ်ဆိုတာကို သိပါရစေရှင့်။
Dr. Jost ။ ။ အခုလိုမေးတာကို ကျေးဇူးတင်ပါတယ်။ ဒါဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်။ WHO က ဒီရောဂါ ထိန်းချုပ်ဖို့အတွက် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးနေပါတယ်။ တကယ်တော့ ဒီရောဂါ ဖြစ်နေတာကို သိလာတဲ့ လွန်ခဲ့တဲ့ တနင်္လာနေ့ကတည်းက စပြီးတော့ ပေးနေတာပါ။ ဗုဒ္ဓဟူးနေ့မှာတော့ အစိုးရဘက်က တာဝန်ရှိသူတွေရဲ့ ပန်ကြားတာတွေနဲ့အတူ ဒီရောဂါနဲ့ သင့်လျော်တဲ့ ကာကွယ်ဆေးတွေ ပေးနိုင်ဖို့ ဓါတ်ခွဲခန်း စမ်းသပ်မှုမျိုး နည်းပညာအကူအညီတွေကို ပေးနေပါပြီ။ ဒါ့အပြင် ရောဂါကူးစက်မှုကို ကာကွယ်နိုင်ဖို့ .. ဥပမာ လက်ကို ဆပ်ပြာနဲ့ ဆေးကြဖို့ပါ။ အဓိက တကိုယ်ရေ ကာကွယ်မှုကို လုပ်နိုင်တဲ့ အနေအထားပေါ် မူတည်ပြီးတော့ ကူးစက်မှု ခံရတဲ့ အခြေအနေတွေက ကွာသွားနိုင်ပါတယ်။ နောက်ပြီးတော့ H1N1 လို လူအချင်းချင်း ကူးစက်တာတင်မကဘဲနဲ့ H5N1 လို တိရစ္ဆာန်တွေကတဆင့် ကူးစက်တဲ့ ရောဂါတွေပါ ရှိနေတာမို့ သတိထားဖို့ိကို တိုက်တွန်းနေပါတယ်။ ကြက်တွေမှာ ဒီရောဂါ ဖြစ်တာကို တွေ့ရသလို၊ လူတွေမှာဖြစ်တဲ့ H1N1 ကြောင့် သေဆုံးရတာတွေလည်း ရှိနေတာပါ။ ကမ္ဘာနဲ့တဝှမ်းမှာ တုပ်ကွေးအမျိုးမျိုးကြောင့် သေဆုံးရသူအပေါင်းက နှစ်စဉ် လေးသိန်းနီးပါး ရှိနေတာမို့ ဒီရောဂါက နိုင်ငံတိုင်းအတွက် ဒီရာသီရောက်တိုင်း ကြုံနေရတဲ့ ပြဿနာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ H1N1 ရောဂါအတွက် အခုညမှာလည်း WHO ရဲ့ ဒေသအတွင်း ဗဟိုဌာနချုပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီရုံးနဲ့ ဂျနီဗားက WHO ဌာနချုပ်တို့နဲ့ ကျနော်တို့ ဆက်သွယ်ပြီးတော့ အပြန်အလှန်သုံးသပ်မှုတွေ ရှိတဲ့အတွက် မက်ဖက်အဖွဲ့တွေနဲ့လည်း ဆက်ပြီးတော့ လက်တွဲလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ မြန်မာနိုင်ငံဟာ ကိုယ်တိုင်အတော်လေး ကြိုးစားရုန်းကန်နေရဆဲ ဖြစ်ပေမယ့် ဒီရောဂါအတွက် တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ သိပ်ကို မြန်ဆန်လွန်လှပါတယ်။ တကယ်တော့ လုပ်ရမယ့် လုပ်ငန်းက သိပ်ကို ကြီးမားတာမို့ WHO အနေနဲ့ အကူအညီတွေ အများကြီး ဆက်သွယ်ဖို့ကောင်းတဲ့ စနစ် - ဒါကလဲ သိပ်ကိုအရေးကြီးပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခုဆက်ပြီး မေးချင်တာက ကာကွယ်ဆေးအကြောင်းပါ။ WHO က အကူအညီတွေ ပေးနေတယ်လို့ သိရပါတယ်။ အခု ဓါတ်ခွဲခန်းစမ်းသပ်မှု အကူအညီပေးနေတာရဲ့ နောက်ဆုံး အခြေအနေလေးကို သိပါရစေ။
Dr. Jost ။ ။ ရောဂါပိုးကို စမ်းသပ်ဖို့အတွက် WHO ရဲ့ ပိုးနမူနာ စုဆောင်းတဲ့ ဗဟိုဌာနရှိရာ ဂျပန်နိုင်ငံကို ဒီက ပိုးနမူနာ အမြောက်အမြား ပို့ပေးထားပါတယ်။ ဒါ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ရောဂါပိုးရဲ့ မျိုးဗီဇကို စစ်ဆေးဖို့ပါ။ အခုထိတော့ ဓါတ်ခွဲခန်းအဖြေ မသိရသေးပါဘူး။ ဒါပေမဲ့ သိအောင်လို့ အမြန်ကြိုးစားနေကြပါတယ်။ ဒီရောဂါအတွက် လက္ခဏပြဖို့ နှစ်ရက်ကနေ ခုနှစ်ရက်အထိ အချိန်ယူတတ်တာမို့ မကြာခင်မှာပဲ ရောဂါဖြစ်ပွားသူဦးရေ ပိုတိုးလာနိုင်ချေ ရှိတယ်လို့ WHO က ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို သတိပေးထားပါတယ်။ ရာသီတုပ်ကွေးရောဂါတွေအတွက် ဖြေဆေးအမျိုးအစားက H1N1 အပါအဝင် သုံးမျိုး ရှိပါတယ်။ ကမ္ဘာတဝှမ်း ဒီလို တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေတာ အတော်ကြာပါပြီ။ ဒီအထဲမှာ မြန်မာနိုင်ငံက ဖြစ်ပွားတဲ့ ပိုးတမျိုးဟာ အရင်ရှိပြီးသား ပိုမျိုးတွေနဲ့ ဘယ်လောက်အထိ နီးစပ်ဆုံး၊ တူညီတယ်ဆိုတာကို စမ်းစစ်ရမှာပါ။ ဒါမှ ထိရောက်တဲ့ ကာကွယ်ဆေးတွေ ထုတ်နိုင်မှာမို့ မျိုးဗီဇကို သေသေချာချာသိအောင် လုပ်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရာသီတုပ်ကွေးအတွက် ကာကွယ်ဆေးထိုးဖို့ WHO က အကြံမပေးပါဘူး။ အရေးကြီးတာတခုက တုပ်ကွေးကာကွယ်ဆေးကို လူတိုင်းထိုးရမယ်လို့ WHO က အကြံပေး မလိုပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေ အသက်ငါးနှစ်အောက် ကလေးတွေနဲ့ ခုခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေအပြင် ရောဂါပိုးရှိသူတွေကို ပြုစုလုပ်ပေးရတဲ့ ဆေးဝန်ထမ်းတွေအတွက် ကာကွယ်ဆေးထိုးတာဟာ သင့်တော်ပေမယ့် လူတိုင်းအတွက်တော့ မလိုအပ်ပါဘူး။ အခုလို လူထုကျန်းမာရေးဆိုင်ရာမှာရော၊ ကုသရေးဆိုင်ရာမှာပါ အစိုးရတာဝန်ရှိသူတွေနဲ့ အနီးကပ် လက်တွဲပြီးတော့ လုပ်ဆောင်နေသလို။ ဒီရောဂါနဲ့ တခြားကူးစက်ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက်လည်း WHO က ကူညီနေပါတယ်။ ရှင်းရှင်းပြောရရင် လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ဆေးတာဟာ ထိရောက်ဆုံး ကာကွယ်နိုင်တာပါ။ ဆပ်ပြာလွယ်လွယ်ကူကူ မရရင် ပိုးသတ်ဆေးရေနဲ့ သုတ်ပေးတာက အတော်လေးကို ကာကွယ်ပေးနိုင်ပါတယ်။
အထူးသဖြင့် အစားအသောက်ကို မကိုင်ခင်မှာ လက်ကိုစင်ကြယ်အောင် လုပ်ပေးဖို့ပါ။ နှားခေါင်းနဲ့ ပါးစပ်တွေကို ပိတ်စီးတာတွေကတော့ လူနာနဲ့ ထိတွေ့သူ၊ သူနာပြုတွေအတွက် ပိုကောင်းပါတယ်။ ရှင်းရှင်းပြောရရင် လက်ကိုဆပ်ပြာနဲ့ သေသေချာချာ ဆေးတာဟာ အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။ ဆပ်ပြာလွယ်လွယ်ကူကူ မရရင် ပိုးသတ်ဆေးရေနဲ့ သုတ်ပေးတာက အတော်ကို အကာအကွယ်ပေးနိုင်ပါတယ်။ ဒီလို ကာကွယ်နိုင်တာကို အားလုံးကို သိစေချင်ပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ကျမတို့ကို H1N1 ပိုး အလွယ်တကူ မကူးအောင် ဘာတွေလုပ်နိုင်တယ်ဆိုတာကို ရှင်းပြတာနဲ့ တချိန်တည်းမှာပဲ အိမ်နီးချင်းနိုင်ငံတွေ ခရီးသွားတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုတွေအတွက် ဘယ်လို လုပ်သင့်ပါလဲရှင့်။
Dr. Jost ။ ။ ဒီအချက်က သိပ်ပြီးတော့ သတိထားစရာ ကောင်းသလို၊ ဒါကို ကျနော်တို့ သေသေချာချာ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံအတွက် ဝင်ပေါက်ထွက်ပေါက်တွေဖြစ်တဲ့ လေဆိပ်၊ ရေဆိပ်၊ နယ်ခြားဂိတ်တွေမှာ သေသေချာချာ စောင့်ကြည့်ဖို့ လိုအပ်တဲ့အတိုင်း မြန်မာအစိုးရပိုင်းက လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံတနိုင်ငံထဲကလုပ်လို့ မရပါဘူး။ နိုင်ငံတိုင်းက လုပ်ရမှာပါ။ ဒီလိုလုပ်ဆောင်ဖို့ WHO က အကြံပေးထားပါတယ်။ ကြိုတင်ကာကွယ်မှုနဲ့ ပတ်သက်ပြီး ပြောရရင် ရောဂါပြန့်နံှမှုအတွက် စောင့်ကြည့်ပေးနေတာနဲ့ တချိန်တည်းမှာ လက်ကိုဆပ်ပြာနဲ့ဆေးတာမျိုးနဲ့ ကာကွယ်နိုင်သလို လက်ကိုပိုးသတ်ဆေးနဲ့ ပွတ်ပေးဖို့ နှားမချေးခင်မှာ ပါးစပ် နှားခေါင်းတွေကို နှားခေါင်းစီးလို့ဟာမျိုး တခုခုနဲ့ ဖုံးကာတဲ့အကျင့်လုပ်ဖို့ ဒါတွေဟာ လူတိုင်းလုပ်သင့်တဲ့ အလုပ်ပါ။ ဒါဟာ လူတိုင်းအတွက်ပါ။ လူမျိုးမရွေး အသားရောင်မရွေး အဆင့်အတန်းမရွေး လိုက်နာသင့်ပါတယ်။ ဘယ်သူမှ ပိုးပီတဲ့လူဆိုတာ တယောက်မှ မရှိပါဘူး။ လူတိုင်းမှာ ဖြစ်နိုင်တာမို့ ကြိုတင်ကာကွယ်မှုဟာ သိပ်ကိုအရေးပါပါတယ်။
ကိုယ်ခန္ဓာ ခုခံအားကောင်းအောင် အိပ်ရေးဝဖို့၊ သင့်တော်တာတွေစားဖို့ ခန္ဓာကိုယ်အတွင်းမှာ ရေဓါတ် မချို့တဲ့အောင် ရေသောက်ပေးဖို့အပြင် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားဖို့လည်း အကြံပေးလိုပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် Dr. Jost ကို ကျေးဇူးအထူးတင်ပါတယ်။
Dr. Jost ။ ။ ကျေးဇူးတင်ပါတယ်။