သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ဗိုင်းရပ်စ်ပိုးတွေ့သူ ၈၀ နီးပါးရှိ


H1N1 ရာသီတုပ်ကွေးကာကွယ်မှုများ ကျောင်းအတွင်းလုပ်ဆောင်နေ
H1N1 ရာသီတုပ်ကွေးကာကွယ်မှုများ ကျောင်းအတွင်းလုပ်ဆောင်နေ

မြန်မာနိုင်ငံမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၇၆ဦး ရှိသွားပြီ ဖြစ်ပြီး ဒီရောဂါနဲ့ သေဆုံးသူ ၁၂ ဦး ရှိသွားပါပြီ။ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ အရေအတွက် တိုးလာနိုင်ပေမယ့် သေဆုံးမှုနှုန်း ကို လျှော့ချနိုင်ဖို့ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ရောဂါ လက္ခ ဏာပြဖို့ ၂ရက်ကနေ ၇ရက်အထိ အချိန်ယူတတ်တာမို့ မကြာခင်မှာ ရောဂါဖြစ်ပွားသူအဖြစ် အတည်ပြုနိုင်သူ အရေအတွက် တိုးလာနိုင် ခြေရှိတယ်လို့ ပြောဆိုထားတာပါ။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးမှာပါ။

သြဂုတ်လ ၁ရက်နေ့အထိ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားတယ်လို့ အတည်ပြုနိုင်တဲ့ လူနာ ၇၆ဦး ရှိသွားပြီဖြစ်ပြီး ဒီရောဂါနဲ့ သေဆုံးသူ ၁၂ဦးရှိသွားပါပြီ။ H1N1 ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေ အပါအ ဝင် ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ ဆေးရုံတက်နေသူ စုစုပေါင်း ၂၄၅ရှိသွားပြီလို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ဇူလိုင် ၂၁ ရက်ကနေပြီးတော့ ၁ ရက် ၈ လ ၂၀၁၇ မွန်းလွဲ ၂ နာရီအထိတော့ H1N1 ပိုးတွေ့သူပေါင်း ၇၆ဦး ရှိပြီး၊ သေဆုံးသူ ၁၂ ဦးရှိပါတယ်။ ပြင်းထန်အဆုတ်ရောင်နဲ့ ဆေးရုံတက်ရောက်တာကတော့ ၂၄၅ ဦးရှိပါတယ်။ ဆေးရုံကနေ ဆင်သွားတာပေါ့နော် ပျောက်ကင်းသွားတဲ့လူကတော့ ၁၃ ဦးရှိပါတယ်။”

H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လူနာအများစုကို ကနဦးပိုင်းက ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝ တီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ တွေ့ရှိထားတာဖြစ်ပြီး လက်ရှိမှာတော့ တနင်္သာရီတိုင်း၊ နေပြည် တော်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းတို့မှာ H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေ ရှိလာပါ တယ်။

မြန်မာနိုင်ငံမှာ H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ အတည်ပြုနိုင်တဲ့ လူနာတွေတိုးလာနိုင်ပေမယ့် ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်ဖို့ ဦးစားပေး လုပ်ဆောင်သွားမယ်လို့ ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

“တိုးလာနိုင်တယ်ဆိုတာကတော့ စစ်ရင်တော့ ကျနော်တို့ တွေ့မှာပေါ့နော် ရှာဖွေလေတွေ့ရှိလေပေါ့ တကယ်တမ်းဆိုရင် WHO စာရင်းဇယားအရဆိုရင် အခုဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာရော ရောဂါပိုးက လူဦးရေ ၁၀၀မှာ ၂၀ ရာခိုင်နှုန်းလောက်က H1N1 ပိုးရဲ့ antibody ရှိပါတယ်။ ထိုင်းနိုင်ငံတွေမှာလည်း လူ၁၀၀မှာ ၂၀ ရာခိုင်နှုန်းလောက်က already infected ပေါ့ ရောဂါပိုးကူးစက်ခံရပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က တိုးလာမလားဆိုတော့ ပိုးတွေ့လာရင်တိုးမယ်၊ ဒါပေမယ့် သေဆုံးတာကို လျှော့ချဖို့ပါပဲ အရေးကြီးပါတယ်။ ပိုးတွေ့လူနာများလာ တာက ကြောက်စရာမဟုတ်ပါဘူး။ သေဆုံးလူနာ လျှော့ချဖို့ပါပဲ ဦးစားပေးရမှာဖြစ်ပါတယ်။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ကတော့ H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ရောဂါ လက္ခဏာပြဖို့ ၂ရက်ကနေ ၇ရက်အထိ အချိန်ယူတတ်တာမို့ မကြာခင်မှာ ရောဂါဖြစ်ပွားသူ ဦးရေ တိုးလာနိုင်ခြေရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကို သတိ ပေးထားကြောင်း ပြောဆိုထားတာလဲ ရှိပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 အတွက် ကျန်းမာရေးဝန်ကြီးဌာနထံကို SML ရောဂါ ရှာဖွေရေးဌာနက လှူဒါန်းထားတဲ့ ကာကွယ်ဆေး ၃၀၀၀ရောက်ရှိနေပြီး အိန္ဒိယအစိုးရကလဲ ကာကွယ်ဆေး လှူဒါန်းဖို့ရှိ နေပါတယ်။ အဲ့ဒီကာကွယ်ဆေးတွေကို လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ရောဂါ အခံ ရှိသူတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ဦးစားပေး ထိုးပေးသွား မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

Influenza A(H1N1) pdm09 ဗိုင်းရပ်စ်ပိုးဟာ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ရာသီတုပ်ကွေးရောဂါ Seasonal Flu H1N1 အနေနဲ့ ဆက်လက်ပြန့်ပွားနေတာပါ။ မြန် မာပြည်မှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ အတွင်း ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၄၅၀ကျော် ရှိခဲ့ ပြီး အခု ၂၀၁၇ နှစ်မှာမှ H1N1 နဲ့ လူသေဆုံးမှုရှိကြောင်း တွေ့ရှိရတာလည်း ဖြစ်ပါတယ်။

ဒီရောဂါ ထိန်းချုပ်နိုင်ဖို့နဲ့ ကာကွယ်တားဆီးနိုင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာအစိုးရ တာဝန် ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးနေသလို လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက် အဖွဲ့အစည်း တွေကလဲ ကျန်းမာရေး အသိပညာပေးမှုတွေ သူ့နည်းသူ့ဟန်နဲ့ လုပ်ဆောင်နေတာလည်း ရှိပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 ကို ကာကွယ်ဖို့ လူထုအတွက် အကောင်းဆုံး နည်းလမ်းကတော့ လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ခဏခဏ ဆေးပေးဖို့ ဒါမှမဟုတ် လက်ဆေး ပိုးသတ်ဆေးရည် လိမ်းပေးဖို့ ဖြစ်ပါတယ်။ နှာခေါင်းစည်း Mask တွေကတော့ လူနာနဲ့ ထိတွေ့သူတွေ၊ သူနာပြုတွေနဲ့ ရောဂါ ဖြစ်ပွား သူ လူနာအတွက်သာ အထူးသင့်လျော်တယ်လို့ WHO က အကြံပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG