သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ကူးစက်မှုထိန်းချုပ်ဖို့ အနည်းဆုံးတလ အချိန်ယူရနိုင်


အခု ဇူလိုင်လထဲမှာပဲ တနိုင်ငံလုံးမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၂၀ယောက်ရှိပြီး ဒီရောဂါကြောင့် သေဆုံးသူ ၃ဦးရှိသွားပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောလိုက်ပါတယ်။ ဒီက နေ့ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းက H1N1 ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးက လူနာတဦး ထပ် ပြီး သေဆုံးသွားပြီး ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အနည်းဆုံး တလလောက် အချိန်ယူရအုံးမှာ ဖြစ်တယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ သတင်း အ ပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

ဒီကနေ့ ဇူလိုင်လ ၂၆ရက်နေ့ မနက်ပိုင်းက ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီး က လူနာတဦး ထပ်သေဆုံးသွားခဲ့ပြီး အခု ဇူလိုင်လထဲမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုး ကူး စက်ခံရသူ အယောက် ၂၀ရှိသွားပြီလို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“အားလုံး H1N1တွေ့ပြီပေါ့နော် အခု ဇူလိုင်လထဲမှာ။ H1N1က အယောက် ၂၀၊ H2N2 ဆိုတာရှိသေးတယ် အဲဒါ Seasonal flue ပဲ extreme မဟုတ်ဘူး။ ဒီ H1N1က အယောက် ၂၀ ပဲ။ ဒီကနေ့ ရန်ကုန်ဆေးရုံကြီးမှာ ဖျာပုံက ဆုံးသွားပါတယ်။ ဧရာဝတီက ပို့လိုက်တဲ့ဟာ အဲဒါပါပဲ ၃ ယောက်ပါပဲ ။ ချင်းပြည်နယ်မှာ ဆုံးတဲ့ကလေးက ပိုးမတွေ့ဘူး။ သတင်းထုတ်ပြန်ထားတဲ့ မတူပီက ဆုံးတဲ့ ၁ယောက်ကတော့ ပိုးမတွေ့ပါဘူး။”

ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် သေဆုံးသူ ၃ဦးရှိသွားပြီဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ကနဦး ပိုင်းက ထုတ်ပြန်ခဲ့သလို ချင်းပြည်နယ် မတူပီမြို့ က လူနာ ကလေးငယ်ဟာ H1N1 ကြောင့် သေဆုံးခဲ့ တာ မဟုတ်ဘူး လို့ ဆိုပါတယ်။ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ အနည်းဆုံး ၁လ လောက် အချိန်ယူရမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

“ထိန်းချုပ်အောင် ဘယ်လောက်လိုမလဲဆိုတော့ အနည်းဆုံး ၁လ လောက်တော့ကြာဦးမယ်။ လူ၁ ယောက် ၁ ယောက်ကို ၁၀ ရက်လောက်စောင့်ကြည့်ရတယ်ဆိုတော့ အနည်းဆုံး ၁လ လောက်တော့ ကျနော်တို့ ကြိုးစားပြီးတော့ လုပ်ကြည့်ရဦးမယ်။”

လက်ရှိမှာ H1N1 ဗိုင်းရပ်စ်ပိုး ကူစက်ခံထားရတဲ့လူနာတွေကို ချင်းပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ တွေ့ရှိထားတာဖြစ်ပါတယ်။ Influenza A(H1N1) pdm09 ဗိုင်းရပ်စ်ပိုးဟာ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ရာသီတုပ်ကွေးရောဂါ Seasonal Flu H1N1 အနေနဲ့ ဆက်လက်ပြန့်ပွားနေတာပါ။

မြန်မာပြည်မှာတော့ ဒီရောဂါဟာ ၂၀၀၁ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုလို လူသေ ဆုံးတာမျိုး မရှိခဲ့ပါဘူး။ ဒီနှစ်ထဲ ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူတွေကို စစ်ဆေးကြည့်တဲ့အခါ H1N1 ဗိုင်းရပ်စ်ပိုး တခုတည်းကြောင့်မဟုတ်ဘဲ ဘတ်တီးရီးယား နမိုးနီးယားရောဂါကြောင့်ပါ ဖြစ်နိုင် ကြောင်း ကောက်ချက် ချနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာ ထွန်းကျော် က ပြောပါတယ်။

“သေဆုံးရခြင်းသည်H1N1ကြောင့်ရယ်လို့ ကံသေကံမ ပြောဖို့ အခက်အခဲရှိပါတယ်။ ဘတ်တီးရီးယား နမိုးနီးယားရောဂါကြောင့်ရယ်လို့ သေဆုံးရတာလည်းလို့ပြောဖို့ ကျနေ်ာတို့မှာ အကြောင်းအချက်တွေက ကျနော်တို့ဘက်မှာ အချက်အလက်တွေနဲ့ ရှိပါတယ်ခင်ဗျ။ H1N1 positive တော့ဖြစ်ပါတယ်။ သို့သော်လည်းH1N1 တခုတည်းကြောင့်လို့တော့ သေဆုံးတာမျိုး မဟုတ်ဘူးလို့ပဲ ကျနော်တို့ အဲလိုသုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြား ဘတ်တီးရီးယားပိုးတွေလည်း သေဆုံးသွားတဲ့ လူနာတွေဆီကနေရော ၊ အခုဆေးရုံတက်နေတဲ့ လူနာတွေဆီကနေရော ကျနော်တို့ အများကြီးတွေ့ရပါတယ်ခင်ဗျ။ ဒါကြောင့် ဒီ နမိုးနီးယားသည် ဘတ်တီးရီးယား နမိုးနီးယား အများဆုံးဖြစ်နေတာ ကျနော်တို့ တွေ့ရပါတယ်။”

ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ နည်းပညာ အထောက် အကူရယူပြီး ဆောင်ရွက်နေသလို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံကြီးနဲ့ အခြား ပြည်သူ့ဆေးရုံတွေမှာလည်း H1N1 ကူးစက်ခံရတဲ့ လူနာတွေကို ကုသနိုင်ဖို့ စီမံထားတယ်လို့ ဆိုပါတယ်။

ရာသီတုပ်ကွေးရောဂါဟာ တကမ္ဘာလုံးမှာ နှစ်စဉ် လူဦးရေ ၃သန်းကနေ ၅သန်းအထိ ဖြစ်ပွားလေ့ရှိပြီး လူဦးရေ ၂သိန်းခွဲကနေ ၅သိန်းအထိ သေဆုံးနေတာလဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာ ထားတာပါ။

ရာသီတုတ်ကွေးရောဂါ H1N1 ဟာ မိုးရာသီနဲ့ မိုးအကုန် ဆောင်းအကူး ကာလတွေမှာ ဖြစ်ပွားလေ့ရှိ တာဖြစ်ပြီး H1N1 ဗိုင်းရပ်ပိုးဟာ လေထဲတဆင့် အသက်ရှုလမ်းကြောင်းထဲ ဝင်ရောက်ပြီး လူတဦးကနေ တဦးကို ကူးစက်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ချောင်းဆိုး နှာချေတဲ့အခါ တခါသုံး နှာခေါင်းစည်း ဒါမှမဟုတ် လက်ပိုင်ပုဝါ အသုံးပြုတာ၊ လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောတာ၊ လူထူထပ်တဲ့ နေရာ တွေကို သွားလာတာကို ရှောင်တာ၊ ကိုယ့်အနီးမှာ တစုံတယောက် တုပ်ကွေးရောဂါဖြစ်ပွားတယ်လို့ သံ သယရှိရင် နီးစပ်တဲ့ ကျန်းမာရေး ဌာနကို အမြန်ဆုံးဆက်သွယ်တာတွေ လုပ်ဖို့ ကျန်းမာရေးဝန်ကြီးဌာန က ညွှန်ကြားထားတာလဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG