သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 တုပ်ကွေးကူးစက်သူ ၂ ဦး ရန်ကုန်ဆေးရုံကြီးမှာ ကုသမှုခံယူနေ


H1N1 ခေါ် Swine flu ဝက် တုပ်ကွေး ရောဂါပိုးသံသယရှိတဲ့ လူနာနှစ်ဦး ရန်ကုန်ဆေးရုံကြီးမှာ ရောက်ရှိနေကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အရာရှိက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကျန်းမာရေးဌာနကနေ မကြာခင်မှာ တရားဝင်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနှစ်မှာ စတင် ဖြစ်ပွားပြီး လူပေါင်း ၂ သောင်းနီးပါး သေဆုံးခဲ့ရတဲ့ ဒီ H1N1 ဗိုင်းရပ်စ်ပိုးဟာ မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်မှာ စတင် ကူးစက်ခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

H1N1 တုပ်ကွေးရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ လူနာ ၂ ဦး တက်ရောက်ကုသနေတဲ့အကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အရာရှိတဦးက ဒီကနေ့ မနက်မှာ အတည်ပြုပြောကြားလိုက်တာဖြစ်ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုကတော့ လူနာတွေရဲ့ အခြေအနေဟာ စိုးရိမ်ဖွယ်ရာ မရှိဘူးလို့ 7Day သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဒီလူနာတွေဟာ ဘယ်နေရာက လာတာလဲ၊ ဘယ်အချိန်က ဆေးရုံစတင်ရောက်ရှိခဲ့သလဲ စတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ပြည်သူတွေအနေနဲ့ လိုတာထက်ပိုပြီး အစိုးရိမ်မလွန်ကြဖို့နဲ့ သတင်းအမှန်ကို စောင့်ကြည့်ကြဖို့ ကျန်းမာရေးပညာရှင်တွေက တိုက်တွန်းထားပါတယ်။

H1N1 ဗိုင်းရပ်စ်ပိုးကို ဝက်တွေမှာ အရင်ဆုံးစတင်တွေ့ရှိခဲ့တာကြောင့် Swine flu ဝက် တုပ်ကွေးလို့ အမည်ပေးထားပေမယ့် ဝက်သားစားလို့ ဒီရောဂါပိုးကူးစက်လာတာ မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာကျန်းမာရေးပညာရှင် ဒေါက်တာ တင့်ဆွေကပြောပါတယ်။

“ဝက်တုပ်ကွေးလို့ ဆိုပေမယ့်လို့ ဝက်သားစားလို့တော့ ကူးတာတော့မဟုတ်ဘူး။ အဲဒီတော့ အသက်ရှုလမ်းကြောင်းကဝင်တာဖြစ်တဲ့အတွက် ဒီ အသက်ရှုလမ်းကြောင်းက နှာခေါင်းက အဓိက ၊ ဒါကြောင့် ကာကွယ်ရေးမှာ ဒီနှာခေါင်းစည်းသုံးတာ နဲ့ အမှုန်အမွားတွေနဲ့ မျက်နှာပြင်အားလုံးမှာ ကျနေနိုင်တော့ လက်ကို မကြာမကြာဆေးတဲ့ဟာတွေက ဒါတွေက ကာကွယ်ဖို့ အကောင်းဆုံးပါပဲ။

မေး။ ။ အခု မြန်မာနိုင်ငံမှာ H1N1 ဗိုင်းရပ်စ်ပိုးကူးစက်ခံရတယ်လို့ သံသယဖြစ်လာရတဲ့ အခြေအနေက ရာသီဥတုနဲ့ဆိုင်လား။ ဘာကြောင့်လဲလို့ ယူဆပါသလဲရှင့်။

ဖြေ။ ။ ဒီဗိုင်းရပ်စ်ဆိုတဲ့ ပိုးတွေက ရာသီဥတုအပေါ်မှာအဓိက မူတည်ပါတယ်။ သူက သက်ရှိအကောင်တွေလိုပဲ ရေကြည်ရာ မြက်နုရာ သဘောမျိုးပေါ့နော် ရာသီဥတုအလိုက်ပေါက်ပွားလာတော့ ဒီဥတုအခြေအနေ၊ သူတို့နဲ့ သင့်တင့်တဲ့ အချိန်မှာ အကောင်တွေအများကြီးပေါက်ပွားလာပြီးတော့ လူတွေကိုကူးစက်တာပါ။ အဲဒါကြောင့် ရာသီဥတုနဲ့ ဆိုင်တယ်လို့ ပြောရင် မှန်ပါတယ်ခင်ဗျ။”

၂၀၀၉ခုနှစ် မတ်လ က မက္ကဆီကိုနိုင်ငံကနေ စတင်ဖြစ်ခဲ့ပြီး နိုင်ငံပေါင်း ၂၀၀ ကျော်ကို ပျံနှံခဲ့တဲ့H1N1 တုပ်ကွေးဗိုင်းရပ်စ်ကြောင့် လူပေါင်း နှစ်သောင်းနီးပါး သေဆုံးခဲ့တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းခဲ့ပြီး H1N1 ခေါ် Swine flu ဝက် တုပ်ကွေးကိုလည်း ကမ္ဘာ့ကပ်ဘေးရောဂါအဖြစ် အဲဒီနှစ် ဇွန်လ မှာ ကြေညာခဲ့ပါတယ်။ ဒါအပြင် ဆေး ပညာ သမိုင်းမှတ်တမ်းတွေမှာလည်း ၁၉၁၈ခုနှစ်မှာ လူပေါင်း သန်း ၄၀ ခန့် သေဆုံးခဲ့ရတဲ့ Spanish flu ဟာ H1N1 ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဝက်တုပ်ကွေးရောဂါ ကာကွယ်ဆေးကို၂၀၀၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ကြောင်း ဒေါက်တာတင့်ဆွေက အခုလိုပြောပါတယ်။

“ကာကွယ်ဆေးကလည်း ဒီဖြစ်တဲ့ ဗိုင်းရပ်စ်ပိုးပေါ်မှာ မူတည်ပြီးထုတ်ရတဲ့ ကာကွယ်ဆေးဖြစ်တော့ ဒီကာကွယ်ဆေးအစစ်ကိုတောင်မှ သူက ၁ နှစ်ကို ၁ ခါထိုးရတယ်။ ကာကွယ်ဆေးကလည်း ၂ မျိုး ၂ စားရှိတယ်ခင်ဗျ ၊ ထိုးဆေးနဲ့ နှာခေါင်းထဲကို ထည့်တဲ့ဆေးပေါ့။ နှာခေါင်းထဲထည့်တဲ့ဆေးက အသက်ကြီးတဲ့လူတွေလုပ်ပြီးတော့ ထိုးဆေးကတော့ ၆ လအထက်ဆိုရင် အကုန်ထိုးလို့ရတာမျိုး ဖြစ်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံမှာတော့ ၂၀၁၀ ပြည့်နှစ်မှာ H1N1 ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်က ကျန်းမာရေးဝန်ကြီးဌာနကနေ ဒီဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်လို့ အလုပ်ရုံဆွေးနွေးပွဲတွေကို WHO နဲ့ ပူးတွဲကျင်းပပြုလုပ်ခဲ့တဲ့ မှတ်တမ်းတွေ တွေ့ရကြောင်း ဒေါက်တာတင့်ဆွေကပြောပါတယ်။

ဝက်တုပ်ကွေးရောဂါပိုး ကူးစက်ခံရသူရဲ့ နှာချေ၊ ချောင်းဆိုးတာကနေ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်တာကြောင့် နှာခေါင်းစည်းထားကြဖို့နဲ့ လက်ကို မကြာခဏဆေးကြောဖို့လည်း ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ ဒီတုပ်ကွေးရောဂါဟာ ၇ ရက်နေက ၁၀ ရက်အထိကြာနိုင်တယ်လို့ ဆိုပါတယ်။သာမန်တုပ်ကွေးအဖျားရောဂါလိုပဲ နှာချေ၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ကိုယ်ပူပြီး အန်တာ၊ ဗိုက်နာတာ စတာမျိုး တူသယောင်ရှိပြီး ပေါ့ဆစွာနေမယ်ဆိုရင် Shock ရပြီး အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရကလည်း H1N1 အပါအဝင် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်ကို ဒီကနေ့ မနက်အစောပိုင်းက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG