သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာအနီး H5N1 ကြက်ငှက် တုပ်ကွေးဖြစ်ပွားမှု အတည်ပြု


H5N1 ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ထိုင်းနိုင်ငံတွင်းက ကြက်မွေးမြူရေးခြံတွေမှာ လုပ်ဆောင်စဉ်။
H5N1 ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ထိုင်းနိုင်ငံတွင်းက ကြက်မွေးမြူရေးခြံတွေမှာ လုပ်ဆောင်စဉ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကြက်၊ ငုံးမွေးမြူရေး အထူးဇုန်မှာ ကြက် ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက သတင်း ထုတ်ပြန်ထားပြီး ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရေး အတွက် ဆောင်ရွက်နေ ပါတယ်။ ရောဂါ မပြန့်ပွားစေရေး အတွက်ဆိုရင် မွေးမြူရေး ခြံတွေရဲ့ ဇီဝလုံခြုံရေးကို အထူး ဂရုစိုက်ဖို့ လိုအပ်သလို မသင်္ကာစရာ ရောဂါ တခုခု ကျရောက်တာနဲ့ သက်ဆိုင်ရာ ကို အမြန်ဆုံး သတင်းပို့ဖို့လိုအပ်မယ်လို့ လည်း သတိပေးထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မုံရွာမြို့အနီးက မွေးမြူရေး အထူးဇုန်မှာ ဒီလ ၁၀ရက်နေ့လောက်က စတင် ပြီး ကြက်နဲ့ ငုံးတွေ စတင်သေဆုံးခဲ့ပြီး ရောဂါရှာဖွေစမ်းသပ်တာကို မန္တလေးမြို့က ဓါတ်ခွဲခန်းမှာ ဆောင်ရွက်ခဲ့ရာက H5N1 ဗိုင်းရပ်ဖြစ်ကြောင်း အတည်ပြုခဲ့ တာ ဖြစ်ပါတယ်။

မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန သတင်းထုတ်ပြန်ချက်
မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာန သတင်းထုတ်ပြန်ချက်

မုံရွာမြို့နယ်မှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ် ပွားကြောင်းကို ဒီနေ့ သတင်းစာတွေ မှာ တရားဝင် ထုတ်ပြန်လိုက်ပြီး ရောဂါဖြစ်ပွားတာကို ထိန်းချုပ်နိုင်ဖို့ အတွက် ကြက်တွေကို သုတ်သင် ရှင်းလင်းတာ၊ ဇီဝလုံခြုံရေးကို မြှင့်တင်ဆောင်ရွက်တာ၊ ပညာပေးဟောပြောပွဲတွေကို စီစဉ် ဆောင်ရွက်တာနဲ့ အခြား တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက ကြက်၊ငှက်နဲ့ လူတွေ မကူးစက်စေဖို့ အတွက် မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက ဆောင်ရွက်နေပါတယ်။

လောလောဆည် မုံရွာမြို့ မွေးမြူရေးဇုန်မှာ ရောဂါထိန်းချုပ်ရေးအတွက် စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေကို မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမြင့်စိုးက အခုလို ပြောပါတယ်။

"ရောဂါဖြစ်ကြောင်း ကြေညာပြီးပြီလေ။ ကြေညာပြီးပြီဆိုတာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီဆိုရင်တော့ အဲ့ဒီ့အထဲမှာ ရှိတဲ့ ကြက်ဌက် အကုန်လုံး သတ်ပစ်ရမှာပဲ။ ဒါကတော့ နိုင်ငံတကာ စံချိန်စံညွှန်းပေါ့ဗျာ။ သို့သော်လည်းပဲ အဲ့သလောက်ကြီး သတ်ပစ်လိုက်တယ်ဆိုရင် ဆုံးရှုံးမှုတွေလည်း များမယ်ပေါ့နော်။ နောက်တခါကျတော့ ဇုန်ဆိုတဲ့အခါကျတော့ ခြံပေါင်းက ၃၀၀ကျော်လောက်ရှိတော့ အကုန်ပါသွားမှာစိုးလို့ ကျနော်တို့က တခြံဖြစ် တခြံရှင်းအနေနဲ့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။

ဒီကနေ့ထိ သေဆုံးတာနဲ့ ရှင်းလင်းလိုက်တဲ့ ကြက်ကောင်ရေ ၃၀၀၀ ကျော်နဲ့ ငုံးကောင်ရေ ၁၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ မုံရွာမြို့မှာ ကြက်ငှက် တုပ်ကွေးရောဂါဖြစ်ပွားတာကို ပြည်ထောင်စုအစိုးရအထိ တင်ပြ ထားပြီး နေပြည်တော်က သုတေသနနဲ့ ရောဂါထိန်းချုပ်ရေးဌာနကပါ လာရောက် စစ်ဆေး ဆောင်ရွက်နေတယ်လို့ပြောပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါ မကူးစက်မပြန့်ပွားစေဖို့ အတွက် လည်း ဒေါက်တာမြင့်စိုးက အခုလို သတိပေးပြောဆိုပါတယ်။

" ဒီကြက်တို့ ငုံးတို့ မွေးတဲ့သူတွေ သတိထားရမှာကတော့ မိမိခြံရဲ့ ဇီဝလုံခြုံမှုကို ကာကွယ်မှု မြှင့်တင်ရမယ်ဗျာ။ ဇီဝလုံခြုံမှု မြှင့်တင်ရမယ်ဆိုတာ အခု တိရိစ္ဆာန်တွေနဲ့ ရောဂါပိုးဖြစ်စေတဲ့ ပိုးမွှားတွေ ဗိုင်းရပ်စ်တွေ မကူးစက်ရအောင် ကင်းဝေးအောင် ကာကွယ်ရမယ်။ ခြံလုပ်သားတွေ နဲ့ ခြံပိုင်ရှင်တွေရဲ့တကိုယ်ရေ သန့်ရှင်းရေးကိစ္စ။ နောက်တခါ တိရစ္ဆာန်ကို သိပ္ပံနည်းကျ ကျွေးမွေးမယ်။ အာဟာရပြည့်စုံအောင် ထားမယ်။ လိုအပ်တဲ့ ကာကွယ်ဆေးတွေ အားဆေးတွေ ပုံမှန် လုပ်ပေးမယ်ဆိုရင် ကြက်၊ ဌက်၊ တိရိစ္ဆာန်က ရောဂါ ခံနိုင်စွမ်းရည် မြင့် လာပြီးတော့မှ တော်ရုံတန်ရုံ ရောဂါဒဏ် ဝင်ရောက်ဖို့ရာ မလွယ်ဘူးပေါ့ဗျာ။"

နောက်တချက်ကတော့ ကြက်ငှက်တွေ ရုတ်တရက် သေဆုံးရင်၊ ရောဂါ တစုံတရာဖြစ် လာရင် သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားဖို့ လိုအပ်ကြောင်း လည်း ဆက်ပြောပါတယ်။

" အဓိက ကတော့ မွေးမြူရေး ခြံသမားတွေက ကျနော်တို့ကို ဖြစ်ဖြစ်ချင်း သတင်းပို့ရင် လက်ဦးမှုရယူနိုင်တာပေါ့နော်။ အသိနောက်ကျရင် နောက်ကျ သလို ရောဂါ ကူးစက်မှုကြောင့် ဆုံးရှုံးမှု များနိုင်တယ်ပေါ့ဗျာ။

မုံရွာမြို့မှာ အခုလို ကြက်ငှက်တုပ်ကွေးရောဂါ စတင်ဖြစ်ပွားချိန်မှာ ကြက်ခြံတချို့က ဒီလ အစောပိုင်းတည်းက ခြံလိုက်ရောင်းချရှင်းလင်းတာတွေရှိသလို့ တချို့ ကြက်ခြံတွေ ကတော့ နေ့စဉ် ပိုးသတ်ဆေးဖြန်းပြီး ကာကွယ်ဆောင်ရွက် တာတွေ ရှိနေပါတယ်။

" ပိုးသတ်ဆေးတွေ ဖြန်းတယ်။ လည်လိမ်ဆေး တိုက်ထားတယ်။ နောက် ပတ်ဝန်းကျင်မှာ ပိုးမွှားမလာနိုင်တဲ့ ရောဂါပိုးမလာနိုင်တဲ့ ကြက်သွန်ဖြူ ခြံထဲမှာ ချိတ်ထားတယ်ခင်ဗျ။ ဘေးပတ်ဝန်းကျင်မှာလည်း ဆေးဖြန်းတယ်ခင်ဗျ။ မနက်တကြိမ် ညနေတကြိမ် ဖြန်းတယ်ခင်ဗျ။"

ဒါကတော့ မုံရွာမြို့က ကြက်ခြံပိုင်ရှင်တဦးပြောသွားတာပါ။

မုံရွာမြို့က မွေးမြူရေးဇုန်မှာ ကြက်ခြံပေါင်း ၃၀၀ကျော်၊ ကြက်ကောင်ရေ တသိန်းခွဲနီးပါး၊ ငုံးခြံပေါင်း ၁၀၀ကျော်နဲ့ ငုံးကောင်ရေ ၅သိန်းနီးပါးရှိပြီး ကြက်ဥ အလုံးရေ ၈သောင်းကျော်နဲ့ ငုံးဥ အလုံးရေ ၃သိန်းကျော် နေ့စဉ် ဈေးကွက်ကို တင်ပို့နေတာဖြစ်တယ်။ ဒီကနေ့အထိတော့ မုံရွာမြို့မှာ ကြက်ဥ အရောင်းဈေးကွက် ဟာ ဆိုးဆိုးဝါးဝါး ထိခိုက်တာမရှိသေးဘူးလို့ ကြက်ဥ အရောင်းဆိုင်ရှင် တဦးက ပြောပါတယ်။

"ဒီနေ့အထိကို အရောင်းအဝယ်က ရောင်းရတုန်းပေါ့နော်။ ပုံမှန်အတိုင်း သွားပါတယ်ရှင့်။ "

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံြ့ဖိုးရေးဝန်ကြီးဌာန ၊ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနကတော့ ကြက်၊ ငှက်အသား၊ ဥ စတာတွေကို သေသေချာချာ ချက်ပြုတ် စားသုံးဖို့ကိုလည်း သတိပေးထားပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါဟာ ၂၀၀၆ခုနှစ်က ရွှေဘို၊ မုံရွာ၊ မန္တလေး၊ အမရပူရနဲ့ ၂၀၁၂ခုနှစ်မှာ ချောင်းဦးစတဲ့မြို့တွေမှာ ဖြစ်ပွားခဲ့ဖူး မြန်မာပြည်အနှံ့မှာဆို အနည်းဆုံး ၆ကြိမ်လောက်ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေမှာလည်း ဖြစ်ပွားနေပါတယ်။

XS
SM
MD
LG