သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 တုပ်ကွေးကြောင့် ချင်းပြည်နယ်မှာ လူတဦးသေဆုံး


 ရန်ကုန်တိုင်း ကျန်းမာရေးဌာနသတင်းစာရှင်းလင်းပွဲ
ရန်ကုန်တိုင်း ကျန်းမာရေးဌာနသတင်းစာရှင်းလင်းပွဲ

H1N1လို့ခေါ်တဲ့ ရာသီတုပ်ကွေး ရောဂါဖြစ်ပွါး ပြန့်နှံမှု ဆိုင်ရာ အန္တရာယ်နဲ့ ပတ်သက်ပြီး WHO ကမ္ဘာ့ကျန်းမာရေး ဌာနနဲ့ လက်တွဲလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဌာနက ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ H1N1 တုပ်ကွေးရောဂါဟာမကူးစက်နိုင်ရန် ကြိုတင်ကာကွယ်နိုင်သည့်အပြင် ၄၈ နာရီအတွင်း ဆေးကုသမှုခံယူနိုင်ရင် အသက် အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

ရောဂါဖြစ်ပွါး ပြန့်နှံမှု ဆိုင်ရာ အန္တရာယ်နဲ့ ပတ်သက်ပြီး WHO ကမ္ဘာ့ကျန်းမာရေး ဌာနနဲ့ လက်တွဲလုပ်ဆောင်နေကြောင်း ရန်ကုန်တိုင်း ကျန်းမာရေးဌာနက ဒီကနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှုး ဒေါက်တာ သာထွန်းကျော်က ဒီရောဂါဟာ ဒေသတွင်း နိုင်ငံတွေမှာ ပြန့်နှံ့ဖြစ်ပွါးနေသလို ကာကွယ်ကုသနိုင်တာမို့ စိုးရိမ်စရာ သိပ်မရှိဘူးလို့ ခုလို ပြောပါတယ်။

“ဒီရာသီတုပ်ကွေးနဲ့ ပတ်သက်လို့ ပြည်သူလူထုအနေနဲ့ အလွန်တရာကြောက်ရွံ့စရာမရှိတဲ့အကြောင်း ဆရာတို့နိုင်ငံမှာ ဆရာတို့ရန်ကုန်မှာ မြို့ပေါ်မှာရှိတဲ့ ဆေးရုံကြီးများ ၊ သမားတော်ကြီးများဟာ ဆရာတို့ရဲ့ ရာသီတုပ်ကွေး ရောဂါကို ထိထိရောက်ရောက် ကိုင်တွယ်ကုသပေးနေတယ်ဆိုတဲ့အကြောင်းကိုလည်း ဆရာ့အနေနဲ့ သတင်းစကားပေးလိုပါတယ်။ ရာသီတုပ်ကွေး ရောဂါဟာ နှစ်တိုင်းဖြစ်နေကြရောဂါဖြစ်ပါတယ် အထူးအဆန်ရောဂါမဟုတ်ပါဘူး။ ဆရာတို့နိုင်ငံအပါအဝင် ဆရာတို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ဒီရောဂါဖြစ်ပွားနေတာပါ။”

A/H1N1 2009 ဖြစ်ပွားနေသူတွေနဲ့ပတ်သတ်ပြီး ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ရာမှာ ရောဂါဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ လူနာ ၁၃ ဦး၊ သေဆုံးကလေး ငယ်တဦး ရှိခဲ့ပြီး ဒီကလေးငယ်ဟာ ချင်းပြည်နယ် မတူပီကလို့ ဖော်ပြထားပါတယ်။ သေဆုံးကလေးငယ်ဟာ ရာသီတုပ်ကွေးလို့ ရောဂါလက္ခဏာနဲ့ ကိုက်ညီတဲ့ လက္ခဏာတွေပြသနေတာမို့ ဒီရောဂါကြောင့် သေဆုံးတာဖြစ်နိုင်တယ် လို့သတ်မှတ်ခြင်းခံရတာဖြစ်ပါတယ်။

“ချင်း မတူပီမှာ အတည်ပြုတွေ့ရှိတာ ၁၀ ဦး ကတော့ H1N1 ဖြစ်တာပါ။ ညီမတို့က အဲဒီကလေးက ဟုတ်တယ် ။အဲဒီကလေးက အဲဒီနေ့တုန်းက စဖြစ်ပြီးတော့မှ ဖြစ်တယ်ပေါ့နော် အဲလိုဖြစ်တဲ့အချိန်မှာ ညီမတို့က ဆုံးပြီးတော့မှ ကလေးအထူးကုရဲ့ diagnose အနေနဲ့က ညီမတို့ ခုနကပြောသလိုပဲ severe pneumonia ဆိုတာက ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုပြောတာ၊ နောက်ပြီးတော့ သွေးအဆိပ်တက်ခြင်းပေါ့ အဲဒါနဲ့ ဆုံးသွားပါတယ်။ ညီမတို့က ဘာလို့ အဲဒါကို ထည့်ထားသလဲဆိုတော့ ညီမတို့ သူ့ကို H1N1 လို့တော့ မသတ်မှတ်ပါဘူး။ ဘာဖြစ်လို့လဲ သူ့ကို မစစ်ခဲ့ရလို့ပါ ကလေးက ဆုံးသွားတယ် ၊ ကလေးအထူးကုကလည်း severe pneumonia ပေးခဲ့တယ်ဆိုတာကို ညီမတို့ outbreak ထဲကို ထည့်ထားတာပါအမ။”

လက်ရှိမှာတော့ ရန်ကုန်ဆေးရုံကြီးတွင် နှစ်ဦး၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်တွင် တစ်ဦးဆေးကုသခံနေရပါတယ်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာရှိတဲ့ အတည်ပြုလူနာ ၁၀ ဦးကတော့ အခုချိန်မှာ ပြန်လည်ကျန်းမာစပြုနေပြီလို့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်ဌာနခွဲက ဒေါက်တာသန္တာအောင်က ပြောပါတယ်။

ဒီရောဂါနဲ့ပတ်သတ်လို့ တိုင်းနဲ့ပြည်နယ် တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တိုးမြင့်လုပ်ဆောင်ထားပြီး ရောဂါနဲ့ပတ်သတ်လို့ ကျန်းမာရေးစစ်ချက်တွေကိုလည်း အမြန်ဆုံးစစ်ဆေးနိုင်ဖို့ ပြည်နယ်နဲ့တိုင်းတွေမှာ စီစဉ်ဆောင်ရွက်နေတယ်လို့ ဒေါက်တာ သန္တာအောင်ကပြောပြပါတယ်။

“နှစ်တိုင်း ကျမတို့က Outbreak ဖြစ်လာရင် စမ်းသပ်လို့ရအောင် အဲဒါတွေကို ဖြန့်ဝေထားတယ်ပေါ့နော် တုတ်ကွေးရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး တုန်ကွေးဆန်တဲ့ရောဂါ influenza like illness လို့ခေါ်တယ်၊ နောက်ပြီးတော့ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါပေါ့နော် severe acute respiratory tract infection အဲဒီ ၂ မျိုးကို စောင့်ပြီးကြည့်ရှုဖို့အတွက်ကို ဒီ WHO ရဲ့အထောက်အပံ့နဲ့ ကျမတို့ ဒီဟာကို လုပ်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။”

ဒီရောဂါကို၂၀၀၉ ခုနှစ်ကတည်း မြန်မာပြည်တွင် စတင်တွေ့ရှိရခြင်းဖြစ်ပြီး အချို့သောနှစ်များတွင် ရာဂဏန်းအထိ ကူးစက်ခံ ရခြင်း ရှိသော်လည်း ဒီနှစ်တွေလို လူသေဆုံးမှုမရှိခဲ့ပါဘူး။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင်းမှာ ဖြစ်နေတဲ့ ကူးစက်အတည်ပြု ခံ လူနာတွေနဲ့ပတ်သတ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုကခုလိုပြောပြပါတယ်။.

“ဆေးရုံတက်တာ ၁ ပတ်လောက်ရှိပါပြီ၊ လက်ရှိအခြေအနေကတော့ သိပ်ပြီးအားရမှုတော့ မရှိသေးပါဘူး။”

H1N1 အတွက် ကာကွယ်ဆေး၊ ထိရောက်သောကုသဆေးများ မရှိသေးပါဘူး။ ရောဂါခံစားနေရတယ်လို့ သံသယရှိရင် နီးစပ်ရာ ဆေးရုံဆေးခန်းများတွင် ကုသမှုခံယူဖို့၊ ရောဂါကူးစက်မခံရဖို့ ကြိုတင်ကာကွယ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။

ဒီရောဂါက မိုးရာသီနှင့် မိုးအကုန်ဆောင်းအကူးကာလများတွင် ဖြစ်ပွားလေ့ရှိပြီး လေထဲမှတစ်ဆင့် အသက်ရှုလမ်းကြောင်း တွင်းသို့ ဝင်ရောက်ကာ တစ်ဦးမှ တစ်ဦးလျှင်မြန်စွာကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားတာ၊ ချောင်းဆိုးတာ၊ နှာစေး တာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ နုံးခွေတာတို့ဖြစ်တတ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ရောဂါကူးစက်ခံရကြောင်း သံသယရှိမယ်ဆိုရင် ဘယ်အစိုးရဆေးရုံ၊ ဆေးခန်းကိုမဆို သွားရောကနိုငသလို ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကိုလည်း ကုသပေးဖို့ညွှန်ကြားထားကြောင်း ဗဟိုကူးစက်ဌာနခွဲညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောပါတယ်။ အကူအညီလိုအပ်သူတွေအတွက် အရေးပေါ် Hot Line နံပါတ်တွေကို နေပြည်တော်ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ထုတ်ပြန်ထားပြီး ဆက်သွယ်နိုင်တဲ့ နံပတ်တွေကတော့ ၀၆၇ - ၄၃၁၄၃၂၊ ၄၃၁၄၃၃၊ ၄၃၁၄၃၄ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG