သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 တုပ်ကွေးကြောင့် မြန်မာနိုင်ငံမှာ အနည်းဆုံး ၃ ဦးသေဆုံး


ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို အသစ်ထပ် ရောက်ရှိလာတဲ့ လူနာ နှစ်ဦး သေဆုံးသွားတယ်လို့ ရန်ကုန် ဆေးရုံအုပ်ကြီးက အတည်ပြု ပြောကြားလိုက်ပါတယ်။ ရာသီ တုပ် ကွေးရောဂါ H1N1 ဖြစ်နေတယ်လို့ အတည်ပြုထားတဲ့ ၁၅ဦး ရှိသွားပြီးဖြစ်ပြီး သေဆုံးသူ ၃ဦးရှိသွားပြီ ဖြစ်ပါတယ်။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြ ပေးပါမယ်။

ဇူလိုင် ၂၄ရက်နေ့ ညမှာ ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ထပ် ရောက်ရှိလာတဲ့ လူနာ ၂ဦး သေဆုံးသွားတာနဲ့ ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက အခုလိုပြောပြပါတယ်။

“မနေ့က တက်လာတဲ့ လူနာ ၂ ယောက်ပါ။ တယောက်က အမျိုးသမီး ၊ တယောက်က အမျိုးသားပါ။ အမျိုးသားက ပဲခူးကပြောပါတယ်။ အမျိုးသမီးကတော့ ဆေးရုံကနေ လွဲလိုက်တဲ့ဟာပါ။ ဆေးရုံရောက်ပြီးသိပ်မကြာခင်ဆုံးသွားပါတယ်။ ဆုံးသွားပြီးတော့မှ ရောဂါလက္ခဏာတွေ က H1N1လားဆိုပြီးတော့ မသင်္ကာလို့ စစ်ကြည့်တော့ Positive ဖြစ်နေတာပါ။ သံသယ ရှိလို့ စစ်ကြည့်တဲ့သဘောပါ ၊ လောလောဆည် ဒီနေ့ စာရင်းအရတော့ ၁၅ ဦးပေါ့နော် ၁၅ ဦးမှာ အရင် ချင်းပြည်နယ်ကနေ သေထားတာ ၁ ဦးရှိတယ်။ အဲဒီ ၁ ယောက်ရယ် အခု ၂ ယောက်ရယ်ပေါင်းရင် သေဆုံးသူ ၃ ဦးပါ။ အခုရောဂါ Positive ဖြစ်နေတာက ၁၅ ဦးပါ။”

အဲ့ဒီ ဆုံးပါးသွားတဲ့ လူနာနှစ်ဦးဟာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ရောက်ပြီး မကြာခင်မှာပဲ ဆုံးပါးသွား တာဖြစ်ပြီး သေဆုံးပြီးချိန်မှာ သံသယရှိတဲ့အတွက် သွေးစစ်ဆေးကြည့်တဲ့အခါ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားနေကြောင်းတွေ့ရတာ ဖြစ်ပါတယ်။

အခုဆိုရင် ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားနေကြောင်း အတည်ပြုထားတဲ့ လူနာ ၁၅ဦး ရှိသွားပြီ ဖြစ်ပြီး ကလေးငယ်တဦးအပါအဝင် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး စုစုပေါင်း ၃ဦး သေဆုံးခဲ့တာပါ။

H1N1 ကူးစက်ခံထားရတဲ့ ချင်းပြည်နယ် မတူပီမြို့က လူနာတွေကတော့ ပြန်လည်ကျန်းမာစပြုနေပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ရာသီတုပ်ကွေးရောဂါ H1N1 ဟာ မိုးရာသီနဲ့ မိုးအကုန် ဆောင်းအကူး ကာလတွေမှာ ဖြစ်ပွားလေ့ရှိ တာဖြစ်ပြီး H1N1 ဗိုင်းရပ်ပိုးဟာ လေထဲတဆင့် အသက်ရှုလမ်းကြောင်းထဲ ဝင်ရောက်ပြီး လူတဦးကနေ တဦးကို ကူးစက်နိုင်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ နှာစေးတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ နုံးခွေတာတွေဖြစ်ပြီး ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါသည်တွေကို ပိုပြီး ကူးစက်နိုင်ခြေရှိပါတယ်။

Influenza A (H1N1) pdm09 ဗိုင်းရပ်စ်ပိုးဟာ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့ ကပ်ရောဂါ အသွင် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ရာသီ တုပ်ကွေးရောဂါ Seasonal Flu H1N1 အနေနဲ့ ဆက်လက်ပျံ့ပွားနေတာဖြစ် သလို မြန်မာပြည်မှာတော့ ဒီရောဂါဟာ ၂၀၀၁ ခုနှစ်ကတည်းက စတင်ဝင်ရောက်ခဲ့တာလဲဖြစ်ပါတယ်။ ဒီ ရောဂါဟာ တကမ္ဘာလုံးအနေနဲ့ နှစ်စဉ် လူဦးရေ ၃သန်းကနေ ၅သန်းအထိ ဖြစ်ပွားလေ့ရှိပြီး လူဦးရေ ၂သိန်းခွဲကနေ ၅သိန်းအထိ သေဆုံးနေတာလဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာထားပါ တယ်။

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး ဆေးကုသမှုပိုင်းအတွက် ကြိုတင်ပြင်ဆင်ထား သလို နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေမှာလည်း ရောဂါရှာဖွေရေး စက်တွေနဲ့ စစ်ဆေးဖို့ ကမ္ဘာ့ ကျန်း မာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုထားတာလဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG