သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ပညာပေး အစိုးရနဲ့ အရပ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက်


H1N1 ပညာပေး အစိုးရနဲ့ အရပ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက် (Maung Saungkha)
H1N1 ပညာပေး အစိုးရနဲ့ အရပ်ဖက်အဖွဲ့များ ပူးပေါင်းဆောင်ရွက် (Maung Saungkha)

H1N1 ရာသီတုပ်ကွေးရောဂါကြောင့် အနည်းဆုံး လူ၁၀ဦးအထိ သေဆုံးမှုရှိလာနေတဲ့အတွက် အများပြည်သူကြား ကူးစက်ခြင်းကိုကြိုတင်ကာကွယ်နိုင်တဲ့ ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်တွေ ပိုစတာတွေနဲ့ နှာခေါင်းစည်းတွေ ဖြန့်ဝေတာတွေကို ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့အတူ လူမှုအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကပါ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ တကယ်လို့ မိမိမှာ H1N1 တုပ်ကွေးရောဂါလက္ခဏာ ခံစားနေရတယ်လို့ သံသယရှိရင် ချက်ခြင်းနီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးဆက်သွယ်ပြီး ကုသမှုခံယူပါလို့လည်း ကျန်းဦးစီးက တိုက်တွန်းနေပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံတွင်း လတ်တလောဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ဇူလိုင်လ ၂၁ရက်နေ့ကနေ ဇူလိုင်လ ၃၀ရက်နေ့အထိ တနိုင်ငံလုံးအတိုင်းအတာနဲ့ လတ်တလောပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ (၁၈၂) ဦးရှိခဲ့ပြီး သူတို့ထဲကမှ H1N1 ပိုးတွေ့ရှိတဲ့ လူနာ စုစုပေါင်း (၅၁) ဦးအထိရှိနေပြီး သေဆုံးသူကတော့ (၁၀) ဦးအထိ ရှိသွားပြီလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (CDC) က သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုလူ၁၀ဦး သေဆုံးတဲ့အထိဖြစ်လာနေတဲ့ H1N1 ရာသီတုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ပြည်သူလူထုကြား ကူးစက်ပြန့်ပွားတာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်တဲ့ တုပ်ကွေးရောဂါ ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင်တွေ၊ ပိုစတာတွေနဲ့နှာခေါင်းစည်းတွေကို စာသင်ကျောင်းတွေ၊ ဈေးတွေနဲ့ လူထူထပ်တဲ့ စည်ကားရာနေရာတွေမှာ အသိပညာပေးလှုပ်ရှားမှုတွေကို ဆောင်ရွက်နေကြပါတယ်။

ဒီလိုလှုပ်ရှားမှုတွေထဲ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဦးနေဘုန်းလတ်ကလည်း သူကိုယ်တိုင်ဦးဆောင်ပြီး ဆောင်ရွက်နေတဲ့ ပညာပေးလှုပ်ရှားမှုနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။

“ကာကွယ်မှသာ ပျံ့နှံ့မှုတွေက မဖြစ်မှာလေ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့လုပ်နိုင်တာကတော့ ပြည်သူလူထု အသိပေးကာကွယ်ရေးလုပ်ငန်းပေါ့နော် မဖြစ်ခင် ဘယ်လိုကာကွယ်မလဲ ဆိုတာတွေ။ ပထမဦးဆုံးအနေနဲ့ ပိုစတာတွေနဲ့ ပညာပေးလုပ်ဖြစ်တယ် အဓိကတော့ ကျောင်းနဲ့ လူစည်ကားတဲ့နေရာတွေမှာ WHO ကထုတ်ထားတာကို ကျနော်တို့ မြန်မာလိုပြန်ပြီးတော့ ပိုစတာလိုက်ကပ်ဖြစ်တယ်။ ပြီးတော့ ရပ်ကွက် ၁ ရပ်ကွက်ကို ၃ ခုစီ ဝေပြီးတော့ အဲဒီပိုစတာကို လိုက်ကပ်တယ်ပေါ့နော် ကျန်းမာရေးဦးစီးဌာနကလည်း ထပ်ပြီးတော့ ထုပ်တာတွေရှိတယ် ။ အဲဒီပိုစတာတွေကို ပန်းဖလက် ဒီဇိုင်းလေး ကျနေ်ာလုပ်လိုက်တယ်။ အဲဒီမှာကတော်တော်စုံတယ်ပေါ့နော် ဘယ်လိုကာကွယ်မလဲဆိုတဲ့ ရောဂါလက္ခဏာတွေ ၊ နောက်ပြီးတော့ ဖြည့်စွက်စားသုံးတဲ့ အစာအဟာရတွေ အဲဒါတွေလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကိုလည်းပြပြီးတော့ သူတို့လည်းအတည်ပြုတယ်ပေါ့နော်။ အတည်ပြုတဲ့အခါကျတော့ ဒီ ပန်းဖလက်ဝေတဲ့အလုပ်ကို ကျနော်တို့ဆက်လုပ်သွားမှာပါ။ အထူးသဖြင့် ဒီမှာကတော့ Mask တွေတော့ တပ်တာတွေများတယ်။ အကောင်းဆုံးကတော့ တကိုယ်ရေသန့်ရှင်းရေးပေါ့နော် လက်တွေ ပုံမှန်ဆေးတာတွေ ၊ ကိုယ့်ကိုယ်ကို ကျန်းမာအောင်နေတာတွေ နောက်ပြီးတော့ တခုခုဖြစ်ပြီဆိုတာနဲ့ အရင်ကလို ပေါ့မနေပဲနဲ့ နီးစပ်ရာဆေးခန်းမှာ ပြသတာတွေပေါ့နော် အဲဒါတွေလုပ်ဖို့ လိုအပ်တဲ့အကြောင်းလေးတွေပေါ့နော် မသိသေးတဲ့လူတွေကိုလိုက်ပြီးပြောပေးရမှာပေါ့။”

အများပြည်သူအများစုလှုပ်ရှားသွားလာရာ လူထူထပ်တဲ့နေရာတွေ ကားမှတ်တိုင်တွေမှာ နှာခေါင်းစည်းတွေဝေဌတာနဲ့ တကိုယ်ရေသန့်ရှင်းရေးလက်ဆေးကြဖို့ ကျန်းမာရေးပညာပေးလှုပ်ရှားမှုတွေကို လူငယ်တွေ စုစည်းပြီးလည်း ပညာပေးဆောင်ရွက်နေကြတာ အခုဆိုရင် စတုတ္ထမြောက်နေ့အထိရှိလာပြီဖြစ်ပါတယ်။ ပညာပေးလှုပ်ရှားမှုတွေမှာကြုံရတဲ့အခြေအနေကို ဦးဆောင်လှုပ်ရှားသူလူငယ်တဦးဖြစ်တဲ့ ကိုဆောင်းခက အခုလိုပြောပါတယ်။

“ဒီကျောင်းသားဟောင်းတွေရော တခြား အရပ်ဖက်အဖွဲ့အစည်းက ကျနော်တို့နဲ့ ခင်တဲ့လူတွေ အကုန်လုံးဝိုင်းပြီးတော့ အလုပ်လုပ် ကြရင်းနဲ့ ဒီဟာလေး လုပ်ဖြစ်တာပါ။ ပထမနေ့ ယုဇနပလာဇာ၊ မင်္ဂလာဈေးဘက်အခြမ်းမှာ ကျနော်တို့ ဝေတယ်ပေါ့နော် ။ဒုတိယနေ့ကျတော့ လှည်းတန်းမှာ ကျနော်တို့ ဝေတယ်ပေါ့နော်။ တတိယနေ့ကျတော့ ပန်းဆိုးတန်းမှာ ဝေပြီးတော့၊ စတုတ္ထမြောက်နေ့ကျတော့ ကျနော်တို့ ရွှေပြည်သာမှာ ဝေတယ်ပေါ့နော်။”

အခုလို လူထုကြား H1N1 ရာသီတုပ်ကွေးနဲ့ပတ်သက်ပြီး စိုးရိမ်ကြီးနေကြတာ၊ နောက် လူထုပညာပေးလုပ်ငန်းတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်နေကြတဲ့အပေါ် လူထုအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုစနစ်တကျ လုပ်ဆောင်သင့်သလဲဆိုတာကို လူထုကို ကျန်းမာရေးအသိပညာပေးနေတဲ့ ဒေါက်တာမြင့်ဦးက အခုလိုအကြံပေးပါတယ်။

“လူတိုင်းတုပ်ကွေးဖြစ်နေတယ် အဲဒီထဲမှာ H1N1 ပါလာနိုင်တယ် ဆိုတော့ တုပ်ကွေးရဲ့ ကာကွယ်နည်းကတော့ အဓိကတော့ ကျနော်တို့ တကိုယ်ရေသန့်ရှင်းရေး အဓိကတော့ လက်ကို ခဏခဏဆေး ၊ လက်ကို နှာခေါင်းတွေ မပွတ်နဲ့ပေါ့နော်။ ထူထပ်တဲ့နေရာတွေသွားရင်တော့ နှာခေါင်းစည်းပြီးတော့ထား n95 တပ်ရင် ၉၅ ရာခိုင်နှုန်းလောက်ကာကွယ်နိုင်တယ်ပေါ့နော်။ သာမန် mask တပ်တာလည်း မကာကွယ်နိုင်ဘူးတော့မဟုတ်ဘူးပေါ့နော် အသင့်အတင့် ကာကွယ်နိုင်ပါတယ်။ ဒီထက်ပိုအရေးကြီးတာက ဆေးခန်းတွေကို ခုနက ၅ ရက်လောက်အထိတော့ ကိုယ့်ကိုယ်ကို မကုပါနဲ့ အဲဒါမျိုးတွေတော့ ကျနေ်ာတို့ ပါစေချင်တာပေါ့နော်။”

မြန်မာနိုင်ငံတွင်း လတ်တလောဖြစ်ပွားနေတဲ့ A(H1N1) ရာသီတုပ်ကွေးရောဂါ Seasonal Influenza နဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်တာ၊ ရောဂါစောင့်ကြပ်ကြည့်ရှုတာ၊ ကာကွယ် ထိန်းချုပ်တာ နောက် ကုသမှုပေးတာနဲ့ ကျန်းမာရေးပညာပေးလုပ်ငန်းတွေ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ H1N1 ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေတဲ့အချိန်မှာတော့ ကျန်းမာရေးဦးစီးဌာနနဲ့အတူ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာနအသီးသီးကလည်း ရောဂါကြိုတင်ကာကွယ်ရေးပညာပေးလုပ်ငန်းတွေကို ပူးပေါင်း ဆောင်ရွက်နေကြချိန် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အနုပညာရှင်တွေ လူငယ်တွေဘက်ကလည်း ပူးပေါင်းပါဝင်လှုပ်ရှားနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG