သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ကြောင့် သေဆုံးသူ ၁၀ ဦးရှိကြောင်း ကျန်းမာရေးဌာန ထုတ်ပြန်


မြန်မာနိုင်ငံမှာ A(H1N1) pdm 09 ရာသီတုပ်ကွေးရောဂါပိုးရှိသူတွေထဲက သေဆုံးသူ ၁၀ ဦးရှိသွားပြီလို့ မြန်မာနိုင်ငံ ကျန်းမာရေး ဌာနရဲ့ ဇူုလိုင်လ ၃၀ ရက်၊ တနင်္ဂနွေနေ့ နောက်ဆုံးထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့၊ နေ့လည် ၂ နာရီအထိ ရထားတဲ့ စာရင်းဇယားတွေအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၅ ဦး၊ အထူးကုဆေးရုံ ဝေဘာဂီမှာ ၃ ဦး၊ ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး နေပြည်တော်မှာ ၁ ဦး စုစုပေါင်း လူနာ ၉ ဦးဟာ H1N1 ရောဂါပိုးရှိနေသူတွေ အဖြစ် အတည်ပြုထားပြီး အတွင်းလူနာတွေအဖြစ် တက်ရောက်ကုသမှုခံယူနေတယ်လို့လဲ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာတနိုင်ငံလုံးအနေနဲ့ဆိုရင် လတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ကုသမှုခံယူနေသူ ပေါင်း ၁၈၂ ဦးရှိထားပြီး အဲဒီထဲမှာ H1N1 ရောဂါပိုးရှိနေသူ စုစုပေါင်း ၅၁ ဦးရှိတယ်လို့လဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။

ဒီအတောအတွင်းမှာပဲ နှစ်စဉ်ကျင်းပတဲ့ တောင်ပြုံးပွဲတော်ဟာ ဒီနှစ်မှာတော့ H1N1 ရောဂါ ကျရောက်နေဆဲဖြစ်တဲ့ ဇူုလိုင်လ ၃၁ ရက်နေ့ကနေ သြဂုတ်လ ၇ ရက်နေ့အထိ ပွဲတော်ကာလဖြစ်နေတာကြောင့် H1N1 ရောဂါကို ထိန်းချုပ်နိုင်တဲ့ကာလအထိ တောင်ပြုံးပွဲတော်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကို ပြောပါတယ်။

"ကျနော်တို့က တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားအတွက် ကျန်းမာရေးရှု့ထောင့်ကနေ ပိတ်ကိုပိတ်ရမယ်နော်။ ဒါက ညွန်ကြားချက်အရ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီ Virus ရောဂါတွေက Medical field မှာ ကြိုတင်ကာကွယ်တာကလွဲလို့ ကုလမှုက ထိရောက်မှု သိပ်မရှိဘူး။ ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပဲဖြစ်တယ်။"

ပွဲတော်ရက်အတွင်း တနိုင်ငံလုံးကလာရောက်တဲ့ လူအရေအတွက်ဟာ နေ့စဉ် ၁ သိန်းဝန်းကျင် ရှိတဲ့အတွက် H1N1 ရောဂါ ဖြစ်ပွားမှုနဲ့ ပြန့်ပွားမှုဟာ ပြည်သူလူထုတရပ်လုံးအတွက် အထူးစိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ မန္တလေး တိုင်းဝန်ကြီးချုပ်ထုတ်ပြန်တဲ့ အမိန့်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG