သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၆ ဦးထိ တိုးလာ


ရာသီတုပ်ကွေးရောဂါ H1N1 နဲ့ သေဆုံးတဲ့ လူနာ ၆ဦးအထိရှိသွားပြီဖြစ်ပြီး တနိုင်ငံလုံးမှာ ဒီ ရောဂါ ဖြစ် ပွားသူ အယောက် ၃၀ရှိသွားပြီလို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ပြောလိုက်ပါတယ်။ H1N1 ကို ကာ ကွယ်ဖို့အတွက် လက်ရှိ ဈေးကွက်ထဲက ကာကွယ်ဆေးတွေက ထိရောက်မှုနည်းတာမို့ လက်ရှိ မြန်မာ ပြည်မှာ ဖြစ်ပွားနေတဲ့ H1N1 နဲ့ ကိုက်ညီမယ့် ကာကွယ်ဆေးရဖို့ ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇကို ဂျပန်ကို ပေးပို့ ထားပြီး ကာကွယ်ဆေးထိုးနိုင်ဖို့ စီစဉ်နေတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန တာဝန်ရှိသူက ပြော ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြ ပေးပါမယ်။

အခု ဇူလိုင်လထဲမှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ အယောက် ၃၀အထိ ရှိပြီး ဒီကနေ့ ဇူလိုင် လ ၂၇ရက်နေ့အထိ H1N1 ကြောင့် သေဆုံးသူ ၆ဦး ရှိသွားပြီဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန က ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“ဇူလိုင် ၁၉ ရက်နေ့ကနေစပြီးတော့ ဒီနေ့ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ ကူးစက်ခံရသူလို့တော့ ပြောလို့မရဘူးပေါ့နော် ၊ ဆေးရုံမှာ ပြင်းထန် နမိုးနီးယားနဲ့ တက်ရောက်ကုသတဲ့ ဦးရေလို့ပြောလို့ရတာပေါ့နော်။ ပြင်းထန် နမိုးနီးယားနဲ့ တက်ရောက်တဲ့ဦးရေ ၅၀ ရှိပါတယ်။ အဲဒီ ၅၀ ထဲမှာ ဒီပိုးတွေ့တာပေါ့နော် H1N1/ pdm09 ၂၀၀၉ ပိုးတွေ့သူပေါင်းကတော့ ၃၀ အဲဒီ ဓါတ်ခွဲအတည်ပြုပြီးမှ ပိုးတွေ့တဲ့အထဲမှာ သေဆုံးသူ ၆ ဦး ရှိပါတယ်။ မနေ့က ၃ ဦး ဒီကနေ့ထပ်ပြီးတော့ ၃ ဦး သေဆုံးတယ်လို့ သတင်းရပါတယ်။”

ရာသီတုပ်ကွေးရောဂါ H1N1 ကြောင့် ကနဦးပိုင်းက သေဆုံးသူ ၃ဦးရှိထားပြီး ရန်ကုန် ကလေး ဆေးရုံ ကြီးက ကလေးငယ်တဦး၊ သင်္ကန်းကျွန်း စံပြ ဆေးရုံက လူနာ ၂ဦး H1N1နဲ့ ထပ်ပြီး သေဆုံးတာဖြစ်ပါ တယ်။

လက်ရှိမှာ H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ လူနာတွေ တွေ့ရှိထားတဲ့ ချင်းပြည်နယ်၊ ပဲခူး တိုင်း၊ ဧရာဝတီ တိုင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ရာသီတုပ်ကွေးရောဂါ H1N1 ထိန်းချုပ်နိုင်ဖို့ တွန်းတွန်း တိုက်တိုက် လုပ်ဆောင်နေတယ်လို့လည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဆိုပါတယ်။ရာသီတုပ်ကွေး ရောဂါ H1N1 ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကမ္ဘာ့ကျန်းမာ ရေး အဖွဲ့ WHO ထံက ဆေးပစ္စည်း အကူညီတွေ တောင်းခံထားတယ်လည်း ရှိပါတယ်။

Influenza A(H1N1) pdm09 ဗိုင်းရပ်စ်ပိုးဟာ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ရာသီတုပ်ကွေးရောဂါ Seasonal Flu H1N1 အနေနဲ့ ဆက်လက်ပြန့်ပွားနေတာပါ။ မြန် မာပြည်မှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ အတွင်း ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားသူ ၄၅၀ကျော် ရှိခဲ့ ပြီး အခု ၂၀၁၇ နှစ်မှာမှ H1N1 နဲ့ လူသေဆုံးမှုရှိကြောင်း တွေ့ရှိရတာလည်း ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ရာသီတုပ်ကွေးရောဂါ H1N1 အတွက် ကာကွယ်ဆေးထိုးနိုင်ဖို့ စီစဉ်နေတယ်လို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။ မြန်မာပြည်မှာဖြစ်တဲ့ H1N1 ဗိုင်းရပ်စ်ပိုးရဲ့ ဗီဇကို ဂျပန်နိုင်ငံကို ပေးပို့ထားပြီး လက်ရှိဖြစ်ပွားနေတဲ့H1N1 နဲ့ ကိုက်ညီတဲ့ ကာကွယ်ဆေးရဖို့ လုပ်ဆောင်နေတယ်လို့ လည်း ဆိုပါတယ်။

“ကာကွယ်ဆေးထုတ်ဖို့အတွက် ကျနော်တို့ စီစဉ်နေပါတယ်။ စီစဉ်တဲ့အခါမှာ ကျနော်တို့ လူထုကို သိအောင်ပြောပြပါ။ ကျနော်တို့က ဘယ်လိုလဲဆိုတော့ ကာကွယ်ဆေးအမျိုးအစားတွေက H1N1 တူပေမယ့်ပေါ့နော် southern နဲ့ Northern ဆိုပြီးရှိတယ်။ ရတဲ့ကာကွယ်ဆေးတွေသည် အမေရိကန်မှာဖြစ်တဲ့ H1N1 ၂၀၀၉ ကိုပဲ သူ့အမျိုးအစားနဲ့ ကျနော်တို့မှာရှိတဲ့ H1N1 ပိုးချင်းတူပေမယ့် တနေရာနဲ့ တနေရာမတူတတ်ဘူးပေါ့နော်။ Genotype လို့ခေါ်တယ်၊ Genotype မတူဘူးပေါ့နော် ။ ဆိုတော့ ကျနော်တု့ိက ကိုယ့်နိုင်ငံက ဓါတ်ခွဲနမူနာတွေကို ဂျပန်ကို ပို့ထားပြီး စစ်ဆေးလျက်ရှိပါတယ်။ ဈေးကွက်ထဲမှာ ဝယ်လို့ရတဲ့ဆေး ကာကွယ်ဆေးတွေကတော့ ထိရောက်မှုနည်းတာပေါ့နော်။ ရတဲ့ ကာကွယ်ဆေးပဲ ထိုးမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းပဲ ကာကွယ်တာပေါ့နော်။ ကိုယ့်နိုင်ငံတွေ့တဲ့ပိုးနဲ့ ကာကွယ်ဆေးဆိုရင်တော့ မထိရောက်ဘူး၊ လူထုအနေနဲ့လည်း ဒါလေးတွေကို သိထားဖို့လိုပါတယ် ၊ ကာကွယ်ဆေးဆိုတာက ရရာထိုးပေးလို့မရဘူးခင်ဗျ သူက side effects တွေလည်းရှိတယ်ခင်ဗျ။”

လက်ရှိ မြန်မာပြည်မှာ ရာသီတုပ်ကွေးရောဂါ H1N1 ဖြစ်ပွားနေတဲ့ လူနာအများစု သေဆုံးရခြင်း ဟာ H1N1 ကြောင့်အပြင် ဘတ်တီးရီးယားကြောင့် ဖြစ်တဲ့ နမိုးနီးယားကြောင့်လဲ ပါဝင်တယ်လို့ ဆေးပညာ ရှင်တွေက သုံး သပ်နေကြတာပါ။

ရာသီတုပ်ကွေးရောဂါဟာ တကမ္ဘာလုံးမှာ နှစ်စဉ် လူဦးရေ ၃သန်းကနေ ၅သန်းအထိ ဖြစ်ပွားလေ့ရှိပြီး လူဦးရေ ၂သိန်းခွဲကနေ ၅သိန်းအထိ သေဆုံးနေတာလဲဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာ ထားတာပါ။ မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ H1N1 ကို ထိန်းချုပ်နိုင်ဖို့ ၁လနီးပါး အချိန်ယူရမယ်လို့ ကျန်းမာရေး ဦးစီးဌာနက ပြောဆိုထားတာလဲ ရှိပါတယ်။

ရာသီတုတ်ကွေးရောဂါ H1N1 ဟာ မိုးရာသီနဲ့ မိုးအကုန် ဆောင်းအကူး ကာလတွေမှာ ဖြစ်ပွားလေ့ရှိ တာဖြစ်ပြီး H1N1 ဗိုင်းရပ်ပိုးဟာ လေထဲတဆင့် အသက်ရှုလမ်းကြောင်းထဲ ဝင်ရောက်ပြီး လူတဦးကနေ တဦးကို ကူးစက်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ချောင်းဆိုး နှာချေတဲ့အခါ တခါသုံး နှာခေါင်းစည်း ဒါမှမဟုတ် လက်ပိုင်ပုဝါ အသုံးပြုတာ၊ လက်ကို ဆပ်ပြာနဲ့ သေချာ ဆေးကြောတာ၊ လူထူထပ်တဲ့ နေရာ တွေကို သွားလာတာကို ရှောင်တာ၊ ကိုယ့်အနီးမှာ တစုံတယောက် တုပ်ကွေးရောဂါဖြစ်ပွားတယ်လို့ သံ သယရှိရင် နီးစပ်တဲ့ ကျန်းမာရေး ဌာနကို အမြန်ဆုံးဆက်သွယ်တာတွေ လုပ်ဖို့ ကျန်းမာရေး ဝန်ကြီး ဌာနက ညွှန်ကြားထားတာလဲ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG