သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ရာသီတုပ်ကွေးပျံ့နှံ့မှု တိုင်းနဲ့ပြည်နယ်လေးခုမှာ အထူးစောင့်ကြည့်


မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရာသီတုပ်ကွေး ကူးစက်ရောဂါကိုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ဦးစီးဌာနက ချင်းပြည်နယ် အပါအဝင်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတွေကို အထူးစောင့်ကြပ် ကြည့်ရှုနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။ ဘယ်ဒေသတွေကို အဓိကထား စောင့်ကြည့်နေပါသလဲလို့ VOA ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွှန်/ချုပ် ဒေါက်တာ သန်းထွန်းအောင်က ခုလို စတင်ဖြေကြားပါတယ်။

ဒေါက်တာ သန်းထွန်းအောင်။ ။အဓိကတော့ စဖြစ်တုန်းကတော့ ချင်းပြည်နယ်မှာ စဖြစ်တယ်ပေါ့နော် အခုလောလောဆယ် ရန်ကုန်တိုင်းဒေသကြီးက အရေးကြီးပါတယ်ခင်ဗျာ။ ကျနော်တို့ ဦးစားပေးဆောင်ရွက်နေပါတယ်။ နောက်တခုအရေးကြီးတာက ဧရာဝတီတိုင်း၊ ပဲခူးတိုင်းပါခင်ဗျ။ စုစုပေါင်း အရေးကြီးတဲ့ တိုင်းနဲ့ ပြည်နယ် ၄ ခုပါ။

ကိုဉာဏ်ဝင်းအောင် ။ ။ပထမဦးဆုံးစဖြစ်တဲ့ ချင်းပြည်နယ် မတူပီမြို့မှာ ဓါတ်ခွဲခန်းအတည်ပြုချက်အရ လူနာ ၁၀ ဦးပေါ့နော် ဆရာတို့ဘယ်လိုများဆက်ပြီးတော့ လုပ်ထားပါသလဲ။

ဒေါက်တာ သန်းထွန်းအောင်။ ။ ချင်းပြည်နယ် ၁၀ ဦးက အားလုံးကောင်းတယ်။ ဒါပေမယ့် ဆုံးသွားတဲ့ ကလေးကတော့ H1N1 ပိုးမတွေ့ဘူး။

ကိုဉာဏ်ဝင်းအောင် ။ ။ ဟုတ်ကဲ့ဆရာတို့ ကူးစက်ရောဂါတိုက်ဖျက်ရေး အနေနဲ့ကပေါ့လေ ၊ လူနာတွေရဲ့ ရောဂါလက္ခဏာအခြေအနေ စောင့်ကြည့်အတည်ပြုတဲ့အဆင့်နဲ့ Lab confirmation ဓါတ်ခွဲခန်းတွေမှာ စမ်းသပ်စစ်ဆေးအတည်ပြုတဲ့အနေအထားပေါ့ ဘယ်လိုတွေ ဆောင်ရွက်နေပါသလဲ။

ဒေါက်တာ သန်းထွန်းအောင်။ ။ အခု ကျနော်တို့ကလေ Community base ရှိတယ် ၊ Hospital Base ၂ ခုရှိပါတယ်။ ဓါတ်ခွဲစစ်ဆေးတဲ့အခါမှာလေ Community base ဆိုတာက Community ထဲမှာဆိုတာက ရပ်ကွက်တွေ၊ ကျေးရွာတွေ မှာ နှာဆေးခေါင်းဆိုးပြီးတော့ တုပ်ကွေးနဲ့ ဆက်စပ်တဲ့ လူနာတွေဆိုရင် ကျနော်တို့က သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဌာနဦးစီးဌာန ကနေ ပြီးတော့မှ သတင်းပို့တဲ့စနစ်ရှိပါတယ်။ သတင်းရရင် သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေးဌာနဦးစီးဌာန ကနေ တိုင်းဒေသကြီး ပြည်နယ်ကျန်းမာရေးဌာနဦးစီးဌာန ကနေ သွားပြီးတော့ Rapid response Team ဆိုပြီးတော့ လွှတ်လိုက်ပါတယ်။ လွှတ်ပြီးရင်သူက သွားပြီးတော့ စစ်ဆေးပေးရပါတယ်။ စစ်ဆေးပြီးမှ ဓါတ်ခွဲနမူနာယူတာ ရှိပါတယ်။ နောက်တခုက Hospital Baseပေါ့ ဆေးရုံမှာဖြစ်တဲ့အခါမှာလည်း ဖျားနာပြီးတော့ ချောင်းဆိုးတယ် ဘာညာဆိုရင် ကျနော်တို့က ဆေးရုံကနေ သက်ဆိုင်ရာ ဆရာဝန်ကနေ ရာသီတုပ်ကွေးတွေဖြစ်နေမလား ဆိုပြီးတော့ ကြည့်ပြီးတော့ ဓါတ်ခွဲနမူနာယူတာတွေရှိပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ ကျနော်တို့ သတိထားမိတာက အရင်တုန်းကဆိုရင်လည်း ဒီကူးစက်မြန်ရောဂါတခုခုကို ကြုံလာရတဲ့ အခါမျိုးမှာ မြန်မာနိုင်ငံကို ဝင်ပေါက်တွေဖြစ်တဲ့ လေဆိပ်တို့၊ သဘောၤဆိပ်တို့လိုနေရာမျိုးမှာ စောင့်ကြည့်စစ်ဆေးမှုတွေ ရှိပါတယ်။ ဒီတခေါက်မှာရော ဘယ်နေရာတွေမှာ ဘယ်လိုဆောင်ရွက်ထားတာရှိပါသလဲ။

ဒေါက်တာ သန်းထွန်းအောင်။ ။ အခုကျနေ်ာတို့ဒီ airport entry ဝင်ပေါက်၊ထွက်ပေါက်တွေပေါ့နော် အရင်တုန်းကတော့ ကိုယ့်ဆီကို ဝင်လာတဲ့လူတွေကို စစ်ဆေးနေရပါတယ်။ ဒီတခါကျတော့ ကိုယ့်နိုင်ငံက ထွက်မယ့်လူတွေကိုလည်း စစ်ဆေးပေးပါတယ်။ အဲဒါကတော့ လေဆိပ်ထွက်ပေါက်တွေ၊ ရေဆိပ်ထွက်ပေါက်တွေ ၊ ကားလမ်းထွက်ပေါက်တွေ မြေပြင်ဖြတ်လမ်းတွေမှာလည်း ကျနော်တို့ ကျန်းမာရေး ဝန်ထမ်းတွေက ကျနော်တို့ ထွက်မယ့်လူတွေကိုလည်း အဖျားရှိမရှိစစ်ဆေးပါတယ်။ ရှိတယ်ဆိုရင်တော့ ကျနော်တို့က တုပ်ကွေးလားဆိုပြီးတော့ ကျနော်တို့က အပြင်ကို မထွက်နဲ့ ဦး ၊ ဒီလိုမျိုးလုပ်နေပါတယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင် ။ ။ နောက်တခုက လူနာတွေရဲ့ရောဂါကို အတည်ပြုနိုင်ဖို့ ဓါတ်ခွဲခန်းတွေလည်း အလုံအလောက် ပြင်ဆင်ထားနိုင်ပါရဲ့လားခင်ဗျ။

ဒေါက်တာ သန်းထွန်းအောင်။ ။ဟုတ်ကဲ့အဓိကတော့ ကျနော်တို့က ပြည်သူ့ကျန်းမာရေးဌာန ရန်ကုန်မှာရှိပါတယ်။ National Health laboratory လို့ခေါ်ပါတယ်။ ဒီတုပ်ကွေးကို စစ်ဆေးတာလေ။ အဲဒီမှာပဲ အဓိကလုပ်ပါတယ်။ ဆိုတော့ ပြင်ပ laboratory မသုံးဘူး ၊ ဆေးရုံကြီး ဓါတ်ခွဲခန်း တွေမှာမသုံးဘူး။ နှာခေါင်း ထဲကနေ နမှုနာအစ ကိုယူပါတယ်။ ရန်ကုန်မှာရှိတဲ့ National Health laboratory မှာပဲ စစ်ပါတယ်ခင်ဗျ။ လောလောဆည်အနေအထားကတော့ လုံလောက်မှုတွေတော့ရှိပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။အကယ်၍ H1N1 ကူးစက်ရောဂါတကယ်တွေ့လာရင် လူနာတွေကို ကုသဖို့အတွက် လိုအပ်တဲ့ဆေးဝါးနဲ့ ရောဂါကာကွယ်ရေးပစ္စည်းတွေရော ဆရာတို့ဆီမှာ အလုံအလောက်ရှိပါသလား။

ဒေါက်တာ သန်းထွန်းအောင်။ ။ Tamiflu တို့ ဘာတို့ ရှိသော်လည်း ၄၈ နာရီအတွင်း ကုသမှထိရောက်မယ်။ ၄၈ နာရီကျော်သွားရင် မထိရောက်ဘူး။ အထူးကု ဆရာဝန်ကြီးတွေ က antiviral drug ကို သိပ်အားမကိုးဘူး။ အဓိက အသက်ရှု အားကူတဲ့ ကိရိယာတွေလိုတယ်။ နောက် ICU equipment တွေလိုတယ်။ Intensive ကြပ်မက်ကုသတဲ့ ဆေးပစ္စည်းကိရိယာတွေ လိုတယ်။ နောက်တခုက ကုသမယ့် ကျန်းမာရေးဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းက mask တွေ၊ တဦးချင်းအကာအကွယ်ယူဖို့ ပစ္စည်းတွေ၊ anti septic တွေ အပြည့်အစုံ ရှိရပါမယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ဟုတ်ကဲ့ ဒေါက်တာ သန်းထွန်းအောင် ကျေးဇူးအများကြီးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG