သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1ကြောင့် သေဆုံးသူ ၁၄ဦးထိ တိုးလာ


မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၁၄ ဦးအထိ ရှိလာနေပြီး ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတချို့နဲ့ နိုင်ငံခြားသားတဦး လည်း ပါဝင်ပါတယ်။ ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ နည်းပါးအောင် ကျန်းမာရေးဌာနက အလေးပေး ဆောင်ရွက်နေပြီး ရောဂါအဖြစ် အများဆုံးနေရာတွေကို အဓိကထား ကြပ်မတ်ဆောင်ရွက်နေတဲ့အကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ စုံစမ်းမေးမြန်း ထားတဲ့ မခင်ဖြူထွေးက နောက်ဆုံးအခြေအနေ သိရသလောက် ပြောပြပေးပါမယ်။

H1N1 ရာသီတုပ်ကွေး ရောဂါနဲ့ ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသမီး လူနာတဦး ထပ်မံ သေဆုံးခဲ့တာကြောင့် ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့ အထိ သေဆုံးသူ အရေအတွက် စုစုပေါင်း ၁၄ ဦးအထိ ရှိသွားပြီး ရောဂါပိုး ကူးစက်ခံထားရသူ ကတော့ ၁၁၀ ဦး ရှိတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က အတည်ပြု ပြောပါတယ်။

“သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီကနေပြီးတော့ သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီထိ သံသယလူနာ ၂၁ ဦးကို ဓါတ်ခွဲစမ်းသပ်ခဲ့တယ်ပေါ့နော်။ စမ်းသပ်တဲ့အခါမှာ ကျနော်တို့ ပိုးတွေ့လူနာပေါ့ ကျနော်တို့ ၁၁ ဦးထပ်ပြီးတော့ တွေ့ပါတယ်။ အားလုံးကျနော်တု့ိ ပိုးတွေ့လူနာပေါင်းက ၁၁၀ ရှိပါတယ်။ ပြီးတော့ ဒီကနေ့ ထပ်ပြီးတော့မှ ၁ ယောက်ပေါ့နော် ရန်ကုန်ဆေးရုံကြီးမှာ အမျိုးသမီးလူနာတဦး သြဂုတ်လ ၂ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။ ဒါကြောင့် သေဆုံးသူ စုစုပေါင်းက ၁၄ ဦးပါခင်ဗျ။”

လက်ရှိ ကူးစက်ပိုးတွေ့ထားသူ ၁၀၀ ကျော်ထဲမှာ ကျန်းမာရေးဝန်ထမ်းတချို့နဲ့ နိုင်ငံခြားသားတဦးလည်း ပါ ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး မှာ ဖျာပုံ ပြည်သူ့ဆေးရုံကြီးက ဆေးရုံအုပ်ကြီးလည်း H1N1 ရာသီတုပ်ကွေးရောဂါ ကူးစက်ခံနေရတာကြောင့် ရန်ကုန် ဝေဘာဂီ ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။ ဒါကြောင့် လောလောဆယ် ဖျာပုံမြို့နယ်မှာ ဒီရောဂါပိုး ကူးစက်မှုတွေကို ကြိုတင်ကာကွယ်နိုင် အောင် အထူး ကြပ်မတ်ဆောင်ရွက်နေပြီး စိုးရိမ်မှုတွေလည်း တိုးလာနေပါတယ်။ မြန်မာနိုင်ငံတဝှမ်း ပြီးခဲ့တဲ့လကစလို့ ပျံ့နှံ့ ဖြစ်ပွားလာနေတဲ့ H1N1 ရာသီတုပ်ကွေးကြောင့် ဖျာပုံမှာ သေဆုံးသူ တဦး ရှိထားပြီး ဖြစ်ပါတယ်။

ပြည်သူ့ ကျန်းမာရေးဌာန အနေနဲ့ ရောဂါဖြစ်ပွားမှုတွေနဲ့ သေဆုံးမှုတွေ နည်းပါးအောင် အလေးပေး ဆောင်ရွက်နေတဲ့အကြောင်း ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။ ရောဂါ အဖြစ်များဆုံး နေရာတွေ ဖော်ထုတ် သတ်မှတ်ပြီး အဲဒီနေရာတွေမှာ ရောဂါ ကာကွယ်မှုတွေကို အထူးကြပ်မတ် အားဖြည့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“အခုကတော့ ကျနော်တို့က အားလုံးပေါ့နော် အစီအစဉ်ကတော့ အဖြစ်များဆုံးတိုင်း ၊ အဖြစ်များဆုံးမြို့နယ် ဒါကိုဦးစားပေးပေါ့နော် အဲလိုမျိုးရွေးချယ်လိုက်တာပေါ့နော် ။ ရွေးချယ်ပြီးမှ အခု ရန်ကုန်တိုင်းဆိုရင်လည်း အဖြစ်အများဆုံးဖြစ်တဲ့ အင်းစိန် ၊ လှိုင်သာယာ ၊ ဒဂုံမြို့သစ်တောင်ပိုင်း။ ဧရာဝတီတိုင်းဆိုရင် ပုသိမ်၊ ညောင်တုန်း ၊ ပဲခူးတိုင်းမှာဆိုရင် ပဲခူးမြို့နယ်ပေါ့နော် အဲဒါကို ကျနော်တို့က ပိုးတွေ့တဲ့လူနာအိမ်တွေကို ကျနော်တို့က ကျန်းမာရေးဝန်ထမ်းတွေ နောက်ပြီးတော့ rapid response team အဖွဲ့တွေသွားပြီးတော့ ကျန်းမာရေးပညာပေးတယ်၊ လူနာတွေနဲ့ အနီးပတ်ဝန်းကျင်အိမ်တွေမှာ ဖျားနာတဲ့လူတွေရှိမရှိ ဒါတွေကို ကျနော်တို့က အနီးကပ် စုံစမ်းစစ်ဆေးနေတယ်၊ ဒါတွေကို ဦးစားပေး ပြီး ဆေးရုံအရောက်နည်းအောင် အားဖြည့်ပြီးတော့ ဆောင်ရွက်နေပါတယ်။”

အပူပိုင်းဒေသတွေမှာ အဖြစ်များတဲ့ H1N1 ရာသီတုပ်ကွေး ရောဂါဟာ မြန်မာနိုင်ငံအပြင် အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ စတဲ့ ဒေသတွင်း နိုင်ငံတွေမှာ ပြီးခဲ့တဲ့လပိုင်းတွေက စလို့ ပျံ့နှံ့ဖြစ်ပွားလာခဲ့တာဖြစ်ပြီး ဒေသတွင်း နိုင်ငံတချို့မှာ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ H1N1 ဗိုင်းရပ်စ်ပိုးဟာ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး မြန်မာပြည်မှာလည်း ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ အတွင်း H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၅၀ ကျော် ရှိခဲ့ပါတယ်။ ဒီနှစ်ထဲ ပြန်လည် ဖြစ်ပွားတာမှာ သေဆုံးသူ ၁၄ ဦးအထိ ရှိလာတာပါ။ ခုလို သေဆုံးမှုတွေ ရှိပေမဲ့လည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနဌာနကတော့ လက်ရှိအခြေအနေမှာ ရောဂါ ပျံ့နှံ့မှု နည်းအောင် ထိန်းချုပ် ဆောင်ရွက်ထားနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ပြောဆိုထားပါတယ်။

H1N1ကြောင့် သေဆုံးသူ ၁၄ဦးထိ တိုးလာ
please wait

No media source currently available

0:00 0:03:22 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG