သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ကြောင့် သေဆုံးသူ ၁၃ဦး တိုးလာ


H1N1 ရာသီတုပ်ကွေးရောဂါ ပြန့်ပွားမှု နည်းပါးအောင် အသိပညာပေးမှုတွေ တိုးမြင့်လုပ်ဆောင်ဖို့ အရေးကြီးအဆိုတရပ် လွှတ်တော်မှာ ဒီကနေ့ တင်သွင်းခဲ့တာမှာ ကန့်ကွက်သူ ပိုများတာကြောင့် အဆိုပြုချက် အတည်မဖြစ်ခဲ့ဘဲ မှတ်တမ်းတင်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနှစ်ထဲ ဒီရောဂါ စတင်ဖြစ်ပွားချိန်ကစလို့ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့အထိ H1N1 ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၁၃ ဦးရှိပြီး ကူးစက်ခံရသူ ၉၉ ရှိတဲ့အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီကနေ့ လွှတ်တော်တွင်း တင်ပြဆွေးနွေးမှုတွေနဲ့အတူ H1N1 ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားမှု၊ ထိန်းချုပ်ကာကွယ်မှုတွေနဲ့ ပတ်သက်လို့ စုံစမ်း မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

H1N1 ရာသီတုပ်ကွေးရောဂါ ပျံ့နှံ့ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူတွေကြားမှာ ကျန်းမာရေးအသိတွေ ပိုမိုရရှိအောင် အရှိန်မြင့် ဆောင်ရွက်သွားဖို့ တောင်းဆိုတဲ့ အရေးကြီးအဆိုတရပ်ကို ဒီကနေ့ လွှတ်တော်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကျောက်ကုန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းထွန်း က တင်သွင်းခဲ့တာပါ။ ဒါပေမဲ့ ဒီအဆိုကို ထောက်ခံသူထက် ကန့်ကွက်သူ ပိုများခဲ့ပြီး နောက်ဆုံး အဆိုကို မှတ်တမ်းတင်ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီရောဂါ ပြန့်နှံ့ဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ ထိန်းချုပ် ကာကွယ်နိုင်အောင် ကျန်းမာရေးဌာနက အထိရောက်ဆုံး ကိုင်တွယ် ဆောင်ရွက်နေ တာကြောင့် စိုးရိမ်မှု မလွန်ကဲဖို့နဲ့၊ လက်ရှိအခြေအနေမှာ ရောဂါ ပျံ့နှံ့မှု နည်းအောင် ထိန်းချုပ် ဆောင်ရွက်ထားနိုင်တဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက ဒီကနေ့ လွှတ်တော်မှာ ရှင်းလင်း တင်ပြသွားပါတယ်။

“ဒီကိစ္စတွေအားလုံးဟာ ယခင်ထဲကလည်းလုပ်နေပါတယ်။ တောက်လျောက် အကုန်ကြည့်ရှုနေတယ်။ ဒါတွေကို အကုန်လုပ်နေတယ် အခုလည်းအားလုံးလုပ်နေတယ်။ အခုအနေနဲ့လည်း ကျနော်တို့ကျေနပ်တယ်၊ ဆက်လက်ပြီးလုပ်ဖို့လည်း ဘာတွေလုပ်ရမယ်ဆိုတာ သိတဲ့အတွက် ကျနော့်အနေနဲ့ လေးစားစွာပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးကတဆင့် ဒီအဆိုကိုတော့ မှတ်တမ်းတင်သင့်ကြောင်း ကျနော်တင်ပြပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်။”

မြန်မာနိုင်ငံမှာ H1N1 ရာသီ တုပ်ကွေးရောဂါ ပြန်လည် ဖြစ်ပွားလာခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဒီနေ့ သြဂုတ်လ ၂ ရက်နေ့အထိ ဒီရောဂါကြောင့် သေဆုံးသူ ၁၃ ဦးရှိပြီး ကူးစက်ခံနေရသူ ၉၉ ဦးနဲ့ ပြင်းထန် အဆုပ်ရောင်ရောဂါနဲ့ ဆေးရုံတင်ထားရသူပေါင်း ၂၈၄ ဦးရှိတဲ့အကြောင်း ကျန်းမာရေးဦးစီးဌာနက အတည်ပြု ပြောပါတယ်။ ရောဂါဖြစ်ပွားမှု အရေအတွက် တိုးလာတယ် ဆိုပေမဲ့လည်း သေဆုံးမှုနှုန်း နည်းပါးအောင် ကျန်းမာရေးဌာနက ဦးစားပေး ဆောင်ရွက်နေပြီး၊ ကျေးလက်တောရွာတွေအထိ ဒီရောဂါနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေ အသေးစိတ် ချမှတ် ဆောင်ရွက်နေတာကြောင့် ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုနဲ့ သေဆုံးမှု နည်းပါးလာနိုင်တဲ့ အလားအလာ ကောင်းတွေ ရှိတယ်လို့ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ဗွီအိုအေကို ပြောပါတယ်။

“Guideline ရှိပါတယ် ပြည်သူ့ ကျန်းမာရေးကနေ ရမယ့် Guideline တွေလည်းထုတ်ထားတယ်။ အခုဆက်လက်လုပ်ရမယ့် Guideline တွေလည်းထုတ်ထားတယ်။ ဆိုတော့ ပြည်သူ့ ကျန်းမာရေးဘက်က လုပ်ရမယ့် Guideline တွေဆိုရင် ကျနော်တို့က ရပ်ကွက်ကျေးရွာာ ဘယ်နေရာမှာပဲ တွေ့တွေ့ပေါ့နော် သားဖွားဆရာမဆီမှာပဲလာပြရင်လည်း တုပ်ကွေးရောဂါလက္ခဏာရှိမရှိပေါ့နော်၊ ရှိရင် အဲဒီမှာ စစ်ဆေးရမယ်။ Rapid diagnosis test မှာ Positive ဖြစ်တယ်ဆိုရင် ဓါတ်ခွဲနမူနာကို သူက မြို့နယ်ဆေးရုံမှာ ပို့ရမယ်။ ပို့ပြီးတော့ မြို့နယ်ဆေးရုံမှာ ဓါတ်ခွဲနမူနာယူမယ်။ ပြီးရင် ရန်ကုန်ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲဌာနကို ပေးပို့ပြီးတော့ H1N1/ 2009 ရှိမရှိစစ်ဆေးတာပေါ့ အဲဒီ Guideline တွေလည်း ကျနော်တို့လုပ်ထားတယ်။ နောက်ပြီးတော့ GP တွေမှာတွေ့တယ်ဆိုရင်လည်း ဘယ်လိုစစ်ဆေးရမယ်၊ ဘယ်လိုဓါတ်ခွဲနမူနာယူရမယ် ဆိုတဲ့ Guideline တွေခုထားတယ်။ ဒါမှမဟုတ်ရင်လည်း နယ်မှာရှိတဲ့ ကျနော်တို့ တနိုင်ငံလုံးကို Cover ဖြစ်ပါတယ်။ နောက်ပြီးတော့ ဆေးရုံကြီးမှာ တွေ့တယ်ဆိုရင်လည်း ဘယ်လိုလုပ်ရမယ်ဆိုတဲ့ Flow chart လေးတွေရှိတဲ့အတွက် ကျနော်ထင်ပါတယ် လွတ်သွားစရာအကြောင်းမရှိပါဘူး။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ H1N1 ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ ရောဂါ လက္ခဏာပြဖို့ ၂ ရက်ကနေ ၇ ရက်အထိ အချိန်ယူ တတ်တာမို့ မကြာခင်မှာ ရောဂါဖြစ်ပွားသူ ဦးရေ တိုးလာနိုင်ခြေရှိတယ်လို့ သတိပေးထားပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဌာနကတော့ ဒီရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးအသိပေးမှုတွေ အရှိန်မြင့်ဆောင်ရွက်နေပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ရောဂါ ပျံ့နှံ့ ဖြစ်ပွားမှုကိုတော့ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ ပြောနေတာပါ။

H1N1 ဗိုင်းရပ်စ်ပိုးဟာ ၂၀၀၉ ခုနှစ်မှာ ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး မြန်မာပြည်မှာလည်း ၂၀၀၉ ခုနှစ်ကနေ ၂၀၁၆ အတွင်း H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၅၀ ကျော် ရှိခဲ့ပါတယ်။ ဒီနှစ်ထဲ ပြန်လည် ဖြစ်ပွားတာမှာ သေဆုံးသူ ၁၃ ယောက်အထိ ရှိလာနေတာဖြစ်ပါတယ်။

H1N1 ကြောင့် သေဆုံးသူ ၁၃ဦး တိုးလာ
please wait

No media source currently available

0:00 0:04:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG