မြန်မာနိုင်ငံမှာ H1N1 တုပ်ကွေး Virus ကြောင့် သေဆုံးသူ ၁၂ ယောက်ရှိသွားခဲ့ပါပြီ။ ဇုလိုင် လ ၃၁ ရက် တနင်္လာနေ့ ညနေပိုင်းအထိ မြန်မာနိုင်ငံမှာ H1N1 ရာသီတုပ်ကွေး Virus ကူးစက်နေသူပေါင်း ၆၂ ယောက်ရှိနေပြီး သေဆုံးသူ ၁၂ ယောက်ဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။
H1N1 Virus ပိုးကူးနေသူတွေအပါအဝင် အသက်ရှူလမ်းကြောင်းမှာ စိုးရိမ်ဖွယ်ရာ ပြင်းထန်တဲ့ပိုးဝင်ရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံတက်ကုသနေတဲ့ လူနာ (Severe Acute Respiratory Infection) စုစုပေါင်းက ၂၁၃ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ H1N1 ရာသီတုပ်ကွေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေနဲ့ အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ H1N1 ရာသီ တုပ်ကွေးရောဂါ ကူးစက်ပျံ့မှုကို ထိန်းချုပ်ဖို့နဲ့ ကာကွယ် တားဆီး နိုင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေကို ကူုညီပံ့ပိုးပေးနေသလို ဂျပန်မှာ ရှိတဲ့ ဓါတ်ခွဲခန်းကို မြန်မာနိုင်ငံမှာ ဖြစ်ပွါးတဲ့ ပိုးအမျိုးစားနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်ဖို့ ပို့ပေးတယ်လို့ WHO ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost က VOA မြန်မာပိုင်းကို ပြောပါတယ်။
H1N1 ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀ ထက်နည်းရှိနေချိန်မှာ အများပြည်သူကြား ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်မယ့် အသိပညာပေးဆောင်ရွက်မှုတွေကို ကျန်းမာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့အတူ လူမှုအဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကလည်းပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်တွေ နှာခေါင်းစည်းတွေ ဖြန့်ဝေတာ။ ပိုစတာတွေကပ်တာတွေကို ကျောင်းတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ လိုက်လုပ်ပေးနေကြပါတယ်။