မြန်မာနိုင်ငံမှာ A- H1N1 အမျိုးအစား တုပ်ကွေးရောဂါပိုးကြောင့် သေဆုံးသူဦးရေ ၅ဦး ထိရှိနေပြီဖြစ်ပြီး ရောဂါပိုးတွေ့ရှိထားသူ ၁၄ဦး ရှိနေကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြုလုပ်တဲ့ ဒီကနေ့သတင်းစာ ရှင်းလင်းပွဲမှာကြေညာထားပါတယ်။ သေဆုံးသူတွေ ၊ရောဂါပိုးရှိသူတွေရဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်တွေကိုလည်း ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်နေပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်နေတယ်လို့လည်း တာဝန်ရှိတစ်ဦးက VOA ကိုပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက ပြောပြပေးမှာပါ။
မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ရန်ကုန်တိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ A-H1N1 pdm09 အမျိုးအစား ရာသီတုပ်ကွေးရောဂါကြောင့် သေဆုံးသူ လူနာပေါင်း၅ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ ၁၄ဦးရှိထားကြောင်း ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက အခုလိုပြောပါတယ်။
“A-H1N1 pdm09 တွေ့တဲ့လူနာက ကျမတို့ ၁၄ ဦးရှိပြီဖြစ်ပါတယ်။ အဲဒီအနက် ဇွန်လအတွင်းမှာ ဖြစ်ပွားသူ လူနာကတော့ ၁၀ ဦးဖြစ်တယ်။ အဲဒီမှာ ရန်ကုန်တိုင်းဒေသကြီးက ၄ ဦးသေဆုံးပြီးတော့ စစ်ကိုင်းတိုင်းဒေသ က ၁ ဦးပေါ့ စုစုပေါင်း ၅ ဦးသေဆုံးပါတယ်။ ဒါအခုအချိန်အထိပေါ့လေ။”
လက်ရှိမှာ သေဆုံးသွားတဲ့ လူနာတွေနဲ့ ရောဂါပိုးတွေ့ရှိထားသူတွေရဲ့ အိမ်သားတွေ၊ ပတ်ဝန်းကျင်တွေကို ကျန်းမာရေးဝန်ထမ်းတွေက လေ့လာစောင့်ကြည့်တာတွေနဲ့ ကြိုတင်ကာကွယ်ရေးတွေ ပြုလုပ်ပေးနေတယ်လို့ ပည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာမြင့်တင်ရေးဦးစီးဌာနက ညွန်ကြားရေးမှူး Dr.ဒေါ်ဖြူဖြူအေး က VOAကို အခုလိုပြောပါတယ်။
“ ကျမတို့ အခြေခံကျန်းမာရေး ဝန်ထမ်းတွေက သေဆုံးသူတွေနေထိုင်တဲ့ အိမ်နဲ့ ပတ်ဝန်းကျင်မှာ ဒီရာသီတုပ်ကွေး လက္ခဏာတွေ ရှိမရှိကို စောင့်ကျပ်နေတာ။ ရှိရင် ကျမတို့ အဲဒါကို သတင်းယူတယ်။ သတင်းယူပြီးရင် ပြင်းထန်လက္ခဏာ တွေ့တယ်ဆိုရင် သက်ဆိုင်ရာဆေးရုံဆေးခန်းတွေမှာ အချိန်မီ လွဲပြောင်းဖို့လုပ်နေပါတယ်။”
စစ်ကိုင်းတိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်း၊နေပြည်တော်နဲ့ ရန်ကုန်တိုင်းတွေမှာ ရောဂါပိုးတွေ တွေ့ထားရပြီး ရန်ကုန်တိုင်းတွင်းမှာ အဖြစ်များနေတယ်လို့ ကျန်းမာရေးဦးစီးဌာနက အသိပေးထားပါတယ်။ အခုလို ရာသီမျိုးမှာ အအေးမိ၊ တုပ်ကွေးဖြစ်တဲ့သူတွေအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ကိုလည်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အသိပညာမြင့်တင်ရေးဦးစီးဌာနက အခုလို သတိပေးထားပါတယ်။
“သူ့ရောဂါပိုးက အသက်ရှုလမ်းကြောင်းကနေတဆင့်ကူးတာ။ အသက်ရှုလမ်းကြောင်းကနေတဆင့်ကူးရင် ဘယ်လိုထွက်မလဲဆိုတော့ နှာချေလိုက်ရင် ချောင်းဆိုးလိုက်ရင် ဒီရောဂါပိုးတွေက လေထဲကို ထွက်သွားတာ၊ ထွက်သွားပြီးတော့ နောက်တယောက်ကို ပြန်ပြီးတော့ ကူးတယ်။ အဲဒီတော့ နှာချေချောင်းဆိုးတဲ့လူက ကိုယ့်ဟာ ကိုယ် အုပ်ထားဖို့လိုသလို ကိုယ့်ဘေးမှာလာပြီးတော့ နှာချေမယ်ချောင်းဆိုးမယ်ဆိုရင် ကိုယ့်နှာခေါင်းနဲ့ ပါးစပ်ကို သေသေချာချာအုပ်ထားဖို့ လိုပါတယ်။ နောက်ပြီးတော့ ဒါတွေက ဘတ်စကားမှာဆိုရင်လည်း နှာချေလိုက်တယ်ပေါ့နော် ပြန့်သွားတယ်။ တနေရာမှာ သွားပြီးကိုင်လိုက်မိတယ်။ ဒီလက်ကနေပြီးတော့ ရောဂါပိုးကူးနိုင်တယ်။ အဲဒါကြောင့် လက်ကိုလည်း ဆပ်ပြာနဲ့ ဆေးဖို့လိုပါတယ်။”
ရောဂါပိုး ကာကွယ်ဆေး ထိုးမယ့်သူတွေအနေနဲ့ အရင်ဆုံး ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ထိုးဖို့ကိုလည်း ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။H1N1ရောဂါပိုးနဲ့ ပက်သက်ပြီး ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က အခုလိုပြောပါတယ်။
“ကိုယ်က နေထိုင်မကောင်းဘူးဆိုရင်တော့ လူအများရှိတဲ့နေရာကို သွားတာ အတတ်နိုင်ဆုံးရှောင်ကြဉ်ဖို့ ဒါလေးတွေကို လုပ်ပေးဖို့လိုပါတယ်။ ဒါကတော့ ကျနော်တို့ တောက်လျောက်စောင့်ကြပ်ကြည့်ရှုတဲ့ ရောဂါဖြစ်ပါတယ်။ နောက်တခုကတော့ ဒါသည် Seasonal flu လို့ခေါ်တဲ့ ရာသီတုပ်ကွေးပါ။ ကျနေ်ာတို့ ပုံမှန်ဒီလိုဖြစ်နေတာ ဒီတမျိုးတည်းမဟုတ်ပါဘူး။ တကယ်ဆိုတော့ တုပ်ကွေးရောဂါဖြစ်စေတဲ့ တခြားရောဂါတွေလည်း ရှိပါတယ်။ H1N1ပါပဲ H3N2 ဆိုတာလည်း ရှိပါတယ်။ B အမျိုးအစားလည်း ရှိပါတယ်။ ဒါတွေအကုန်လုံးကတော့ ဒီမှာပဲ တုပ်ကွေး ဖြစ်ပွားနေတာပါ။ ကျနော်တို့ စမ်းသပ်စစ်ဆေးတာမှာလည်း ဒီတမျိုးတည်းမကပါဘူး ကျန်တာလည်း ကျနော်တို့ တွေ့ထားတာရှိပါတယ်။”
ကျန်းမာရေး ဦးစီးဌာနကတော့ ပြည်သူလူထုတွေအနေနဲ့ ရောဂါနဲ့ ပက်သက်ပြီး စိုးရိမ်တကြီး မဖြစ်ဖို့နဲ့ အသက်အရွယ် ကြီးသူတွေ၊ ကလေးသူငယ်တွေနဲ့ ရောဂါပိုးအခံရှိသူတွေသာ ပိုသတိထားဖို့ အသိပေးထားတာပါ။ တုပ်ကွေးရောဂါဖြစ်ပွားနေတယ်လို့ သံသယရှိရင် ပြည်သူတွေအနေနဲ့ ချက်ချင်း ပြည်သူ့ဆေးရုံတွေဆီကို အမြန်ဆုံးကုလမှု လာရောက်ခံယူကြဖို့လည်း ပြည်သူလူထုကိုတိုက်တွန်းပါတယ်။
လက်ရှိအားဖြင့်တေ့ာ့ ကျန်းမာရေးဝန်ကြီးဌာန တနိုင်ငံလုံးအတိုင်းအတာနဲ H1N1 တုပ်ကွေးရောဂါကူးစက်မှု ကာကွယ်ရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အများပြည်သူ လှုပ်ရှားသွားလာနေတဲ့ လူနေထူထပ်တဲ့ နေရာတွေမှာ H1N1 တုပ်ကွေးရောဂါ ပညာပေးလုပ်ငန်းတွေ လုပ်နေသလို၊ ဆေးရုံတွေ ကိုလည်း A-H1N1 တုပ်ကွေးပိုးကုသဖို့ ကျမ်းမာရေး အထောက်အကူပစ္စည်းတွေကို ကူညီထောက်ပံ့ ပေးနေတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ရောဂါပိုးဟာ အသက်ရှုလမ်းကြောင်းကတဆင့် လူလူချင်း ကူးစက်တာမို့ နယ်စပ်အဝင်အထွက်တွေ ၊ အထူးသဖြင့် လေဆိပ်တွေမှာ အပူချိန်တိုင်း ကိရိယာတွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ လည်း ကျန်းမာရေးဦးစီးဌာနကပြောပါတယ်။