သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက်ပေါ် ကန်အစိုးရ ဝန်ထမ်း အချက်အလက်များ ခိုးဖောက်ခံရ


ဆိုက်ဘာတိုက်ခိုက်မှုကို စုံစမ်းနေတဲ့ အမေရိကန် ဗဟိုအစိုးရစုံစမ်းစစ်ဆေးရေးဗျုရို (FBI)။
ဆိုက်ဘာတိုက်ခိုက်မှုကို စုံစမ်းနေတဲ့ အမေရိကန် ဗဟိုအစိုးရစုံစမ်းစစ်ဆေးရေးဗျုရို (FBI)။

သန်းနဲ့ချီတဲ့ အမေရိကန် အစိုးရဝန်ထမ်းတွေရဲ့ လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ အပါအဝင်၊ နောက်ကြောင်း ရာဇဝင်တွေကို စုဆောင်းသိမ်းဆည်းရတဲ့ဌာနကို တရုတ်နိုင်ငံက ကွန်ပြူတာ Hackers တွေက ဖောက်ထွင်း ဝင်ရောက်ခဲ့တဲ့ အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။ ဝန်ထမ်းဟောင်းတွေနဲ့ လက်ရှိဝန်ထမ်း ၄ သန်းလောက်ရဲ့ အချက်အလက်တွေ ပါကောင်းပါ သွားနိုင်တယ်လို့လည်း ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို စီမံကွပ်ကဲရတဲ့ ဗဟိုအစိုးရ အေဂျင်စီ (OPM) က ပြောဆိုခဲ့တာပါ။

အမေရိကန် အာဏာပိုင်တွေကတော့ တရုတ်အစိုးရနဲ့ ဆက်နွယ်မှုရှိနိုင်တဲ့ တရုတ်နိုင်ငံက ကွန်ပြူတာ Hackers တွေရဲ့ လက်ချက်ဖြစ်မယ်လို့ ယုံကြည်ထားတဲ့ အကြောင်း ပြောဆိုခဲ့ကြပေမဲ့၊ ဘယ်လို အချက်အလက်တွေကြောင့်လဲ ဆိုတာကိုတော့ မပြောကြပါဘူး။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူ Hong Lei ကတော့ ဆိုက်ဘာ တိုက်ခိုက်မှုတွေဟာ ယေဘုယျအားဖြင့် ဘယ်သူဘယ်ဝါလက်ချက်ဆိုတာ မသိနိုင်သလို၊ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေဟာ ခြေရာခံဖို့လည်း ခက်ခဲတဲ့အတွက် အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ တာဝန်မဲ့လွန်းတယ်လို့ ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံး ပြောခွင့်ရသူကလည်း ဆိုက်ဘာတိုက်ခိုက်မှုတွေကို ဥပဒေမဲ့ လုပ်ရပ်အဖြစ် တရုတ်အစိုးရက သတ်မှတ်ထားပြီး၊ အမေရိကန်ရဲ့ မှန်းဆပြောဆိုချက်ဟာ တာဝန်မဲ့သလို၊ အကျိုးလည်း မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

OPM ရုံးကတော့ အချက်အလက်တွေ မပေါက်ကြားအောင် တင်းတင်းကျပ်ကျပ် မထိန်းချုပ်နိုင်သေးခင် ဧပြီလထဲမှာပဲ Hacker တွေ ဖောက်ထွင်းတာ ခံခဲ့ရတာလို့ ပြောဆိုခဲ့သလို၊ အမေရိကန် ဗဟိုအစိုးရစုံစမ်းစစ်ဆေးရေးဗျုရို (FBI) နဲ့ အမိမြေလုံခြုံရေးအဖွဲ့တို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေး နေတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG