သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်စာရင်းသစ် မှန်ကန်မှုရှိမရှိ စစ်ဆေးဖို့ခက်


နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ နောက်ဆုံးမဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာမှာ လူဦးရေ ၁၀,၀၀၀ သောင်းတိုးလာပြီး နေရပ်လိပ်စာအတိအကျ မသိရတဲ့အတွက် မဲစာရင်း မှန်မမှန်စစ်ဆေးဖို့ အခက်အခဲရှိနေပါတယ်။ တိုးလာတဲ့လူဦးရေ ၁ သောင်းဟာ ပုဗ္ဗသီရိမြို့နယ်မဲဆန္ဒရှင်စာရင်းရဲ့ ၂ဝ % ကို ကိုယ်စားပြုနေပြီး ရွေးကောက်ပွဲအနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်မယ့်အခြေအနေ ရှိနေတာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပုဗ္ဗသီရိမြို့နယ်မှာ ဒုတိယအကြိမ်မဲစာရင်း ထုတ်ပြန်ချိန်က မဲဆန္ဒရှင်စာရင်းဟာ ၆ သောင်းနီးပါးလောက်ရှိခဲ့ရာက အခုလ အစောပိုင်း နောက်ဆုံး အကြိမ် ထုတ်ပြန်ချိန်မှာတော့ မဲဆန္ဒရှင်စာရင်းဟာ ၁ သောင်းလောက် တိုးလာခဲ့တာဖြစ်ပါတယ်။ ဒီလိုတိုးလာတဲ့မဲဆန္ဒရှင်စာရင်းဟာ နေရပ်လိပ်စာ ဖော်ပြထားတာ မရှိတဲ့အတွက် မှန်- မမှန်စစ်ဆေးဖို့ အခက်အခဲရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရည်မွန်ခေါ် မောင်တင်သစ်က ပြောပါတယ်။

“အခု နောက်ဆုံးမဲစာရင်းမှာ မဲ (၁၀,၀၀၀) ကျော် တိုးလာတယ်ပေါ့ဗျာ။ ပထမအကြိမ်မဲစာရင်း၊ ဒုတိယအကြိမ် မဲစာရင်းအထိ ကျနော်တို့က မဲစာရင်းကို အထိုက်အလျှောက် စစ်ဆေးလို့ ရသေးတယ်လို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ မဲပေးခွင့်ရှိသူတွေရဲ့ နေရပ်လိပ်စာလေ။ ပထမအကြိမ်တုန်းက ဆိုလို့ရှိရင် နေရပ်လိပ်စာတွေကို ကျနော်တို့ ပြန်ကောက်ယူလို့ရတယ်ပေါ့ဗျာ။ ဒုတိယအကြိမ်ကလည်း ပထမစာရင်းပေါ်မှာ အခြေခံထားတယ်ဆိုတော့ အထိုက်အလျှောက်တော့ ကျနော်တို့ ပြန်စစ်လို့ရသေးတယ်။ အခု နောက်ဆုံးတိုးတဲ့ (၁၀,၀၀၀) ဆိုတာကျတော့ ဘာလိပ်စာမှ မပါတော့ဘူးပေါ့ဗျာ။ လိပ်စာမပါဘဲ လူနာမည်၊ မှတ်ပုံတင် - ဒီလောက်နဲ့ ဒီလူတွေဟာ အပြင်မှာ တကယ်ရှိမရှိဆိုတာ ဘယ်လိုမှ ကျနော်တို့ စစ်လို့မရနိုင်တော့ဘူး။”

လိပ်စာမပါဝင်တာကြောင့် သက်ဆိုင်ရာကော်မရှင်ကို တင်ပြရာမှာလည်း တိတိကျကျတဲ့အဖြေမရကြောင်း ဆက်ပြောပါတယ်။

“ကျနော်တို့ မြို့နယ်ကော်မရှင်ကို တင်ပြတယ်။ အဲဒီလို တင်ပြရာမှာ အဓိက-ကတော့ တိုးလာတဲ့ လူဦးရေ ၁၀,၀၀၀ ကျော်ပေ့ါနော်၊ နေရပ်လိပ်စာတွေကိုပါ ကျနော်တို့ရချင်တယ်လို့ မြို့နယ်ကော်မရှင်ကိုပို့တယ်။ ပို့တဲ့အခါကျတော့ မြို့နယ်ကော်မရှင်က ညွှန်ကြားချက်မရှိလို့ လိပ်စာပေးလို့မရပါဘူးဆိုတဲ့ ပြောဆိုချက် ကျနော်တို့ ရတယ်ပေါ့ဗျာ။ အဲဒါနဲ့ နောက်ဆုံး ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲပေါ့-အဲဒီကို ကျနော်တို့က မိတ္တူပေးတာပေါ့ဗျာ။ မိတ္တူပေးတော့ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကတော့ သက်ဆိုင်တဲ့ ရပ်ကျေးကော်မရှင်တွေနဲ့ ညှိနှိုင်းပြီး အဲဒီလိပ်စာယူပါ-လို့ ဆိုတယ်။ အဲဒီမှာ ကျနော်တို့ ရပ်ကျေးကော်မရှင်တွေကို ပြန်ဆက်သွယ်ပြန်တဲ့အခါကျတော့လည်း စာရင်းအားလုံး မြို့နယ်ကို ပို့လိုက်ပြီ ဆိုပြီးတော့ ပြောဆိုချက်ပဲရတယ်။ မြို့နယ်ရုံးကို ပြန်သွားပြန်တဲ့အခါကျတော့ တစ်ဦးချင်းရဲ့နေရပ်လိပ်စာနဲ့ စနစ်တကျ ပြုစုထားတာမျိုး အဆင်သင့်မရှိဘူးပေါ့ဗျာ၊ မရှိဘူးဆိုတော့ ကျနော်တို့ပြောရရင် လမ်းစပျောက်သွားတဲ့သဘောပေါ့။”

စိစစ်လို့ မရတဲ့ မဲဆန္ဒရှင် ဦးရေ ၁ သောင်းဟာ ရွေးကောက်ပွဲအနိုင်အရှုံးကို အဆုံးအဖြတ်ပေးနိုင်မယ့် အခြေအနေအထိဖြစ်နိုင်ကြောင်းလည်း ဦးရည်မွန်က ဆက်ပြောပါတယ်။

“အဲဒါက ရာခိုင်နှုန်းနဲ့ပြောရရင် ၂၀ % တောင်ရှိတယ်ဗျ။ ၂၀ % ဆိုတာက အဆုံးအဖြတ်ပေးနိုင်တဲ့ ပမာဏတစ်ခု ဖြစ်နေတော့ ရွေးကောက်ပွဲအပေါ် သက်ရောက်မှု အများကြီးရှိနိုင်တယ်လို့ပဲ ပြောရမှာပေါ့နော်။”

ပုဗ္ဗသီရိမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီက ဦးရည်မွန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးဝေလွင်နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ် ဦးမြင့်လွင်သန်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးဝေလွင်ကတော့ နောက်ဆုံးမဲဆွယ်ပွဲမှာ သူ့ကို ထောက်ခံသူ ၇ဝ % ရှိတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှာ ကြိုတင်မဲပေးရာမှာ သတ်မှတ်ချိန် ကျော်လွန်မဲပေးတာတွေရှိနေတယ်လို့ NLD ပါတီ ပြင်ဦးလွင် မဲဆန္ဒနယ် (၁) က လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မင်းက ပြောပါတယ်။

“၆ ရက်နေ့က ကြိုတင်မဲတွေ ဘယ်လောက်ရလဲလို့ စာရင်းဝင်တောင်းတဲ့အချိန်ကျမှ ၈ ခွဲအထိ ကြိုတင်မဲတွေပေးနေတော့ ကျနော်က အဲဒါကို ဝင်ပြီးတော့ ကန့်ကွက်လိုက်တာ။ သတ်မှတ်ထားတဲ့ညွှန်ကြားချက်က ကြိုတင်မဲက ၆ နာရီအထိပဲရမယ်။ ချက်ခြင်းပဲ မြို့နယ်ကော်မရှင်ရုံးက ဥက္ကဋ္ဌတွေရော၊ သက်ဆိုင်တဲ့လူတွေကိုခေါ်ပြီးတော့ သူတို့ကို အရေးယူဆောင်ရွက်ပေးဖို့ ကန့်ကွက်တာ။”

ဒီကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ (၇) ရက်နေ့မှာ ညှှိနှိုင်းဖြေရှင်းခဲ့ကြောင်းနဲ့ ဒီမဲရုံအမှတ် (၁) မှာပဲ သက်သေခံလက်မှတ် (၁၀၀) ကျော် ပျောက်ဆုံးတာလည်းရှိခဲ့ကြောင်း ဦးအောင်မင်းက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာတော့ မိသားစုတခုတည်းမှာတင် မဲပေးခွင့်သက်သေခံလက်မှတ် (၃၈) စောင် လက်ခံထားတာကို တွေ့ရှိရကြောင်းလည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကပြောပါတယ်။ လာမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာမှာ ပါဝင်သင့်သူတွေ မပါဝင်တာရှိသလို စာရင်းပိုတာတွေရှိတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ဝေဖန်တာတွေ ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာမြို့နယ်မှာ လူ ၉ သောင်းကျော်လောက် စာရင်းပိုနေတယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။

XS
SM
MD
LG