သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hat စကားလုံးဆိုင်ရာ အီဒီယမ်အသုံးအနှုန်းများအပိုင်း-၂


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - ဦးထုပ်လို့ အဓိပ္ပါယ်ရတဲ့ Hat ကိုအခြေခံတဲ့ အီဒီယမ်အသုံးတွေဖြစ်တဲ့ Hat In Hand, Take My Hat Off To, Feather In Your Hat တို့ကို တင်ပြထားပါတယ်။

၁။ Hat in Hand
Hat က ဦးထုပ်၊ in က အထဲမှာ၊ hand က လက်ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကလက်ထဲမှာဦးထုပ် ကိုင်ထားတာပေါ့။ ဦးထုပ်ဟာအနောက်တိုင်း အမျိုးသားတွေဝတ်စုံရဲ့ တစိတ်တပိုင်းဖြစ်ပြီး၊ သူ့နေရာနဲ့သူလိုက်ဖက်အောင် ဝတ်ရတာ ဖြစ်ပါတယ်။ သာမန် အလုပ်သမားတဦးအနေနဲ့ သူ့အလုပ်ရှင်ရှေ့ သွားမယ်ဆိုရင် ရိုသေမှု ပြသတဲ့အနေနဲ့ ဦးထုပ်ကိုချွတ်ပြီး လက်မှာကိုင်သွားရတာ ယဉ်ကျေးမှု ဓလေ့တရပ်ပါပဲ။

အလားတူပါပဲ စိတ်မကောင်းစရာနဲ့ ကြုံတွေ့လို့ရှိရင် ဥပမာ - အသုဘမှာဆိုရင် ယဉ်ကျေးတဲ့ဓလေ့အရ ကိုယ်ဆောင်းထားတဲ့ ဦးထုပ်ကို ချွတ်ရတာဖြစ်ပါတယ်။ ဒီလိုမျိုးအခြေအနေတွေမှာ ဦးထုပ်မချွတ်ရင် မထီလေးစားပြုရာ ရောက်ပါတယ်။ ဒါကြောင့် Hat in hand ဆိုတဲ့ သွယ်ဝိုက် အီဒီယမ် အဓိပ္ပါယ်ကတော့ တဘက်လူကို အောက်ကျို့မှုကို ပြသတာ၊ကိုယ့်ကိုယ်ကို နှိမ့်ချမှုကို ပြသတာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ကတခုခုကို လိုချင်ရင်ပေါ့။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The angry son, who left home two weeks ago, came back to his parents’ home with hat in hand when he ran out of money.
လွန်ခဲ့တဲ့ နှစ်ပတ်က အိမ်ကနေ စိတ်ဆိုးပြီး ဆင်းသွားတဲ့သားက သူငွေကုန်သွားတော့ သူ့မိဘအိမ်ကို အောက်ကျို့ပြီး ပြန်တက်လာရတယ်လေလို့ အဓိပ္ပါယ် ရပါတယ်။

၂။ Take my hat off to
Take က သာမန်အားဖြင့် ယူတာလို့ အဓိပ္ပါယ်ရပေမဲ့ ဒီနေရာမှာ off ဝိဘတ်နဲ့တွဲပြီး သုံးထားတော့ Take off က ချွတ်ပစ်တာကိုဆိုလိုတာ ဖြစ်ပါတယ်။ my က ကျနော်၊ ကျမရဲ့၊ hat က ဦးထုပ်၊ to က တခုခုကို ရည်ညွှန်းပြသတာဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကတော့ ကျနော်၊ ကျမ ဝတ်ထားတဲ့ ဦးထုပ်ကို တယောက်ယောက်ကို ရည်ညွှန်းပြီး ချွတ်တာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီနေရာမှာ ဦးထုပ်ကိုချွတ်တယ်ဆိုတဲ့ ဓလေ့ဟာ သာမန်အားဖြင့် လေးစားမှုကို ပြသတဲ့ဓလေ့ရှိသလို၊ တခါတရံလည်း သိပ်တော်တယ်၊ သိပ်ထူးချွန်တယ်၊ သိပ်သဘောကျစရာ သဘောတွေ့စရာဖြစ်တယ်ဆိုရင် အဲ့ဒီပုဂ္ဂိုလ်ကို ကျမတို့ မြန်မာမှာ စလံပေးတယ်၊ ဆရာတင်တယ်ဆိုရင် Take off my hat to လို့ အီဒီယမ်အသုံးအရ ရည်ညွှန်းပြောနိုင်ပါတယ်။

ဘောလုံးပွဲတွေမှာ ကိုယ်အားပေးတဲ့အသင်းက သိပ်ပြီးတော့ ခြေသွက်နေရင် ပွဲကြည့်ပရိသတ်က သူတို့ဆောင်းထားကြတဲ့ ဦးထုပ်တွေကိုချွတ်ပြီး မိုးပေါ်ကို မြှောက်ပစ်ကြတာ မြင်ဖူးကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့ အီဒီယမ်အဓိပ္ပါယ်ကတော့ တခုခုကို သိပ်သဘောကျလို့ အထင်ကြီး ချီးကျူးတာ လေးစားမှုကို ပြသတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I take my hat off to Mary for being a successful lawyer at a young age.

မယ်ရီကိုတော့ ကျနော် သိပ်ကိုချီးကျူးတာပဲဗျာ။ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်တဲ့ ရှေ့နေတဦး ဖြစ်လာတာကိုးလို့ အဓိပ္ပါယ်ရပါတယ်။

၃။ Feather in your hat
Feather က ငှက်အတောင်မွှေး၊ In က အထဲမှာ၊ Your က သင်ရဲ့၊ Hat က ဦးထုပ်ဆိုတော့ စကားပိုဒ်တခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်က ဦးထုပ်မှာစိုက်ထားတဲ့ ငှက်တောင်မွှေးဖြစ်ပါတယ်။ Hat အစား Cap ကို အစားထိုးပြီးတော့ Feather in your cap လို့လည်း တင်စားပြောလို့ရပါတယ်။

ငှက်တောင်မွှေးကို လူ့အဖွဲ့အစည်း အတော်များများမှာ အောင်မြင်မှု အထိမ်းအမှတ်အဖြစ် သူတို့ဆောင်းတဲ့ ဦးထုပ်တွေမှာ၊ ခေါင်းဆောင်းတွေမှာ စိုက်ထားလေ့ရှိတာ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန် တိုင်းရင်းသား Native Indian တွေ ဆောင်းတဲ့ဦးထုပ်တွေမှာဆိုရင် ရှားပါးလှတဲ့ ငှက်တောင်မွှေးတွေ တပ်ထားတာကို တချိန်က Cow Boy ဇာတ်ကားတွေမှာ မြင်ဖူးကြမှာပါ။


သူတို့ဓလေ့အရ ထူးချွန်တာတခုခုကို စွမ်းဆောင်နိုင်လို့ရှိရင် သူတို့ခေါင်းဆောင်း (Head Dress) တွေမှာ ငှက်တောင်မွှေးတွေကို ထပ်ပြီး တပ်ကြတဲ့ အစဉ်အလာ ဓလေ့ ရှိတယ်လို့ ဆိုပါတယ်။ ရှေ့တုန်းက အနောက်နိုင်ငံတွေမှာ လူတွေဆောင်းတဲ့ ဦးထုပ်တွေမှာလည်း ငှက်တောင်မွှေးတွေကို အလှတပ်ကြတာတွေရှိပါတယ်။ ခေတ်ကာလ ရွေ့လျှောလာတာနဲ့အတူ နေ့စဉ်ဘဝမှာလည်း အောင်မြင်မှုတခုခု ကိုယ့်ဘဝမှာ ထပ်တိုးလာတယ်ဆိုရင် Feather In Your Hat/Cap လို့ တင်စားပြောနိုင်ပါတယ်။

အီဒီယမ်အဓိပ္ပါယ်ကတော့ လူတဦးတယောက်အတွက် ဂုဏ်ယူစရာ အောင်မြင်မှုတခု တိုးလာတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာ ကြည့်ရအောင်ပါ။

Getting a gold medal in Karate is another feather in your cap. You also won gold in weightlifting.

ခင်ဗျား ကရာတေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရတာ ခင်ဗျားအတွက် အောင်မြင်မှု နောက်တခု တိုးတာပါပဲဗျာ။ ခင်ဗျား အလေးမ မှာလည်း ရွှေတံဆိပ် ရထားတယ်လေလို့ အဓိပ္ပါယ်ရပါတယ်။

ဒီသီတင်းပတ် Hat ကို အခြေခံပြီး တင်ပြခဲ့တဲ့ အီဒီယမ်အသုံးတွေကတော့ Hat In Hand, Take My Hat Off To, Feather In Your Hat တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG