သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါက်ကွဲမှုပြင်းထန်လာတဲ့ Hawaii မီးတောင်


Kilauea မီးတောင်
Kilauea မီးတောင်

ပစိဖိတ်သမုဒ္ဒရာထဲက အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ်ရဲ့ Big Island ကျွန်းကြီးမှာရှိတဲ့ Kilauea မီးတောင်ကနေ ပေ၂၀၀ ကျော် အမြင့်ရောက်အောင် ချော်ရည်တွေ ပန်းထွက်နေတာမို့ ဝန်းကျင်နေ ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေပါတယ်။ ဒါပေမယ့် မီးတောင်ရှင်တွေကြား နေထိုင်ကြတဲ့ ဒေသခံတွေကတော့ သိပ်စိုးရိမ်ပုံမရကြပါဘူး။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းမှာတည်ရှိတဲ့ ဟာဝိုင်ယီပြည်နယ်ဟာ ကျွန်းကြီး ၆ ကျွန်းပါဝင်တဲ့ ကျွန်းစုဖြစ်ပြီး ချော်ရည်တွေ ပန်းထွက်နေတဲ့ Kilauea (ခီလာဝေယာ) မီးတောင်ကတော့ အကြီးဆုံးကျွန်း Big Island ရဲ့ အရှေ့တောင်ဘက်မှာ ရှိနေပါတယ်။

တနင်္လာနေ့ မနက်ပိုင်းမှာ ကွဲကြောင်း ဆယ်ခုကျော်ကနေ ချော်ရည်တွေ ပန်းထွက်ပြီး နေအိမ် ၂၆ လုံးနဲ့ အဆောက်အဦး ၉ ခု ထက်မနဲ ပျက်စီးသွားခဲ့တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာန အရာရှိတွေက ပြောပါတယ်။ ဒေသတွင်းနေထိုင်သူ ၁၇၀၀ လောက်ကို ပြီးခဲ့တဲ သီတင်းပတ်ကတည်းက ဘေးလွတ်ရာ ပြောင်းရွေ့ပေးခဲ့တာ ဖြစ်ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိပါဘူး။ ဒါပေမယ့် ချော်ရည်ပူတွေကနေ သစ်ပင်နဲ့ အဆောက်အဦးတွေကို မီးစွဲလောင်တာနဲ့ မီတောင်လှုပ်ရှားမှုကြောင့် ထွက်နေတဲ့ အန္တရာယ်သိပ်ကြီးတဲ့ အဆိပ်ငွေ့တွေရဲ့ အန္တရာယ်တွေကို သတိထားကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတိပေးနေပါတယ်။

Kilauea မီးတောင်ရဲ့ မြောက်ဖက် မိုင် ၃၀ လောက်အကွာက Hilo အရပ်မှာနေထိုင်တဲ့ ကိုဇော်ကြီးကို ဒေသအခြေနေနဲ့ ပတ်သက်ပြီးသိရဖို့ မေးကြည့်တဲ့အခါ ခုလိုစပြောပါတယ်။

"ဒီKilauea မီးတောင်ကတော့ အရှင်ဖြစ်တယ်အမရေ၊ အမြဲတမ်းတော့ ချော်ရည်ကတော့ စီးနေတာပဲ ။ ဒါပေမယ် ့အခုဒီရက်ပိုင်းမှာတော့ သူကပိုများလာတော့ မီးခိုးတွေ ပိုများလာတယ်။

မေး။ ။ ကိုဇော်ကြီးတို့ကို နေရာရွေ့ခိုင်းလား။

ကိုဇော်ကြီး။ ။ မရွေ့ခိုင်းဘူး ဒီဘက်အခြမ်းမှာ ဘာမှမဖြစ်ဘူး မီးတောင်ကတော့ တောင်ဘက်ခြမ်းမှာကျတယ်။ ကျနော်တို့က မြောက်ဘက်အခြမ်းမှာ။ အကျော်နားမှာတော့ ရဲတွေ လမ်းတော့ပိတ်လိုက်တယ် ဘယ်သူမှ သွားလို့မရတော့ဘူး။ တချို့လူတွေတော့ အဲဒီမှာ နီးတဲ့လူတွေကတော့ အဲဒီမှာရှိတဲ့ center တခုမှာ ပြောင်းခိုင်းလိုက်တယ်။

မေး။ ။ အဲဒီနေရာက အကြီးဆုံးပေါ့နော်။

ကိုဇော်ကြီး။ ။ ဟုတ်တယ် အဲဒီနေရာကအကြီးဆုံး။ သူက အမြဲတမ်းပဲ မီးခိုးတွေထွက်နေတာပဲ အရှင်ဆိုတော့ အခုနည်းနည်းပိုများလာတော့ အဲလိုဖြစ်သွားတာ။

မေး။ ။ မီးခိုးတွေမှာ အဆိပ်ငွေ့တွေပါတယ်။

ကိုဇော်ကြီး။ ။ အဲလိုတော့ ပြောသံကြားတယ်။ တချို့အဲဒီမှာ နီးနေတဲ့လူတွေကတော့ အဲလိုရှုမိကြတော့ မျက်လုံးယားတာတွေဖြစ်တယ် အဲလိုတော့ ပြောသံကြားတယ်။

မေး။ ။ ဒါကြောင့်ရွှေ့ခိုင်းတာထင်တယ်။

ကိုဇော်ကြီး။ ။ ဟုတ်တယ်အဲဒါကြောင့်ရွှေ့ခိုင်းတာ။

မေး။ ။ အဲဒီနားပတ်ဝန်းကျင်ပဲပေါ့ ကိုဇော်ကြီးတို့ မိုင် ၃၀ မှာနေတဲ့လူတွေကိုရော

ကိုဇော်ကြီး။ ။ မရွှေ့ခိုင်းဘူး ကျနော်တို့တော့ ပုံမှန်ပါပဲ။

မေး။ ။ လေထုထဲမှာ အဆိပ်ငွေ့တွေ ပျံ့နေမယ် သူတို့ သတိပေးတာတွေ ကြားရလား

ကိုဇော်ကြီး။ ။ ဒီဘက်ခြမ်းမှာတော့ မပေးဘူး။

မေး။ ။ ဒါဆိုရင် ပေါက်တဲ့နားက ပတ်ဝန်းကျင်ဒေသမှာပဲပေါ့နော်။

ကိုဇော်ကြီး။ ။ ဟုတ်တယ် အခုရဲတွေတားထားတာကလည်း ၁၀ မိုင်အတွင်းလောက်ပဲ တားထားတယ် တခြားတော့ အားလုံးပုံမှန်ပါပဲ။"

ဒေသတွင်း အကြီးဆုံးမီးတောင်ဖြစ်တဲ့ Kilauea မီးတောင်ကနေ ပေရာချီ အမြင့်ရောက်အောင် ချော်ရည်တွေ ပန်းထွက်နေပေမယ့် ဒေသခံတွေကတော့ သိပ်စိုးရိမ်တဲ့ ပုံမတွေ့ရပါဘူး။

မေလ ၃ ရက် ကြာသပတေး နေ့ မနက်ပိုင်းမှာ ပြင်းအား ပမာဏ ၅ ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက် မီးတောင်ပေါက်ကွဲခဲ့တယ်လို့ USGS အမေရိကန် ဘူမိတိုင်းတာရေး ဌာနက ပြောပါတယ်။ သောကြာနေ့မှာတော့ နောက်ဆက်တွဲ ငလျင်တွေလှုပ်ခဲ့ပြီး ပြင်းအားအများဆုံးက ၆.၉ ပမာဏရှိခဲ့ပါတယ်။ ကြာသပတေးနေ့ Kilauea မီးတောင်ပေါက်ကွဲပြီးတဲ့နောက် မီးတောင်ရှိရာ Puna ဒေသမှာ လူနေရပ်ကွက် ဖြစ်တဲ့ Leilani အရပ်မှာ မြေတွေ ကွဲအက်ခဲ့ပြီး ကွဲကြောင်းအတိုင်း ဓါတ်ငွေ့တွေနဲ့ ကျောက်စကျောက်နတွေ ပါဝင်တဲ့ ချော်ရည်တွေ ပန်းထွက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG