သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဝါရီမီးတောင်ပေါက်ကွဲမှု အက်ကွဲကြောင်းသစ်ပေါ်


အမေရိကန် ပြည်ထောင်စု ဟာဝိုင်ရီပြည်နယ် Big Island မှာ ကီလာဝေး မီးတောင် ဆက်လက် ပေါက်ကွဲနေပြီး အက်ကွဲကြောင်း အသစ် ထပ်ထွက်လာပါတယ်။ ဘေးလွတ်ရာ ရွှေ့ပြောင်းထားပြီး ဖြစ်တဲ့ Lanipuna Gardens အရပ်မှာ မနေ့ တနလာၤနေ့က ၁၉ ခုမြောက် အက်ကွဲကြောင်းကြီး ပေါ်လာတာပါ။

အက်ကြောင်းသစ်ထွက်လာတာကြောင့် မီးတောင် အခိုးအငွေ့တွေ ထုတ်လွှတ်မှု၊ ပေါက်ကွဲမှုတွေကို အရပ်ဘက် ကာကွယ်ရေး တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ ဒီလအစောပိုင်းမှာ မီးတောင် စတင်ပေါက်ကွဲခဲ့ပြီး ကျွန်းပေါ်က အဆောက်အအုံ ၄၀ ကျော် ပျက်စီးခဲ့ရပြီး ဖြစ်ပါတယ်။

မီးတောင် ချော်ရည် စီးဆင်းမှု ပိုများလာသလို အက်ကြောင်းသစ်တွေလည်း ဆက်ပြီး ပေါ်ပေါက်လာနေပါတယ်။ ရေမျက်နှာပြင် အောက်ကို မီးတောင် ချော်ရည်တွေ ယိုဆင်းနိုင်တဲ့ အန္တရာယ် ရှိနေဆဲ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီလို ဖြစ်လာမယ်ဆိုရင်တော့ ချော်ရည်ပူတွေပေါ်ကို ရေဝင်သွားပြီး အဲဒီကထွက်ထဲ့ ရေနွေးငွေ့ရဲ့ အားကြောင့် တောင်ထိပ်ကနေ ပြာတွေ၊ ကျောက်တုံးကျောက်ခဲ အပိုင်းအစတွေ ပေါက်ကွဲထွက်လာစေနိုင်တာပါ။ နွားတွေလောက် ရှိတဲ့ ကျောက်တုံးကြီးတွေ ပေါက်ကွဲထွက်ပြီး မီတာ ၈၀၀ လောက်အထိ ရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေကို ကိုးကားပြီး ဒေသတွင်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ကီလာဝေး မီးတောင်က ဆယ်စုနှစ် သုံးခုကျော်အတွင်း ပုံမှန် ပေါက်ကွဲနေတာပါ။ မီးတောင်ကနေ ထွက်လာတဲ့ ချော်ရည်တွေကြောင့် ၁၂၅ စတုန်း ကီလိုမီတာလောက် အကျယ်ရှိတဲ့ ကျွန်းရဲ့ ၅ ပုံတပုံကို ဖုံးလွှမ်းသွားတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ပြောဆိုထားပါတယ်။ လက်ရှိ မီးတောင် ပေါက်ကွဲမှုက ဘယ်လောက် ကြာဦးမလဲ ဆိုတာကို မခန့်မှန်းနိုင်ဘူးလို့လည်း သိပ္ပံပညာရှင်တွေက ပြောဆိုထားပါတယ်။

XS
SM
MD
LG