သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးတောင်ပေါက်မှုကြောင့် ဟာဝိုင်အီအဝေးပြေးလမ်းမကြီး ပိတ်ဖွယ်ရှိနေ


အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီ ပြည်နယ်က ကီလာဝေးမီးတောင်ကနေ စီးထွက်လာတဲ့ ချော်ရည်တွေကြောင့် အရေးပါတဲ့ အဝေးပြေး လမ်းမကြီး ပိတ်သွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။

မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ အက်ကြောင်းကြီး ၂၂ ခုထဲက ၂ ခုနဲ့ ယှဉ်ရက်ရှိနေတဲ့ အဝေးပြေး လမ်းမကြီးကိုတော့ ကမ်းရိုးတန်းမှာ နေထိုင်သူတွေ အတွက် ထွက်ပေါက် လမ်းကြောင်း ဖြစ်ပါတယ်။ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ကောင်းကင်ကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုထဲမှာတော့ အရှေ့မြောက်ဘက်ကို ခပ်မြန်မြန် စီးဆင်းလာနေတဲ့ ချော်ရည်တွေက တနာရီကို ၂၇၀ မီတာနှုန်း ရှိနေတာကို တွေ့ရပါတယ်။ ချော်ရည်စီးဆင်းမှုက သမုဒ္ဓရာကနေ ၂ ဒသမ ၄ ကီလိုမီတာလောက် အဝေးမှာလို့လည်း သိပ္ပံပညာရှင်တွေက ပြောဆိုကြပါတယ်။

အက်ကြောင်းကြီး တခုကနေ ချော်ရည်တွေ ပန်းထွက်နေတာက မီတာ ၁၀၀ လောက် အမြင့်ရှိတာကိုလည်း ဗွီဒီယိုထဲမှာ တွေ့ရပါတယ်။ အိမ် ၄ လုံးကို ထပ်ပြီး ဖျက်စီးပြီး ဖြစ်တဲ့ ချော်ရည်တွေက ဒီနှုန်း ဒီလမ်းကြောင်း အတိုင်း ဆက်ပြီး စီးဆင်းနေမယ်ဆိုရင်တော့ အမှတ် ၁၃၇ အဝေးပြေး လမ်းမကြီးကို ဒီညမှာဘဲ ဖုံးလွှမ်းသွားမယ်လို့ Big Island ခရိုင် အရပ်ဘက် ကာကွယ်ရေးဌာနက ပြောဆိုထားပါတယ်။

ဒီအဝေးပြေး လမ်းမကြီးတွေ ပိတ်သွားရင် ထွက်ပေါက်လမ်းကြောင်းတခု ရှိရေး အတွက် ၂၀၁၄ ခုနှစ်တုန်းက ချော်ရည်တွေနဲ့ ပိတ်ခဲ့တဲ့ လမ်းတခုကို ဖွင့်နိုင်ဖို့ အာဏာပိုင်တို့ ကြိုးပမ်းနေကြပါတယ်။ လမ်းတွေ ထပ်ပြီး ပိတ်လာရင်တော့ မဖြစ်မနေ ဘေးလွတ်ရာ ရွေ့ပြောင်းကြဖိုပလည်း ဟာဝိုင်အီ ပြည်နယ် အမျိုးသား အစောင့်တပ်က သတိပေးထားပါတယ်။ ချော်ရည်တွေကြောင့် အဆောက်အအုံ ၄၀ ပျက်စီးခဲ့ရတဲ့ ရပ်ကွက် နှစ်ခုက လူပေါင်း ၂၀၀၀ လောက်ကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG