အမေရိကန်နိုင်ငံကို နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့တဲ့ မြန်မာ့ကျန်းမာရေးဝန်ကြီးဖြစ်တဲ့ ဒေါက်တာဖေသက်ခင် က မြန်မာနိုင်ငံအနေနဲ့ အဓိက ဦးစားပေးလုပ်ဆောင်ဖို့ရှိတာတွေက ကျေးလက်ကျန်းမာရေး စောင့်ရှောက်မှု့နဲ့ မိခင်နဲ့ကလေးကျန်းမာရေး တိုးမြှင့်နိုင်ရေးအပြင်၊ ငှက်ဖျား၊ တီဘီအဆုပ်နာနဲ့ AIDS ရောဂါတွေအပါအဝင် ကူးစက်ရောဂါတွေနဲ့ ဆီးချို၊ နှလုံး၊သွေးတိုး၊ ကင်ဆာ၊ ရင်ကြပ်ရောဂါတွေလို ကူးစက်တာမဟုတ်တဲ့ နာတာရှည်ရောဂါတွေကို လျော့ချနိုင်ရေးတွေ ပါဝင်တယ်လို့ ပြောဆိုပါတယ်။ နာတာရှည်ရောဂါအများစုက အဆီ၊အချိုနဲ့ ဆားပိုစားလာတာ၊ ကိုယ်လက်လှုပ်ရှားမှု့ နည်းလာတာတွေကြောင့်ဖြစ်တယ်လို့ ဒေါက်တာဖေသက်ခင်က သတိပေးလိုက်ပါတယ်။ တခြား ဦစားပေးရမဲ့ ပြဿနာရှိပါသေးလား။
ကလေးတွေနဲ့ ပတ်သက်လို့ အာဟာရချို့တဲ့မှု့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကို ထောက်ပြတဲ့အနေနဲ့ ဝန်ကြီး ဒေါက်တာဖေသက်ခင် က ငါးနှစ်အောက်ကလေးတွေမှာ ဘာရောဂါကြောင့်ပဲသေသေ အာဟာရချို့တဲ့မှု့က သေဆုံးသူရဲ့ ၅၀% ခန့် မှာ တွေ့နေရလို့ ဆိုပါတယ်။ ဒီ ၅ နှစ်အောက်ကလေးတွေကို အဓိက ဒုက္ခပေးတဲ့ရောဂါတွေကတော့ ကူးစက်ရောဂါတွေဖြစ်တဲ့ Pneumonia ခေါ် အဆုပ်ယောင်ရောဂါ၊ ဝမ်းလျောဝမ်းပျက်ရောဂါ၊ ဦးနှောက်အမြှေးပါးရောဂါ နဲ့ သွေးလွန်တုတ်ကွေးရောဂါတွေ ဖြစ်တယ်လို့လည်း ဒေါက်တာဖေသက်ခင်က ဆိုပါတယ်။
ဒီလို ဦးစားပေးလုပ်ငန်းတွေကို ရေရှည်မှာ အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့အတွက် ရောဂါတခုချင်းကို ဦးတည်ပြီး ဖြေရှင်းတာထက် အဓိက စိန်ခေါ်ချက်တခုဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေအာလုံးနဲ့ ဆေးရုံဆေးခန်းတွေ အရည်အသွေးကို မြှင့်တင်တာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု့ စနစ်တခုလုံးကို အားကောင်းလာအောင်လုပ်ဖို့က ပိုအရေးကြီး၊ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးက သုံးသပ်ပြပါတယ်။ ဒေါက်တာဖေသက်ခင်ကပဲ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးစနစ် တခုလုံး အရည်အသွေး တိုးမြှင့်နိုင်ဖို့ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ အစိုးရကဏ္ဍအပြင် ပုဂ္ဂလိကနဲ့၊ အစိုးရမဟုတ်တဲ့ NGO တွေ၊ ကုလသမဂ္ဂအဖွဲ့တွေနဲ့ ပူးပေါင်းညှိုနှိုင်းဆောင်ရွက်ဖို့ အရေးပါပုံကိုလည်း ဝန်ကြီး ဒေါက်တာဖေသက်ခင် က အလေးထားပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အရင်တုံးကတော့ ကျန်းမာရေးဘတ်ဂျက် မလုံလောက်လို့ ကျန်းမာရေးဝန်ထမ်းအရေအတွက် လိုသလောက် မခန့်အပ်နိုင်ခဲ့ရာကနေ၊ အခုတော့ ကျန်းမာရေး ဘတ်ဂျက် လေးဆ တိုးလာတာမို့ လိုအပ်တဲ့ ဝန်ထမ်းတွေခန့်နိုင်ဖို့လည်း မျှော်လင့်ချက်တွေရှိလာတာအပြင်၊ မြန်မာလူဦးရေ အများစုအခြေစိုက်ရာ ကျေးလက်ဒေသတွေကိုလည်း ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပို့သွားနိုင်အောင်နဲ့ ဒီဆရာဝန်တွေရဲ့ အရည်အချင်းတွေ မြှင့်တင်ရေးအတွက်ပါ အားပေးလုပ်ဆောင်နိုင်မယ့် အစီအမံကောင်းတွေလည်း ရှိလာနေပြီမို့၊ အနာဂတ်မှာ အလားအလာကောင်းတွေ ရှိလာပြီလို့ ဝန်ကြီးက ဆိုပါတယ်။ ဘယ်လို အစီအမံတွေ ရှိနေပါသလဲ။ ဒီ အကြောင်းတွေကို ကိုဝင်းမင်း က ဝန်ကြီးဒေါက်တာဖေသက်ခင် ကို မေးမြန်းတင်ပြထားပါတယ်။