သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံးရောဂါ နာတာရှည်ဖြစ်ရာက ရုတ်တရက်ဆိုးလာခြင်း


တိုက်ရိုက် လင့်ခ်

နာတာရှည် နှလုံးရောဂါရှိထားသူတွေမှာ တည်ငြိမ်နေရာကနေ ရုတ်တရက်ဆိုးလာတဲ့ လက္ခဏာတွေကို သိထားပြီး၊ ဖြစ်လာခဲ့လျှင် အချိန်မီဆေးရုံပို့ဖို့ အရေးကြီးတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

နာတာရှည်ရောဂါ ရုတ်တရက် ဆိုးလာရတာက ဆေးဆက်မသောက်ဘဲ ရုတ်တရက် ဖြတ်ပစ်တာ၊ ဆေးသောက်နေတဲ့ကြားက ဆားစားသုံးမှုများလွန်းတာ၊ အရက်အလွန်အကျွံသောက်တာ၊ အားကစားလေ့ကျင့်ခန်း လိုတာထက် ပိုလုပ်တာ၊ ဆီးချိုမထိန်းနိုင်တာတွေကြောင့် ဖြစ်ပါတယ်။

နှလုံး ရုတ်တရက် ဆိုးလာတဲ့ လက္ခဏာတွေကို နှလုံးရောဂါဖြစ်နေသူရော၊ မိသားစုတွေကပါ သိထားသင့်ပါတယ်။ ဒီလက္ခဏာတွေကတော့ ရုတ်တရက် မောလာတာ၊ အသက်ရှုကြပ်လာတာ၊ အသက်ရှုမဝတာ၊ နေထိုင်လို့မကောင်းဘဲ ကိုယ်ပေါင်ချိန်တက်လာတာ၊ နုံးချိချိဖြစ်နေတာ၊ အိပ်ယာက လန့်နိုးပြီး လဲှအိပ်လို့ မရတာ၊ ခြေထောက်တွေ ယောင်အန်းလာတာ၊ အစားအသောက်ပျက်တာ၊ ရင်တုန်တာနဲ့ အိပ်မရတာတွေ ဖြစ်ပါတယ်။

နာတာရှည် နှလုံးရောဂါရှိထားသူတွေအနေနဲ့ အချိန်မရွေး ရုတ်တရက် နှလုံးထဖောက်နိုင်ပြီး၊ မိသားစုတွေနဲ့ အတူမရှိချိန်မှာလည်း ဖောက်နိုင်တာမို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ အထူး အရေးကြီးပါတယ်။ နှလုံးရောဂါ ဖြစ်နေသူရော၊ မိသားစုတွေအနေနဲ့ပါ လူနာ ဘာဆေးသောက်ထားတာ၊ ဘာဆေးထိုးနေရတာ၊ ဘာဆေးနဲ့ မတည့်တာနဲ့ လူနာကိုယ်အလေးချိန် မှတ်တမ်းတွေကို စာရင်းပြုစုထားသင့်ပါတယ်။ ဒါ့အပြင် လူနာရဲ့ ဆက်သွယ်ရန် ဖုန်းလိပ်စာ၊ ကျန်းမာရေးအာမခံကဒ်၊ နှလုံးရောဂါအမျိုးအစား၊ သုံးနေတဲ့ဆေးတွေနဲ့ အရေးပေါ်အခြေအနေ ဖြစ်လာခဲ့လျှင် လုပ်ပေးသင့်တာတွေကို ရေးထားတဲ့ ကဒ်ပြားလေးကို ပိုက်ဆံအိတ်ထဲ (သို့မဟုတ်) ကိုယ်မှာ သိမ်းဆည်းထားရှိသင့်ပါတယ်။

နှလုံးရောဂါ ရုတ်တရက် ထဖောက်တာက အရေးပေါ် အခြေအနေဖြစ်တာမို့ အိမ်မှာဆက်ကုလို့ မရဘဲ အချိန်မီ ဆေးရုံတင်ကုသဖို့ လိုပါတယ်။ ဆေးရုံမှာ အောက်ဆီဂျင် ချက်ချင်းပေးတာ၊ သွေးခုန်နှုန်း၊ သွေးပေါင်၊ သွေးဖိအားတွေနဲ့ သွေးတွင်း အောက်ဆီဂျင်လည်ပတ်နေမှု ပမာဏတွေကို တိုင်းတာထားတာ၊ အဆုတ်ထဲရေအိုင်လာလျှင် ဆီးဆေးပေးတာ၊ ဒါ့အပြင် သွေးကြောချဲ့ဆေး၊ သွေးကြောဖောင်းဆေးတွေ သွင်းပေးတာ၊ နှလုံးညှစ်အားမကောင်းလျှင် နှလုံးညှစ်အားကောင်းဆေး ပေးတာ၊ လူနာလှဲမအိပ်နိုင်လျှင် မတ်မတ်နေပြီး ခြေချထားခြင်းဖြင့် နှလုံးနဲ့ အဆုတ်ထဲ သွေးတွေမအိုင်အောင် ကာကွယ်ပေးတာနဲ့ အသက်ရှုစက်နဲ့ အသက်ရှုစေတာတွေ လုပ်ပေးနိုင်ပါတယ်။

နှလုံး ရုတ်တရက် ထဖော်တာ မဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ နာတာရှည် နှလုံးရောဂါရှိထားသူတွေအနေနဲ့ အလေးအငန် လျှော့စားတာ၊ ဆေးမှန်မှန်သောက်တာ၊ ထိုက်သင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ ဆေးလိပ်နဲ့အရက်ကို အလွန်အကျွံမသောက်တာ၊ အဆုပ်အအေးမမိအောင် ဂရုစိုက်ဖို့နဲ့ ဖြစ်နိုင်လျှင် အဆုပ်အအေးမိ ကာကွယ်ဆေးထိုးထားတာတွေ လုပ်ပေးခြင်းဖြင့် နာတာရှည်နှလုံးရောဂါ ရှိနေပေမယ့် ပိုမဆိုးသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်းနိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိတ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိတ်ကုဌာန (အငြိမ်းစားပါမောက္ခ ဌာနမှူး) ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG