ကလေးဘဝကစဖြစ်တဲ့ ပေါင်းသင်းဆက်ဆံရေး ပုံမှန်မဖြစ်တဲ့ရောဂါဟာ မြန်မာနိုင်ငံမှာ တဖြည်းဖြည်း ပိုအတွေ့များလာပြီး၊ ရောဂါမပြင်းထန်မီ ကြိုတင်ကာကွယ်သင့်တယ်လို့ ကလေးကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။
အခုလို ဒီရောဂါဖြစ်တာ အတွေ့များလာရတာက မိဘနဲ့ဆရာဝန်တွေကိုယ်တိုင် ကလေးတွေမှာ ဒီရောဂါဖြစ်လာတာကို ပိုသတိပြု၊ သိလာကြတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီရောဂါဖြစ်မှုနဲ့ ဆက်စပ်နေတာတွေကတော့ မိဘတွေအနေနဲ့ အပြင်ထွက် အလုပ်လုပ်ရတာကြောင့် ကလေးတွေနဲ့ အချိန်ပေး နွေးနွေးထွေးထွေး နေနိုင်မှုနည်းလာတာတွေ၊ အနီးအနားက မိဘနဲ့မောင်နှမတွေကိုယ်တိုင် Autism လက္ခဏာမျိုး (သိပ်စကားမပြောတာမျိုး) ရှိထားတာတွေ၊ ပတ်ဝန်းကျင်မှာ ခဲဆိပ်၊ မာကျူရီပြဒါးဆိပ် သင့်တာကြောင့် ကလေးဦးနှောက်ဖွံ့ဖြိုးမှု ထိခိုက်တာတွေ၊ မွေးရာပါဗီဇအရ ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ် ပုံမှန်မဖြစ်တာကြောင့် ဦးနှောက်နဲ့ ဆက်သွယ်ချက် အားနည်းလာတာတွေနဲ့ အတက်ရောဂါတွေနဲ့ တွဲဖြစ်တတ်တာတွေ ဖြစ်ပါတယ်။
ဒီရောဂါကနေ ကာကွယ်နိုင်ဖို့အတွက် မိဘတွေအနေနဲ့ ကလေးတွေနဲ့ အချိန်ပေး နွေးနွေးထွေးထွေး နေထိုင်ပေးခြင်း ဆော့ကစားခြင်း၊ စကားပြောဆိုခြင်း၊ ဒီရောဂါဆိုင်ရာ လက္ခဏာတွေ တွေ့ရှိရင် တတ်ကျွမ်းနားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုစားလုပ်သင့်တာတွေ စောစောစီးစီး လုပ်ပေးခြင်း၊ ဒီရောဂါဖြစ်လက္ခဏာ အနည်းငယ်စပြလာတဲ့ ကလေးတွေအတွက် အထူးလေ့ကျင့်ပေးတဲ့ ကျောင်းပို့ပြီး အပြန်အလှန်ဆက်ဆံရေး ထောက်ကူပေးတာတွေ လုပ်ပေးသင့်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ကလေးဆေးရုံက ကလေးဦးနှောက်၊အာရုံကြောအထူးကု ဒေါက်တာအေးမြမင်းအေး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။