သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဝေးပြေးလမ်းပေါ် ယာဉ်တိုက်မှု နဲ့ ထိခိုက်သေဆုံးခြင်း (အပိုင်း - ၂)


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံ အမြန်လမ်းသစ်ပေါ်မှာ ယာဉ်တိုက်ပြီး သေဆုံးဒဏ်ရာရတာတွေ လျှော့ချကာကွယ်နိုင်ဖို့ မော်တော်ယာဉ်နဲ့လမ်း စည်းကမ်းလိုက်နာမှုအပြင် ဥပဒေကို လိုက်နာနိုင်အောင် ပံ့ပိုးပေးဖို့လိုတယ်လို့ အရေးပေါ်အထူးကုတွေက ထောက်ပြကြပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းသစ်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေတာကြောင့် ယာဉ်တိုက်မှု၊ သေဆုံးဒဏ်ရာရတာတွေ များလာစေတဲ့ အဓိကအကြောင်းရင်း တစ်ချက်ဖြစ်နေပါတယ်။ လိုက်နာသင့်တဲ့ စည်းကမ်း အများအပြားရှိရာမှာ အဓိကအားဖြင့် (၄) ချက်ရှိပါတယ်။ ဒါတွေကတော့ အရှိန်အမြန်နှုန်း (Speed) ကို တစ်နာရီ ကီလိုမီတာ (၁၀၀) ထက် ပိုမမောင်းတာ၊ ယာဉ်မောင်းရော ခရီးသည်များပါ ထိုင်ခုံခါးပတ်ပတ်ထားတာ၊ အမြန်လမ်းနားက ရွာသူရွာသားတွေအနေနဲ့ မော်တော်ဆိုင်ကယ်တွေကို တားမြစ်ထားတဲ့ အဝေးပြေးလမ်းပေါ် တက်မောင်းတာ၊ လမ်းတက်လျှောက်တာနဲ့ ကျွဲနွားကျောင်းတာတွေ မလုပ်ကြဖို့နဲ့ ကားမီး အချက်ပြစနစ်ကို စနစ်တကျ ကျင့်သုံးတာတွေ အရေးကြီးပါတယ်။

အဓိက ပြဿနာတခုက အဝေးပြေးလမ်းတလျှောက်မှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေအနေနဲ့ အမြန်လမ်းပေါ် ဆိုင်ကယ်တက်မောင်းနေကြတာအပြင်၊ ဆိုင်ကယ်ကို လမ်းပြောင်းပြန်မောင်းတာတွေတောင် ရှိနေပြီး၊ တခါတရံ ညပိုင်းမှာ မီးမပါဘဲ ဆိုင်ကယ် မောင်းတာတွေရှိနေတာကြောင့် အလင်းမီးရောင်အားနည်းနေချိန်မှာ ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်လေ့ရှိနေပါတယ်။ ဒီအပြင် မော်တော်ယာဉ်မှာရှိတဲ့ ဘယ်ညာကွေ့ အချက်ပြမီးစနစ်နဲ့ အခုချိန်ထိ သုံးနေသေးတဲ့ အမြန်လမ်းပေါ် ကားကျော်တက်ဖို့ပြတဲ့ မီးအချက်ပေးစနစ်ဟောင်းတွေ ရှုပ်ထွေးပြီး၊ ကားတိုက်တာတွေလည်း ဖြစ်နေပါတယ်။

အခုလို စည်းကမ်းလိုက်နာတာအပြင် လမ်းအခြေအနေနဲ့ ရာသီဥတုအခြေအနေကိုလည်း ထည့်တွက်ဖို့ လိုပါတယ်။ အကြောင်းက မိုးရွာချိန်နဲ့ မိုးရွာပြီးနောက် အမြန်လမ်းမှာ ရေတင်ကျန်ကာ ရေဝပ်တာကြောင့်၊ ဘရိတ်အုပ်ချိန်မှာ ကားလည်ထွက်ပြီး မတော်တဆ ထိခိုက်သွားနိုင်သလို၊ လမ်းအကွေ့အစောင်းတချို့ ပုံစံကြောင့်လည်း ကားကို ဘေးဖက်ဆွဲချသွားနိုင်ပါတယ်။ ဒါကြောင့် စည်းကမ်းထိန်းချုပ်တာအပြင် လမ်းအခြေအနေ အားနည်းမှုတွေကိုလည်း ပြင်ဆင်ပံ့ပိုးပေးသင့်ပါတယ်။

နောက် အရေးကြီးတဲ့ စည်းကမ်းတစ်ခုကတော့ အမြန်လမ်းပေါ်မှာ ကားရပ်တာနဲ့ ပတ်သက်ပါတယ်။ စည်းကမ်းအရ အမြန်လမ်း ကွန်ကရစ်ပေါ် မရပ်ဘဲ လမ်းဘေးချပြီး ကားကို ရပ်ရမှာပါ။ ဒါပေမဲ့ မကြာခင်က ဖြစ်သွားတဲ့ ကွန်ကရစ်လမ်းပေါ် တဝက်တပျက် ရပ်ထားတဲ့ ဘုရားဖူးယာဉ်ကို အဝေးပြေးဘတ်စ်ကား ဝင်တိုက်မှုလိုမျိုး၊ ကားလမ်းဘေး လုံးဝချရပ်ဖို့ အခက်အခဲ ရှိကောင်းရှိနေနိုင်ပါတယ်။ အမြန်လမ်းဘေးမှာ ကား မကြာခဏ ရပ်နားနိုင်ဖို့ သီးသန့်ကွက်လပ်နေရာမျိုး မဖန်တီးပေးထားနိုင်လို့ပါ။ အထူးသဖြင့် မိုးရာသီမှာ ကားလမ်းဘေးမှာ ရေတွေ၊ ရွံ့တွေ၊ မြက်တွေနဲ့ လျှောနေနိုင်ချိန်မှာ တချို့ကားတွေက ကွန်ကရစ်လမ်းပေါ်တဝက်၊ လမ်းဘေးမြေသားပေါ်တဝက် ရပ်ထားမိကြပါတယ်။ ဒါကြောင့် အမြန်လမ်းကားရပ်တဲ့ စည်းကမ်းကို လိုက်နာနိုင်ရေး ပံ့ပိုးပေးနိုင်ဖို့၊ နိုင်ငံတကာမှာလိုမျိုး ကားပျက်လျှင်၊ နားချင်လျှင်၊ ပင်ပန်းလာလျှင် လမ်းဘေးမှာ သီးသန့်ကွက်လပ်ကလေးတွေနဲ့ ရပ်ဖို့နေရာတွေကို အကွာအဝေး နေရာသတ်မှတ်ပြီး တည်ဆောက်ပေးသင့်ပါတယ်။

ဒါ့အပြင် အမြန်လမ်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေးနဲ့ သေကျေထိခိုက်မှု လျှော့ချရေးအတွက် နောက်ထပ် ပံ့ပိုးပေးသင့်တာ (၄) ရပ် ရှိပါတယ်။ ပထမ တစ်ချက်ကတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အများပြည်သူ နားလည်လက်ခံလာအောင် ပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်သင့်ပါတယ်။ ဒုတိယက အမြန်လမ်း ရဲတပ်ဖွဲ့အနေနဲ့ စည်းကမ်းမလိုက်နာသူတွေကို စောင့်ကြည့်အရေးယူမှုတွေ ပိုမို ဖိဖိစီးစီး လုပ်ပေးသင့်ပါတယ်။ တတိယအချက်ကတော့ အန္တရာယ်ရှိတဲ့ လမ်းအနေအထားတွေကို ပြုပြင်ပေးသင့်ပါတယ်။ စတုတ္ထအနေနဲ့ အမြန်လမ်း အရေးပေါ် ယာဉ်တိုက်မှုဖြစ်လာလျှင် အရေးပေါ် အကူအညီပေးရေးကို အဆင်သင့် အနေအထားရှိနေဖို့ပါ။

အခုလို အမြန်လမ်းအရေးပေါ် ယာဉ်တိုက်မှုဖြစ်လာလျှင် အရေးပေါ် လူနာတင်ယာဉ် ရဖို့၊ နံပါတ်သုံးလုံးဖြစ်တဲ့ (၁၉၂) ကို ဖုန်းဆက်နိုင်ပြီး၊ မီးသတ်ကား အကူအညီရဖို့အတွက်လည်း ဖုန်းနံပါတ် (၁၉၁) ကို ဆက်သွယ်နိုင်ပါတယ်။ ဒါ့အပြင် အရေးပေါ်အခြေအနေတွေကို ကြားကနေ Call Center အဖြစ် ကူညီပေးနေတဲ့ နံပါတ် (၁၈၈၀) ကိုလည်း ဖုန်းဆက်နိုင်ပါတယ်။ အရေးပေါ်လူနာတင်ယာဉ်စခန်းတွေကို ရန်ကုန်-မန္တလေး အမြန်လမ်းသစ်ရဲ့ မိုင် (၄၀) ခြားစီ ဖွင့်ထားတာကြောင့်၊ ဖုန်းဆက်ပြီး (၁၅) မိနစ်ကနေ မိနစ် (၂၀) အတွင်း အရေးပေါ်ကား ရောက်လာနိုင်ကာ၊ အနီးစပ်ဆုံး သင့်တော်တဲ့ ဆေးရုံတွေကို ပို့ပေးနိုင်ပါတယ်။ ဒါ့အပြင် အမြန်လမ်းရဲတပ်ဖွဲ့ကိုလည်း ဆက်သွယ်နိုင်သလို၊ ဒီရဲတပ်ဖွဲ့အနေနဲ့လည်း ယာဉ်တိုက်တဲ့သတင်းရပြီး၊ အရေးပေါ်လူနာတင်ယာဉ်နဲ့ မီးသတ်ယာဉ်တွေကိုပါ ခေါ်လာနိုင်ပါတယ်။

အမြန်လမ်းယာဉ်တိုက်မှုတွေဖြစ်ရာမှာ တချို့ပြည်သူတွေအနေနဲ့ လမ်းအားနည်းမှုကို အပြစ်ဖို့တတ်ကြရာမှာ၊ တချို့လမ်းအားနည်းမှုတွေ ရှိနေပြီး ပြင်ဆင်ဖို့လိုတာမှန်ပေမယ့် အဓိကမှာတော့ ယာဉ်မောင်းတွေရဲ့ အားနည်းတဲ့ အမူအကျင့်တွေက ပြင်ဆင်ဖို့ ပိုအရေးကြီးပြီး ချက်ချင်းပြင်ဆင်သင့်ကြောင်း သုတေသန မှတ်တမ်းများအရ တွေ့ရှိနေပါတယ်။ ဒါကြောင့် ယာဉ်မောင်းနဲ့ အမြန်လမ်းဘေးနေ ပြည်သူတွေအနေနဲ့ အမြန်လမ်းဆိုင်ရာ အသိပညာတွေ တိုးပွားလာပြီး ယာဉ်မောင်းတွေကလည်း စည်းကမ်းဥပဒေတွေနဲ့အညီ ဆင်ဆင်ခြင်ခြင် (အထူးသဖြင့် ရာသီဥတုဆိုးဝါးချိန်နဲ့ လမ်းအနေအထား အားနည်းနိုင်တဲ့နေရာတွေမှာ) မောင်းနိုင်လျှင် ဒီ အမြန်လမ်း ယာဉ်တိုက် သေဆုံးဒဏ်ရာရမှုတွေကို လျော့ချနိုင်မှာဖြစ်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်ဖို့အတွက် ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG