သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု


ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မှာ ဖွင့်လှစ်ထားတဲ့ မယ်တော် အခမဲ့ဆေးကုခန်းမှာ ဆေးကုသမှုခံယူဖို့ စောင့်ဆိုင်းနေသူ မိခင်နဲ့ကလေးများ။
ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မှာ ဖွင့်လှစ်ထားတဲ့ မယ်တော် အခမဲ့ဆေးကုခန်းမှာ ဆေးကုသမှုခံယူဖို့ စောင့်ဆိုင်းနေသူ မိခင်နဲ့ကလေးများ။
ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား မိခင်တွေနဲ့ အသက် ၇ နှစ်အောက် ကလေးတွေဟာ သက်သာလှတဲ့ အခကြေးငွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရတော့မှာဖြစ်ပါတယ်။ ထိုင်းကျန်းမာရေးဝန်ကြီး ဌာနရဲ့ ကျန်းမာရေးဌာနတိုင်းမှာ ရွှေ့ပြောင်း အလုပ်သမား ကိုယ်ဝန်ဆောင်မိခင်တွေ အခမဲ့ ကိုယ်ဝန်အပ်နိုင်သလို မိခင်နဲ့ ကလေးငယ်တွေအတွက် ကျန်းမာရေးကဒ်ပြားတွေ ရလာတော့မှာပါ။ သြဂုတ်လ ၁၂ ရက်နေ့မှာကျရောက်တဲ့ ထိုင်းနိုင်ငံ မိဘုရားကြီးရဲ့ မွေးနေ့ အထိမ်းအမှတ်အဖြစ် အခုလို ချီးမြှင့်ပေးတာလည်းဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေ စိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း နေထိုင်ကြတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၇ နှစ်အောက် ကလေးတွေ အားလုံး မိခင်နဲ့ကလေး ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနိုင်ငံ အစိုးရဝန်ကြီးများအဖွဲ့ရဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဟာ လူမှုဖူလုံရေးစံနစ်မှာ မှတ်ပုံတင်ခွင့်မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးရန်ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ ထိုင်းလူမျိုးတွေအပြင် ရွှေ့ပြောင်းအလုပ်သမား အားလုံး အတွက် ပါဝင်ကြောင်း ထိုင်းကျန်းမာရေးဌာနက ခရိုင်ကျန်းမာရေးမှူးတွေ အတွက် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပါဝင်ခဲ့တာပါ။ ဒီဥပဒေဟာ သြဂုတ်လ ၁၂ ရက်နေ့ကစပြီး အသက်ဝင်ပါတယ်။ ဒီဥပဒေကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အသက် ၇ နှစ်အောက် ကလေးငယ်တွေဟာ တနေ့ကို တစ်ဘတ်နှုန်းနဲ့ တစ်လ ၃၆၅ ဘတ်ပေးသွင်းပြီး ကျန်းမာရေး ဝန်ဆောင်မှုတွေကို ခံစားရတော့မှာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးအခွင့်အရေး ဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ ဒီအစီအစဉ်ဟာ ကလေးတွေအတွက် အခွင့်အလမ်းကောင်း တခုဖြစ်တဲ့အကြောင်း ပြောပါတယ်။

“အခုလိုမျိုး ထိုင်းကျန်းမာရေးဌာနကနေပြီး ထိုင်းမိဖုရားကြီး မွေးနေ့ အထိမ်းအမှတ်အဖြစ်နဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ကလေးတွေနဲ့၊ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေအတွက် ကျန်းမာရေးအာမခံ၊ ကျန်းမာရေးကုသခွင့်လုပ်ပေးတဲ့အတွက် အများကြီး ကောင်းတာပေါ့နော်။ အဓိကအားဖြင့် migrant ကလေးတွေအတွက် ပိုပြီးတော့ အကျိုးအများကြီးရှိတာပေါ့။ ၇ နှစ်အောက် ကလေးတွေအတွက်ဆိုလို့ရှိရင် တစ်နှစ်မှ ၃၆၅ ဘတ်ပဲ ကုန်မယ်လေ။ အဲဒီအတွက် အကျိုးအများကြီးရှိတယ်။ တစ်ခုက ကျနော်တို့ အလုပ်သမားတွေက ဒီကိစ္စကို မသိကြဘူး။ မသိကြတဲ့အခါကျတော့ ဒါတွေကို ကျယ်ကျယ်ပြန့်ပြန့် သိဖို့ လိုအပ်တယ်။ အလုပ်သမားတွေရဲ့ကလေးတွေအတွက်တော့ ဒါက အခွင့်အရေးတရပ်ပေါ့။ ဒီအချိန်ကစပြီး အလုပ်သမားတွေက ကိုယ့်ရဲ့သားသမီးတွေ၊ ကလေးတွေအတွက် နီးစပ်ရာ ဆေးရုံဆေးခန်းသွားပြီးတော့ ဆေးကုသခွင့် အာမခံလက်မှတ်ကိုလုပ်ဖို့ လိုအပ်တယ်။”

ဒီအစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်တွေကို ၁၂ ပတ်မပြည့်ခင်ကစပြီး အခမဲ့ ကိုယ်ဝန်စစ်ဆေးပေးခြင်းတွေ အပြင် ကူးစက်ရောဂါ၊ နာတာရှည်ရောဂါတွေကိုပါ စစ်ဆေးပေးမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုအားနည်းနောက်ကျတဲ့ ကလေးတွေကိုလည်း ခေတ်မီနည်းစံနစ်တွေနဲ့ ပြုစုစောင့်ရှောက်မှုတွေ ပေးသွားမယ်လို့ ဆိုပါတယ်။ ဆက်လက်ကုသမှု ရယူနိုင်ဖို့ ဆေးရုံတစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားပြီး အသက် ၁၅ နှစ်အထိ ကလေးတွေကိုလည်း အခြေခံ ကာကွယ်ဆေးထိုးတာ၊ တိုက်ကျွေးတာအပြင် လိုအပ်တဲ့သူတွေအတွက် ခုခံအားကျဆင်းမှုရောဂါ ကာကွယ်ဆေး (ARV) ပေးမယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။

အရင်တုန်းကတော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ခုခံအားကျဆင်းမှုရောဂါ ကာကွယ်ဆေးတွေဟာ ကျန်းမာရေး အာမခံမှာ မပါဝင်ခဲ့ပါဘူး။ အခုအခါမှတော့ ခုခံအားကျဆင်းမှုရောဂါရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား ကလေးတွေအတွက် ကျန်းမာရေးဝန်ဆောင်မှု ပေးတဲ့ အထူးအစီအစဉ်သစ်ဖြစ်ပါတယ်။

ကျန်းမာရေးအာမခံကဒ်ပြားလုပ်တဲ့အခါ ကုန်ကျစရိတ်တွေကတော့ လူမှုဖူလုံရေး အာမခံအတွက် မှတ်ပုံတင်နိုင်သူတွေက ဆေးစစ်ခ ဘတ် ၆၀၀ နဲ့ လူမှုဖူလုံရေး အာမခံ ဝန်ဆောင်မှုမရခင်ကာလ ၃ လစာ ကျန်းမာရေးအာမခံကြေး ဘတ် ၅၅၀၊ စုစုပေါင်း ဘတ် ၁၁၅၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။သာမန်ရွှေ့ပြောင်း လုပ်သားများအတွက် ဆေးစစ်ခ ဘတ် ၆၀၀ နဲ့ ကျန်းမာရေးအာမခံအတွက် ဘတ် ၂၂၀၀၊ စုစုပေါင်း ဘတ် ၂၈၀၀ ပေးသွင်းရမှာဖြစ်ပြီး အသက် ၇ နှစ် မပြည့်သေးတဲ့ ရွှေ့ပြောင်းကလေးတွေအတွက် ကျန်းမာရေးအာမခံကြေး ၃၆၅ ဘတ် ပေးသွင်းရမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေအတွက် သြဂုတ်လ ၁၁ ရက်နောက်ပိုင်းကစပြီး အလုပ်သမား လက်မှတ်လုပ်ဖို့ နောက်ထပ် သက်တမ်းတစ်နှစ် တိုးပေးခဲ့ပါတယ်။ ဒီလို သက်တမ်းတိုးပေးတဲ့အတွက် အလုပ်ရှင်တွေ၊ အလုပ်သမားတွေကြား အဆင်ပြေခဲ့ကြောင်း အလုပ်သမားရေးဆောင်ရွက်နေတဲ့ ကိုမိုးကြိုးက ပြောပါတယ်။

“ယာယီနိုင်ငံကူးလက်မှတ်၊ ယာယီပတ်စ်ပို့ ဆောင်ရွက်နေဆဲ အလုပ်သမား သုံးသိန်းနီးပါးပေါ့- ကျန်ရှိနေတဲ့အတွက် ဆောင်ရွက်နေတဲ့အလုပ်သမားတွေ အဆင်ပြေအောင် သူတို့ရဲ့အလုပ်ရှင်တွေလည်း တာဝန်ခံပေးရအောင် အဆင်ပြေအောင် ထိုင်းအစိုးရကနေပြီးတော့- ခါတိုင်းကတော့ လေးလတကြိမ် သက်တမ်းတိုးပေးနေကျပေါ့။ ဒီတခါတော့ လာမယ့် ၂၀၁၄ သြဂုတ်လ ၁၁ ရက်နေ့အထိ တစ်နှစ်တိတိ သက်တမ်းတိုးပေးလိုက်တယ်။”

ရွှေ့ပြောင်းအလုပ်သမားမိခင်တွေနဲ့ ကလေးတွေအတွက် ထိုင်းကျန်းမာရေး ဝန်ကြီးဌာနက ကျန်းမာရေးဝန်ဆောင်ပေးမှုက အစီအစဉ်အသစ်ဖြစ်ပြီး ဒီအစီအစဉ်ကြောင့် ထိုင်း-မြန်မာနယ်စပ်က ကျန်းမာရေးဝန်ဆောင်မှု ပေးနေသူတွေကြားမှာလည်း အခက်အခဲတချို့ ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ထိုင်းနိုင်ငံအတွင်းမှာ ကိုယ်ဝန်ဆောင်မယ့် ရွှေ့ပြောင်းအလုပ်သမတွေအနေနဲ့ မိမိတို့နေရပ်ရင်းကိုပြန်ပြီး ကလေးမွေးရ မှာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုမှုတွေကြောင့် ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေ၊ ထိုင်းလူမှု အဖွဲ့အစည်းတွေကြားမှာ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အခုအစီအစဉ်သစ်မှာတော့ ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ကြိုဆိုလိုက်ပြီး ရွှေ့ပြောင်း အလုပ်သမားကလေးတွေအတွက် ကျန်းမာရေး အာမခံတွေ လုပ်ကြဖို့ စည်းရုံးလှုံ့ဆော်မှုတွေ စတင်နေကြပြီ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG