မြန်မာနိုင်ငံမှာ ဖြစ်နှုန်းမြင့်တက်လာနေတဲ့ ဆီးချိုရောဂါကြောင့် ခြေထောက်မှာ အနာတွေဖြစ်တာ၊ အနာမကျက်တာ၊ ခြေထောက်ပုပ်သွားတာတွေ များလာနေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးနေပါတယ်။ ခြေထောက် အခုလိုထိခိုက်တာ ဖြစ်ရခြင်းအကြောင်းရင်းကတော့ ခြေထောက်ကိုသွားတဲ့ သွေးကြောတွေ ကျဉ်းလာပြီး အောက်ဆီဂျင် အရောက်နည်းတာ၊ သွေးထဲ ပိုးဝင်လွယ်တဲ့ သကြားအချိုဓာတ်များလာတာနဲ့ ခြေထောက်အာရုံကြောတွေ အားနည်းလာပြီး ခြေထောက်ထိခိုက်မိတာကို မသိတော့တာတွေကြောင့်ပါ။
အခုလို ခြေထောက်ပြဿနာတွေ ဆက်မဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် အဆီများပြီး ဝနေလျှင် အဆီကို လျော့ချပေးတာ၊ သွေးတိုးတွဲရှိနေလျှင် သွေးတိုးမတက်အောင် ထိန်းထားတာ၊ မိဘတွေမှာ ဆီးချိုရှိထားလျှင် အထူးဂရုစိုက်ဆင်ခြင်တာ၊ ဆီးချိုဖြစ်လာလျှင်လည်း ပေါ့ပေါ့ဆဆ မနေဘဲ ဆီးချိုမတက်အောင် အထူးဂရုထား ကုသ၊ နေထိုင်တာ (ခြေထောက်သန့်ရှင်းအောင်ထားတာ၊ အရက်၊ ဆေးလိပ် အလွန်အကျွံမသောက်သုံးတာ၊ အချို အလွန်မစားတာ) သွေးတိုင်းတာ စစ်ဆေးမှုပုံမှန်ခံယူတာတွေ လုပ်ပေးသင့်ပါတယ်။
ဆီးချိုကြောင့်ဖြစ်တဲ့ ခြေထောက်ပြဿနာတွေ ဖြစ်လာခဲ့ရင်လည်း စောစောရှာဖွေသိရှိနိုင်အောင် ခြေထောက်ကို အမြဲဆရာဝန်ပြ စစ်ဆေးမှုခံယူသင့်ပါတယ်။ ခြေထောက်သွေးခုန်နှုန်း အားနည်းလာတာ၊ ခြေထောက်ကြွက်သား ကြုံလှီလာတာ၊ တင်ပါးကြွက်သားများလည်း ကြုံလှီလာတာတွေကို စစ်ဆေးတွေ့ရှိနိုင်တာအပြင်၊ ခေတ်မီတိုင်းတာစစ်ဆေးမှု (Ultrasound, Angiogram, CT Angiogram, MRI) တွေ ခံယူသင့်ပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က နှလုံးခွဲစိတ် အထူးကုဆရာဝန်ကြီး၊ နှလုံးနှင့်သွေးကြောရောဂါ ခွဲစိပ်ကုဌာန အငြိမ်းစားပါမောက္ခ ဌာနမှူး ဒေါက်တာခင်မောင်အေး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။