သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးတိုးရောဂါ နှင့် ဘဝနေထိုင်စားသောက်ပုံ


တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ သွေးတိုးရောဂါ အဖြစ်များလာနေပြီး ဘဝနေထိုင်စားသောက်ပုံ အရေးကြီးတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေကြပါတယ်။သွေးတိုးရောဂါဖြစ်ရခြင်း အကြောင်းရင်း အမျိုးမျိုးရှိရာမှာ မျိုးရိုးဗီဇလိုက်တာ၊ ဘဝနေထိုင်စားသောက်ပုံမမှန်တာ (အဝလွန်တာ၊ စိတ်ဖိစီးမှုများတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာ၊ နောက်ဆက်တွဲ ဆီးချို သွေးချိုရောဂါဖြစ်လာတာ)၊ အကြောင်းရင်းမသိရတာ၊ တစ်ခုခုကြောင့်ဖြစ်ရတာ (ကိုယ်ဝန်ရှိတာ၊ ကျောက်ကပ်သွေးကြောကျဉ်းတာ၊ ဟော်မုန်းပြောင်းတာ၊ ဆေးတချို့ရှိတာ) တွေ ပါပါတယ်။

သွေးတိုးမဖြစ်အောင် ကာကွယ်နိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားအားကစား တစ်နေ့ မိနစ် (၃၀) ပုံမှန်လုပ်တာ၊ အဝမလွန်အောင် ကိုယ်အလေးချိန်ကို ထိန်းထားတာ၊ ဆေးလိပ်မသောက်တာ၊ အရက်အလွန်အကျွံမသောက်တာ၊ အငံ (ငါးပိ၊ငါးခြောက်၊ ငံပြာရည်) အလွန်အကျွံထည့်မစားတာ၊ စိတ်ဖိစီးမှုကို ဝါသနာပါတာလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အပန်းဖြေခရီးထွက်ခြင်းဖြင့် ဖြေလျော့ပေးတာ၊ အသက် (၄၀) နောက်ပိုင်း ပုံမှန် သွေးပေါင်ချိန်တာနဲ့ ဆီးချိုသွေးချို ရှိမရှိ စစ်ဆေးတာတွေ လုပ်ပေးသင့်ပါတယ်။

သွေးတိုးရောဂါဖြစ်လာခဲ့ရင်လဲ ကြိုသိနိုင်ဖို့ သွေးပေါင်ချိန် တိုင်းတာ မကြာခဏ လုပ်ပေးသင့်ပါတယ်။ သွေးတိုးဖြစ်လာရင် အများစုက ထူးခြားတဲ့ ရောဂါလက္ခဏာ မပြတတ်လို့ ဖြစ်ပါတယ်။ ပုံမှန် သွေးပေါင်ချိန်က အပေါ်သွေး (၁၂၀) အောက်သွေး (၈၀) ဖြစ်သော်လည်း သွေးပေါင်ချိန် နည်းနည်း တစ်ကြိမ် နှစ်ကြိမ် ကျော်တာနဲ့ သတ်မှတ်လို့မရပါဘူး။ နားပြီး မတူတဲ့ အချိန် (၃) ကြိမ် တိုင်းရာမှာ အပေါ်သွေး (၁၄၀) အထက်နဲ့ အောက်သွေး (၉၀) အထက်ထိ အကြိမ်တိုင်း ကျော်မှသာ သွေးတိုးရောဂါအဖြစ် သတ်မှတ်နိုင်ပါတယ်။

သွေးတိုးရောဂါကို ရေရှည်ပုံမှန် ဆေးသောက်တာနဲ့ ဘဝနေထိုင်စားသောက်ပုံပြောင်းတာ နှစ်မျိုးစလုံးနဲ့ မကုသနိုင်လျှင် အသက်ဆုံးရှုံးတဲ့အထိ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ သွေးပေါင်ချိန် ရေရှည် မထိန်းထားနိုင်လျှင် သွေးတိုးကြောင့် နှလုံးနဲ့သွေးကြောတွေ ပျက်စီးကုန်ပြီး လေဖြတ်တာအပါအဝင် ဆိုးဆိုးဝါးဝါးဖြစ်လာနိုင်လို့ပါ။ ဒါကြောင့် ခုလို မခံစားရအောင် ကျွမ်းကျင်ဆရာဝန်တွေ မှာတဲ့သွေးတိုးကျဆေး ရေရှည် ပုံမှန်သောက်တာအပြင်၊ ဘဝနေထိုင်စားသောက်ပုံကိုလည်း ရေရှည် ပြောင်းပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် အထက်ပါဖော်ပြပါ ကာကွယ်နည်းတွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားအားကစားလုပ်တာ၊ အဝမလွန်အောင် ထိန်းတာ၊ ဆေးလိပ်မသောက်တာ၊ အရက်အလွန်အကျွံမသောက်တာ၊ အငံစာ အလွန်အကျွံထည့်မစားတာ၊ စိတ်ဖိစီးမှုဖြေလျော့ပေးတာတွေအပြင်၊ အဆီအစား လတ်ဆတ်တဲ့ အသီးအနှံတွေပိုစားတာ၊ ဆီကြော်စာတွေအတွက် အသီးအနှံဆီကို သုံးတာ၊ အချိုမှုန့် (ကြက်သားမှုန့်အပါအဝင်) ရှောင်တာနဲ့ လ္ဘက်ရည်၊ကော်ဖီလျော့သောက်တာတွေ လုပ်ပေးသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က အထွေထွေဆေးကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG