သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသင့်စား အစားအသောက်တွေနဲ့ ကျန်းမာရေး


တိုက်ရိုက် လင့်ခ်


ချက်ပြုတ်ပြင်ဆင်ဖို့ အချိန်မကုန်ဘဲ အလွယ်တကူ ချက်ချင်းစားသောက်နိုင်တဲ့ အသင့်လုပ် အစားအသောက်တွေ သုံးစွဲသူများလာတာမို့ ကျန်းမာရေး ဆိုးကျိုးဖြစ်စေနိုင်တာကို ကျန်းမာရေး ပညာရှင်တွေက သတိပေးနေကြပါတယ်။

အသင့်လုပ်ထားတဲ့ အစားအစာတွေဖြစ်တဲ့ ဟော့ဒေါ့ (Hot Dog)၊ ဟမ်ဘာဂါ (Hamburger)၊ အာလူးကြော်ထုတ်၊ သီဟိုစေ့ထုတ်၊ ခေါက်ဆွဲထုတ်တွေမှာ အဆီဓာတ်များတာအပြင် ကြာရှည်ခံအောင်နဲ့ အနံ့အရသာကောင်းအောင် ဓာတုပစ္စည်းတွေသုံးထားလေ့ရှိပါတယ်။ အဆီဓာတ်များတာကြောင့် အဝလွန်တာနဲ့ သွေးထဲအဆီပိတ်ပြီး နှလုံးသွေးကြောကျဉ်းတာ၊ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တာ စတာတွေ ဖြစ်စေနိုင်ပါတယ်။ ဓာတုပစ္စည်းတွေပါတာကြောင့်လဲ အသည်းနဲ့ကျောက်ကပ် ပျက်စီးတာ၊ အစာအိမ်နဲ့လူလမ်းကြောင်း ကင်ဆာဖြစ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကြာရှည်ခံဖို့ ဆားများများ ထည့်ထားတာကြောင့်လည်း သွေးတိုးရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက အသင့်လုပ်ထားပြီး အများစားတဲ့ ငါးပိ၊ ငြုပ်သီးမှုန့်၊ မျှစ်၊ လက်ဖက်၊ ပဲကြီးလှော်တွေမှာလည်း အရာင်လှအောင် ဓါတုဆိုးဆေးတွေ သုံးတာတွေရှိနေပါတယ်။ ဓါတုဆိုးဆေးတွေပါကို သိနိုင်ဖို့က အရောင်မမှိုင်းဘဲ၊ ပိုတောက်တာအပြင် စားကြည့်ကိုင်ကြည့်လျှင်လည်း လျှာနဲ့လက်မှာ အရောင်စွဲကျန်တာကို တွေ့နိုင်ပါတယ်။ ဒီဓာတုဆိုးဆေးတွေကြောင့် အထက်ဖော်ပြပါ ဓာတုပစ္စည်းဆိုင်ရာ ကျန်းမာရေး ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် အချိုရည်ဗူးတွေ သောက်သုံးတာများလာရာမှာ ဒီအချိုရည်မှာပါတဲ့ ဓာတ်ပစ္စည်းတွေကြောင့်လဲ အရိုးပွတာ၊ သွားပိုးစားတာ၊ အဝလွန်ပြီး နှလုံးနဲ့သွေးကြောရောဂါတွေဖြစ်တာ၊ အသဲနဲ့ ကျောက်ကပ်ပျက်စီးတာနဲ့ အစာအိမ်အူလမ်းကြောင်း ကင်ဆာဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးငယ်တွေမှာလဲ ဒီအချိုရည်တွေကြောင့် အထက်ပါရောဂါတွေအပြင် အာရုံမစူးစိုက်မှုနဲပြီး ဂနာမငြိမ်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။ အားဖြည့် အချိုရည်ဗူးတွေမှာ ကော်ဖီဓာတ်ပါတာကြောင့်လဲ အိပ်မပျှော်တာ၊ ရင်တုန်တာ၊ သွေးပေါင်ချိန်တက်တာ၊ ရင်ဘတ်အောင်တာ၊ တခါတရံ နှလုံးခုန်မမှန်တာနဲ့ စွဲလန်းပြီး အလွန်အကျွံသောက်သုံးတာတွေ ဖြစ်နိုင်ပါတယ်။

အသင့်မလုပ်ထားသော်လည်းဘဲ ကင်ထားတဲ့ အစားအစာတွေ အစားများသွားလျှင် ပါဝင်တဲ့ ကာဗွန်ဓာတ်တွေကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းယောင်တာ၊ ပျို့တာ၊ အန်တာနဲ့ အစာအိမ်အူလမ်းကြောင်း ကင်ဆာရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

အခုလို ကျန်းမာရေးဆိုးကျိုးတွေ မခံစားရစေဖို့ အသင့်လုပ် အစားအစာတွေကို လုံးဝရှောင်ကျဉ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါတယ်။ သို့သော်လည်း မရှောင်ကျဉ်နိုင်လျှင် တခါတရံ (တစ်ပတ်ကို တစ်ကြိမ်၊ နှစ်ကြိမ်) သာ စားပြီး၊ အမြဲတမ်းလိုလိုမှာ သဘာဝ အစားအသောက်တွေဖြစ်တဲ့ အသားနဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင် စားသုံးသင့်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ခြင်းဖြင့် အဆီနဲ့ ဆားလျှော့ချက်နိုင်ပြီး အချိုမှုန့်ကိုလည်း ရှောင်ကျဉ်နိုင်ပါတယ်။ အကင်တွေကိုလည်း အလွန်အကျွံ မစားမိဖို့ လိုပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က အထွေထွေရောဂါကုသမှု သမားတော်ကြီး ဒေါက်တာ မင်းစိုးဦး ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG