သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးချို နောက်ဆက်တွဲ နှလုံးရောဂါ [အပိုင်း တစ်]


တိုက်ရိုက် လင့်ခ်

မြန်မာနိုင်ငံမှာ ဆီးချိုနောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါအဖြစ်များလာနေပေမယ့် မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ ဆီးချိုအထူးကုတွေက ဆိုပါတယ်။

ဆီးချိုသွေးချိုရောဂါ နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါဖြစ်တယ်ဆိုရာမှာ နှလုံးသွေးကြောကျဉ်းတာ၊ ပိတ်တာ (Coronary Artery Disease သို့မဟုတ် Ischemic Heart Disease) ကို ဆိုလိုတာပါ။ အနောက်နိုင်ငံတွေအတွက် ဆီးချိုနောက်ဆက်တွဲထဲမှာ အခုလို နှလုံးရောဂါဖြစ်တာက အဖြစ်အများဆုံးနဲ့ သေကျေမှုအများဆုံးဖြစ်စေပြီး၊ မြန်မာနိုင်ငံအတွက်တော့ ကျောက်ကပ်ထိတာနဲ့ ဆတူ (၂၈.၂) ရာခိုင်နှုန်းစီ ဖြစ်နေတာ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ ကျောက်ကပ်နောက်ဆက်တွဲထိရာမှာ သွေးကြောငယ်တွေ ထိခိုက်တာကြောင့်ဖြစ်ရပေမယ့်၊ အခုလို နှလုံးရောဂါ နောက်ဆက်တွြဲဖစ်တာကတော့ သွေးကြောကြီးတွေ ထိခိုက်သွားလို့ပါ။

သွေးကြောကြီး (၃) ခု ခုလို ထိခိုက်နိုင်တာမှာ၊ အဖြစ်အများဆုံးဖြစ်တဲ့ နှလုံးမှာ ရှိနေတဲ့ အဓိက သွေးကြောကြီး (Coronary Artery) ကျဉ်းလျှင် ဒီ နှလုံးသွေးကြောကျဉ်းတာဖြစ်ပြီး၊ နောက် ဦးနှောက်ကိုသွားတဲ့ သွေးကြောကြီးကျဉ်းပြီး ပိတ်သွားလျှင် လေဖြတ်တာ (Stroke) ဖြစ်ကာ၊ ခြေတွေလက်တွေ (အထူးသဖြင့် ခြေတွေ) ကိုသွားတဲ့ သွေးကြောကြီးတွေကျဉ်းလျှင် ခြေထောက်ကို ထိခိုက်နိုင်ပါတယ်။

အခုလို နှလုံးအပါအဝင် သွေးကြောကြီးတွေကို ကျဉ်းစေတဲ့ အကြောင်းရင်းတွေကတော့ ကျောက်ကပ်ထိတာလို ဆီးချို မထိန်းနိုင်တာ တစ်ခုထဲကြောင့် အဓိက မဟုတ်ဘဲ၊ အဝလွန်တာ၊ သွေးထဲ အဆီဓာတ်များတာ၊ သွေးတိုးတာ၊ ဆေးလိပ်သောက်တာနဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း နည်းတာတွေနဲ့ပါ အလားတူ ပတ်သက်နေပါတယ်။ ဒါကြောင့် ဒီ အဝလွန်သူတွေ၊ သွေးထဲအဆီများသူတွေ၊ သွေးတိုးနေသူတွေ၊ ဆေးလိပ်အသောက်များသူတွေ၊ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အထိုင်များသူတွေမှာ ဆီးချိုရောဂါမရှိလျှင်တောင် ဒီ နှလုံးရောဂါဖြစ်နိုင်ခြေများပြီး၊ ဆီးချိုရှိထားပြီးသူတွေအတွက်တော့ ဖြစ်ဖို့က (၂) ဆ (၃) ဆ အထိ ပိုများသွားပါတော့တယ်။

အခုလို နှလုံးရောဂါ နောက်ဆက်တွဲဖြစ်လာတာကို သတိထားနိုင်တဲ့ လက္ခဏာတွေကတော့ နှလုံးသွေးကြောကျဉ်းတာကြောင့် ရင်ခေါင်းအလယ်မှာ ဆုတ်ဆွဲထားသလို နာကျင်တာ (Chest Pain)၊ လှုပ်ရှားမှုနည်းနည်း လုပ်ရုံနဲ့တင် (ဥပမာ ကိုက် ၅၀-၁၀၀ ခန့်သာ လမ်းလျှောက်တာ၊ လှေခါး တစ်လွှာတက်တာ) ဒီရင်ဘတ်နာတာ၊ တချို.မှာလည်း လှုပ်ရှားမှုမရှိဘဲ အိပ်နေချိန်တောင် ရင်ဘတ်အောင့်တာတွေ ဖြစ်လာတာပါ။ ဒါ့အပြင် တချို့မှာလည်း နှလုံးခုန်မမှန်တာ (သွေးခုန်နှုန်း မြန်တာ၊ နှေးတာ)၊ နှလုံးသွေးညှစ်အားကျလာပြီး (Heart Failure) ခန္ဓာကိုယ်အအင်္ဂါ အစိတ်အပိုင်းတွေကို သွေးလုံလောက်အောင် မရောက်တော့တာကြောင့် ဖောတာ၊ မောတာအပြင်၊ နှလုံးသွေးကြောလုံးဝ ပိတ်သွားပြီး နှလုံးသွေးကြောပိတ်ရောဂါ (Myocardial Infarction) လည်း ဖြစ်တတ်ပါတယ်။

ဒါကို ကာကွယ်နိုင်ဖို့ကတော့ ပထမဆုံးအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ပြီး၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားဖို့ (အဝမလွန်အောင်) ပါ။ အခုလိုဖြစ်နိုင်ဖို့ အစားအသောက်နဲ့ ပတ်သက်ပြီး စ လုပ်သင့်တာကတော့ ကဆီဓာတ် (ကာဘိုဟိုက်ဒရိတ်ဓာတ်) ဖြစ်တဲ့ ဥပမာ အဓိက ထမင်းလိုမျိုးကို လျှော့စားတာပါ။ ဒါပေမဲ့ ပြဿနာက မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာမှာရော အာရှမှာပါ ထမင်းများဆုံး စားတဲ့ နိုင်ငံဖြစ်နေတာမို့၊ အများကြီးကို ပိုလျှော့စားးဖို့လိုနေပြီး၊ အစိုးရအနေနဲ့ပါ ပြည်သူတွေအတွက် ဒီ ကဆီဓာတ် လျှော့စားတဲ့ နည်းလမ်းတွေ ပညာပေးတာနဲ့ အခုလို စားနိုင်ဖို့ အခွင့်အလမ်းတွေ ဝိုင်းပံ့ပိုးတာပါ လုပ်ဆောင်ပေးသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဋ္ဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG