မြန်မာနိုင်ငံမှာ ဆီးချိုရောဂါ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ထိခိုက်တာ အဖြစ်များလာနေပေမယ့် မဖြစ်အောင် ကာကွယ်နိုင်တာအပြင်၊ ဖြစ်လာလျှင်လည်း ပိုမဆိုးအောင် ကုသနိုင်တယ်လို့ ဆီးချိုအထူးကုတွေက ပြောဆိုပါတယ်။
ဆီးချိုသွေးချိုရောဂါကြောင့် ကျောက်ကပ်မထိခိုက်ရအောင် ကာကွယ်နိုင်ဖို့ အဓိကအနေနဲ့ သွေးချို (သွေးထဲသကြားဓာတ်) ပမာဏကို မနက်စောစော အစာမစားခင်မှာ (၁၃၀) မကျော်အောင်၊ ညနေအစားစားပြီးလျှင်လည်း (၁၈၀) မကျော်အောင်၊ (၃) လ တစ်ကြိမ်လည်း သွေးနီဥထဲမှာ သကြားဓာတ် (HbA1c) ၇% မကျော်အောင် လုံးဝထိန်းထားဖို့ အထူးအရေးကြီးပါတယ်။ ဆီးထဲ အသားဓာတ် အဏုစိတ်ပမာဏ စမပါခင်ကတည်းက အခုလို လုံးဝ ထိန်းထားဖို့ လိုပါတယ်။ ဒါ့အပြင် သွေးတိုးရောဂါပါ တွဲရှိနေလျှင်လည်း သွေးပေါင်ချိန်ကို ၁၄၀/၉၀ (အပေါ်သွေး ၁၄၀ နဲ့ အောက်သွေး ၉၀) မကျော်အောင် လုံးဝ ထိန်းထားဖို့ လိုပါတယ်။ နောက်တစ်ခုက ဆီးချိုရှိနေသူတွေအနေနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ NSAID (Non-steroidal anti-inflammatory Drug) အုပ်စုဝင် အကိုက်အခဲပျောက်ဆေး (ဥပမာ Diclofenac၊ Aspirin၊ Ibuprofen စတာ) တို့ကို တတ်နိုင်သမျှရှောင်၊ လိုလျှင် ချင့်ချိန်စားသုံးဖို့နဲ့ ဖြစ်နိုင်လျှင် လုံးဝမသုံးတာ အကောင်းဆုံးဖြစ်ပါတယ်။ ဆီးချိုကြောင့် ပခုံးတွေ၊ လက်တွေ၊ အဆစ်အမြစ်တွေ ကိုက်တတ်တာမို့ ဒီ NSAID အုပ်စုဝင် အကိုက်အခဲပျောက်ဆေး မဟုတ်တဲ့ ပါရာစီတမော (Paracetamol) ကို သောက်သုံးနိုင်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆေးမီးတို မှားယွင်းအားကိုးပြီး အရွက်တွေ၊ အသီးတွေနဲ့ အဆံတွေ (ဥပမာ ပဲပိစပ်အရွက်၊ မဟော်ဂနီသီး၊ ခွေးလျားသီးစတာတွေ) ကို အစိမ်းစားတာ၊ ပြုတ်သောက်တာတွေ မလုပ်သင့်ပါဘူး။ ဒါတွေ မှားယွင်းသောက်သုံးမှုကြောင့် ဆီးချို ထိန်းသိမ်းမှုမကောင်းတော့ဘဲ၊ ကျောက်ကပ်ထိခိုက်တာအပါအဝင် ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
တချို့လူနာတွေအနေနဲ့ ဆီးချိုသွေးချိုရောဂါစဖြစ်ချိန်မှာ သတိမပြုမိဘဲ၊ နောက်ပိုင်း ကျောက်ကပ်အပါအဝင် နောက်ဆက်တွဲ ထိခိုက်လာချိန်မှ စသိကြရတာကြောင့် သူတို့အနေနဲ့ အထက်ပါအတိုင်း ကာကွယ်နိုင်တဲ့ အနေအထား မရှိတော့ပါဘူး။ ဒါပေမဲ့ ကျောက်ကပ်ထိတာ ပိုမဆိုးလာအောင်တော့ ကုသ ကာကွယ်နိုင်ပါသေးတယ်။ အခုလို ကုသရာမှာ သွေးတိုးပါတွဲရှိထားပြီးသူတွေအတွက် သွေးတိုးကျဆေး သက်သက်ပေးတာမဟုတ်တော့ဘဲ၊ ဆီးထဲအသားဓာတ်တွေပါတာကို ထိန်းပေးကာ ကျောက်ကပ်ပို မပျက်စီးအောင် ကာကွယ်တဲ့ဆေးမျိုး (ဥပမာ ACEI အုပ်စုဝင်ဖြစ်တဲ့ Coversyl သို့မဟုတ် Perindopril အပြင်၊ ARB ဆေးအုပ်စုဝင် Losartan နဲ့ Irbesartan စတာ) တွေပေးသင့်ပါတယ်။ ဒါ့အပြင် ဆီးချိုသွေးချိုကို ထိန်းရာမှာလည်း သွေးချို ထိန်းရုံသက်သက်ဆေးမဟုတ်ဘဲ၊ ဆီးလမ်းကြောင်းကနေ ဂလူးကို့စ် သကြားဓါတ်စွန့် ထုတ်ပေးကာ၊ ကျောက်ကပ်ပျက်စီးမှုကိုပါ ကာကွယ်ပေးနိုင်တဲ့ဆေးမျိုး (ဥပမာ ကမ္ဘာမှာ ခေတ်စားနေတဲ့ SGLT2 အုပ်စုဝင် Empagliflozin နဲ့ Dapagliflozin စတာတွေနဲ့၊ GLP-1 ထိုးဆေး Glucagon-like Peptide-1) တွေပေးသင့်ပါတယ်။ ဒါ့အပြင် ကျောက်ကပ် ထိခိုက်တာကြောင့် ဖြစ်လာနိုင်တဲ့ သွေးအားနည်းတာနဲ့ ကယ်ဆီယံဓာတ်နည်းတာတွေဖြစ်လာလျှင်လည်း ကုသပေးဖို့လိုပါတယ်။
အထက်ပါကုသမှုတွေနဲ့ မရတော့ဘဲ နောက်ဆုံးကျောက်ကပ်ပျက်စီးသွားတဲ့ အဆင့်မှာလည်း Dialysis (ကျောက်ကပ်ဆေးသန့်စင်ခြင်း သို့မဟုတ် ကျောက်ကပ်အစား အညစ်အကြေးစွန့်ပေးခြင်း) နည်းတွေနဲ့ ကုသပေးနိုင်ရာမှာ၊ မြန်မာနိုင်ငံမှာ Hemodialysis (သွေးသန့်စင်စက်နဲ့) နည်းနဲ့ ကုသနိုင်ပါသေးတယ်။ တခြားတိုးတက်တဲ့နိုင်ငံတွေမှာတော့ Continuous Peritoneal dialysis (ဝမ်းဗိုက်ဖုံးမှေးမှတဆင့် အမြဲသန့်စင်ပေးခြင်း) နည်းသုံး ကိုယ်တိုင်သယ်ယူသွားနိုင်တဲ့ စက်လေးတွေနဲ့ ကျောက်ကပ်အစား အညစ်အကြေး စွန့်ထုတ်ပေးနိုင်ပါတယ်။ နောက်ဆုံးအဆုံးစွန် အဆင့်မှာတော့ ကျောက်ကပ်အစားထိုး ကုသနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်နဲ့တည့်မဲ့ ကျောက်ကပ်လှုချင်သူကို ရှာရမှာအပြင်၊ ခွဲစိပ်ကုသမှုဒဏ်နဲ့ ခွဲစိတ်အစားထိုးပြီးလျှင်လည်း ဆေးအပြင်းတွေ ဆက်သောက်ရတဲ့ ဒဏ်တွေတော့ ခံစားရနိုင်ပါတယ်။
ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်း ဥက္ကဋ္ဌ၊ ဆီးချိုအထူးကုဆရာဝန်ကြီးနဲ့၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာတင့်ဆွေလတ် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။