သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစားအစာတွေထဲ ဖော်မလင်များ (formalin) ပါနေခြင်း


မြန်မာနိုင်ငံက မုန့်ဟင်းခါး၊ ခေါက်ဆွဲနဲ့ ပဲပြား (တိုဟူး) အများစားတာတွေထဲ အသားငါး မပုပ်သိုးအောင်သုံးတဲ့ ဖော်မလင်ဆေးကို တာရှည်ခံဆေးအဖြစ် သုံးနေတာ စစ်ဆေးတွေ့ရှိနေရတယ်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေးနေပါတယ်။

နောက်ထပ် ဒီ ဖော်မလင်ဆေးကို ထည့်သုံးတတ်တဲ့ အစားအစာတွေကတော့ ငါး၊ ပုဇွန်၊ ငါးခြောက်၊ ဘဲသွေး၊ နို့၊ သရက်သီး စတာတွေ ဖြစ်ပါတယ်။ ဖော်မလင်ဆေးကို ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းအဖြစ် သတ်မှတ်ထားတာကြောင့် ဒီဆေးပါတဲ့ အစားအစာတွေကို စားသုံးမိသူတွေမှာ လည်ချောင်းကင်ဆာ၊ နှာခေါင်းကင်ဆာ၊ သွေးကင်ဆာ စတဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးအငွေ့ ထိတွေ့ ရှုရှိုက်ရသူတွေမှာ မျက်လုံးစပ်ခြင်း၊ မျက်လုံးကန်ခြင်း၊ ဗိုက်အောင့်နာခြင်း၊ ဝမ်းသွားခြင်း၊ အော့အန်ခြင်း၊ သတိလစ်ခြင်းအပြင် နောက်ဆုံးမှာ အဆိပ်အတောက်ဖြစ်ပြီး ကျောက်ကပ်၊ အသည်း နဲ့ နှလုံးတွေ ပျက်စီးပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

အခုလို ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ စားသုံးသူတွေအနေနဲ့ ဖော်မလင်ဆေး စိမ်ထားတဲ့ အစားအစာတွေကို ခွဲခြားနိုင်ဖို့ နဲ့ အစားအစာ ထုတ်လုပ်သူတွေအနေနဲ့လည်း တာရှည်ခံဆေးအဖြစ် ဖော်မလင်ဆေးကို မသုံးဘဲ အခြားနည်းတွေသုံးဖို့ အရေးကြီးပါတယ်။

ဖော်မလင်စိမ်ထားတဲ့ ငါး၊ ပုဇွန်တွေဟာ ပုံမှန်လို ခပ်ပျော့ပျော့ မဟုတ်ဘဲ၊ မာတောင့်တောင့်ဖြစ်နေတတ်ပြီး ပုံမှန် ငါးညှီနံ၊ ပုဇွန်ညှီနံတွေ ရလေ့မရှိပါဘူး။ အလားတူ ပဲပြား (တိုဖူး) မှာ ဖော်မလင်ပါရင် ပုံမှန် ခပ်ပျော့ပျော့မဟုတ်ဘဲ၊ မာပြီးကြပ်ခဲနေတတ်ပါတယ်။ ငါးခြောက်တွေမှာလည်း ဖော်မလင်သုံးထားလျှင် ပုံမှန်အရောင်ဖြစ်တဲ့ သွေးရောင် အနီရောင်၊ ညိုမဲမဲရောင်သန်း မနေတော့ဘဲ အရောင်ဖြူပြီး တောင့်နေတတ်ပါတယ်။

အစားအစာ ထုတ်လုပ်သူတွေအနေနဲ့လည်း ဖော်မလင်လို အဆိပ်ဖြစ်စေတဲ့ တာရှည်ခံဆေးတွေကို မသုံးမိအောင် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က စစ်ဆေးအရေးယူတာအပြင်၊ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အဆိပ်ဖြစ်စတဲ့ တာရှည်ခံဆေးတွေကို လူသိရှင်ကြား ကြေညာပေးသင့်ပါတယ်။ ဒါ့အပြင် ဖော်မလင်အစား အန္တရာယ်မရှိပဲ တာရှည်ခံဖို့ သုံးနိုင်တဲ့နည်းတွေနဲ့ ဆေးတွေကို ရှိနေပါတယ်။ တာရှည်ခံဖို့ သဘာဝနည်းတွေဖြစ်တဲ့ အစားအစာတွေကို အခြောက်ခံထားတာ၊ မီးနဲ့ကြပ်တိုက်ထားတာ၊ ဆားနယ်ထားတာ၊ အချဉ်ဖောက်ထားတာ၊ ရေခဲနဲ့ ရိုက်ပြီးခဲထားလိုက်တာ၊ ရေခဲသေတ္တာခန်းထဲ ခဲပြီးသိမ်းထားတာတွေကို အစားထိုး သုံးနိုင်ပါတယ်။ FDA က အသိအမှတ်ပြုထားတဲ့ ကြာရှည်ခံ ဆေးတွေဖြစ်တဲ့ လက်တစ်အက်ဆစ် (Lactic Acid)၊ နိုက်ထရိတ် (Nitrate) နဲ ဆိုဒီယမ် ဘဲန်ဇိုရိတ် (Sodium Benzoate) တွေကိုလည်း အချိုးအစားမှန်မှန်နဲ့ တာရှည်ခံအောင် ထည့်သုံးနိုင်ပါတယ်။

ဖော်မလင်ဆေးဝါး သုံးစွဲမှုနဲ့ ဘေးဆိုးအန္တရာယ်အကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ ဆရာဝန်များအသင်းမှ ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG