သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆံပင်ကျွတ်ခြင်း (အပိုင်း ၂)


German Jan Bourcevet, 23, (right) came to Istanbul for a hair transplant.
German Jan Bourcevet, 23, (right) came to Istanbul for a hair transplant.
ဆံပင်ကျွတ်ခြင်း (အပိုင်း - ၂)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ဆံပင်ကျွတ်တာကို အပိုင်း (၁) မှာ ပြောခဲ့သလို ပြုပြင်ထိန်းသိမ်းမှု အားနည်းတာအပြင်၊ ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ရာမှာ အခြေခံအကြောင်းရင်းကို ရှာဖွေနိုင်ဖို့အရေးကြီးတယ်လို့ အရေပြားအထူးကုတွေက သတိပေးပြောဆိုပါတယ်။

ပထမဆုံး ဆံပင်ကျွတ်ရခြင်းအကြောင်းရင်းကတော့ ဆံပင်ကွက်ကျွတ်ခြင်းပါ။ ဦးခါင်းတစ်ခုလုံး ကျွတ်တာမျိုး မဟုတ်ဘဲ၊ တနေရာရာမှာ ဆံပင်ကွက်ကျွတ်၊ ပြောင်နေပြီး၊ စမ်းကြည့်လျှင် ပြောင်ပြောင်ချောချော ဖြစ်နေတာမျိုးပါ။ ကလေး၊ လူကြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ခေါင်းတစ်ခုလုံး ကျွတ်တာမျိုးကတော့ ဖြစ်ခဲပါတယ်။ အခုလို ဆံပင်ကွက်ကျွတ်ပေမယ့် ခန္ဓာကိုယ်ကျန်းမာရေးက ပုံမှန်ကောင်းနေပြီး၊ ဒီကျွတ်ရခြင်းအကြောင်းရင်းကို မသိတာနိုင်ပေမယ့် လအတော်ကြာလျှင် သူ့အလိုလို ပြန်ကောင်းသွားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဆံပင် အမြန်ပြန် ပေါက်လာစေချင်လျှင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်ပြီး လိမ်းဆေး ၊သောက်ဆေးတွေနဲ့ ကုသပေးလို့ ရပါတယ်။

နောက် ဆံပင်ကျွတ်ရခြင်းကတော့ မီးဖွားပြီးချိန် ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ထူလာသလို၊ မီးဖွားပြီးသွားချိန်မှာလည်း ဟော်မုန်းထပ်ပြောင်းတာကြောင့် ဆံပင်ကြီးထွားရှည်ထွက်တာ ရပ်တန့်သွားပြီး ဆံပင်ကျွတ်လာတတ်ပါတယ်။ ဒါက အဖြစ်များပြီး၊ မီးဖွားအပြီး (၂) လ (၃) အတွင်း ခေါင်းဖီးတိုင်း ဆံပင်စကျွတ်လာတတ်ကာ၊ (၄) လကနေ (၆) လအထိတောင် ဆက်ကျွတ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ့နောက်ပိုင်းမှာတော့ ဟော်မုန်းပြန်ထိန်းညှိ တည်ငြိမ်လာပြီး၊ ဆံပင်လည်း သူ့အလိုလို တဖြည်းဖြည်း ပြန်ပေါက်လာတာများပါတယ်။

နောက်ဖြစ်ရခြင်းကတော့ အဖျားကြီး ရောဂါပိုးဝင်တာတွေပါ။ အကြီးအကျယ် နေမကောင်းဖြစ်သူတွေမှာ မရှိမဖြစ်အရေးကြီးတဲ့ ကိုယ်တွင်း ကိုယ်ခံအားစနစ်ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပြုပြင်ပေးရတာကြောင့်၊ မရှိမဖြစ်လိုအပ်တာမဟုတ်တဲ့ ဆံပင်ကြီးထွားရေးလုပ်ငန်းတွေကို ခေတ္တရပ်နားထားလိုက်ရပြီး ဆံပင်ကျွတ်လာရတာပါ။ ခုလိုအပြင်းဖျားပြီး (၁) လ (၂) လအတွင်း ဆံပင်ဆက်ကျွတ်လာတတ်ပေမယ့် နေပြန်ကောင်းလာပြီး ကိုယ်ခံအားစနစ် ပုံမှန်ပြန်ဖြစ်လာချိန်မှာ၊ ဆံပင်ကိုလည်း သူ့အလိုလို ပြန်ပြုပြင်ပေးပြီး ဆံပင်ပြန်ကောင်းလာလေ့ ရှိပါတယ်။

ဒါ့အပြင် လည်ပင်း သိုင်းရွိုက်အကြိတ် ဟော်မုန်းဆိုင်ရာ ရောဂါတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဒါကလည်း အဖြစ်များပြီး၊ ဒီလည်ပင်းသိုင်းရွိုက်ရောဂါကို ကုသပေးလိုက်လျှင်၊ သိုင်းရွိုက်ဟော်မုန်း ပြန်တည်ငြိမ်သွားချိန်မှာ ဆံပင်လည်း ပြန်ပေါက်လာတတ်ပါတယ်။

အစာအာဟာရမပြည့်ဝမှု၊ ဆေးဝါးတချို့နဲ့ ကင်ဆာကုထုံးတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါသေးတယ်။ ဘေးဒဏ်တွေဖြစ်တဲ့ စစ်ဘေး၊ အငတ်ဘေးလိုမျိုးကြုံရချိန်တွေမှာ အစာအာဟာရ ကောင်းကောင်းမစားနိုင်တာကြောင့်၊ ဆံပင်ကြီးထွားဖို့လိုအပ်တဲ့ ပရိုတိန်း (အသားဓာတ်) များစွာလျော့နည်းသွားပြီး၊ လပိုင်းအတွင်း ဆံပင်ကျွတ်လေ့ရှိပါတယ်။ ကိုယ်အလေးချိန်လျော့ချဖို့ အစာရှောင်သူတွေမှာလည်း ရှောင်တာများလွန်းသွားပြီး၊ ပရိုတိန်းဓာတ် များစွာလျော့နည်းသွားကာ ဆံပင်ကျွတ်နိုင်ပါတယ်။ ဒါပေမဲ့ အာဟာရ မျှတအောင်ပြန်စားနိုင်ပြီး ပရိုတိန်းဓာတ် ပြန်ပြည့်လာချိန်မှာ ဆံပင်လည်း ပြန်ကောင်းလာတတ်ပါတယ်။ ဆေးဝါးတချို့ကြောင့်လည်း ဆံပင် ခေတ္တခဏ ကျွတ်နိုင်ရာမှာ နှလုံးရောဂါဆေး၊ ဂေါက် (Gout) ရောဂါဆေး၊ အဆစ်အမြစ်ယောင် ရောဂါဆေး၊ သွေးပေါင်ကျဆေး၊ သွေးကျဲဆေး၊ စိတ်ကျဆေး၊ ဗီတာမင်တို့ ပါပါတယ်။ ဒါ့အပြင် ကင်ဆာကုထုံးတွေကြောင့်လည်း ဆံပင်ကျွတ်ထွက်တတ်ပြီး ခေါင်းတစ်ခုလုံးပြောင်တဲ့အထိ ဖြစ်တတ်ပါတယ်။ အကြောင်းက အဆက်မပြတ်ကြီးထွားနေတဲ့ ကင်ဆာဆဲလ် (Cancel Cell) တွေကို လိုက်သတ်ပစ်ရတဲ့ ကင်ဆာဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့၊ ရှင်သန်ကြီးထွားနေတဲ့ ဆံပင်တွေကိုပါ မှားပြီး တိုက်ခိုက်ပစ်လိုက်လို့ပါ။

သန္ဓေတားဆေးတချို့ကြောင့်လည်း ဆံပင်ပါးတဲ့မျိုးရိုးရှိတဲ့ အမျိုးသမီးတွေမှာ (၂) လ (၃) လအတွင်း ဆံပင်ကျွတ်လာတတ်ပြီး၊ တချို့မှာလည်း (၄) လကနေ (၆) လအထိ ဆက်ကျွတ်နိုင်တာကြောင့်၊ အခုလိုဖြစ်လာလျှင် တခြားသန္ဓေသားဆေး အုပ်စုကို ပြောင်းသောက်သင့်ပါတယ်။

ဦးခေါင်းအရေပြားမှိုဖြစ်တဲ့ ဒက်ပေါက်တာကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဒီ အရေးပြားကူးစက်ပိုးက ဦးရေပြားမှာ အဖတ်တွေကွာစေတာအပြင်၊ ဆံပင်အမြစ်ကို ပါဝင်သွားတာကြောင့် ဆံပင်ကျွတ်ရတာပါ။ အခုလို ဆံပင်အမြစ်ထိ ဝင်သွားတောကြောင့် ဒီဒက်မှိုပိုးကိုသေစေတဲ့ သောက်ဆေး၊လိမ်းဆေးတွေကို တစ်လခွဲကနေ (၃) လခန့်အထိ အသုံးပြုမှသာ၊ ဒက်တွေပျောက်ကင်းပြီး ဆံပင်လည်းပြန်ကောင်းလာနိုင်ပါတယ်။

နောက်ဆုံးဖြစ်ရခြင်းကတော့ ဆံပင်ဆွဲတတ်တဲ့ အကျင့်ဆိုးကြောင့်ပါ။ ကလေး၊ လူကြီး တချို့မှာ စိတ်ဖိစီးမှုနဲ့ ခံစားမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဆံပင်ကို တချိန်လုံးနီးပါး ဆွဲနေတတ်၊ လိမ်နေတတ်တဲ့ အကျင့်ဆိုး ဝင်သွားတတ်ပါတယ်။ အခုလို ဆံပင်ကို ဆွဲနေ၊ လိမ်နေတာကြောင့် ဆံပင်ကြီးထွားမှုကို အနှောက်အယှက်သွားဖြစ်စေပြီး ဆံပင်ကျွတ်လာရတာပါ။

အခုလို ဆံပင်ကျွတ်ရခြင်း အကြောင်းရင်း များစွာ ရှိနေတာမို့၊ ကြော်ငြာတွေမှာ ပြောထားတဲ့ ဆံပင်သန်ဆေးနဲ့ အားလုံးကို မကုသပေးနိုင်ပါဘူး။ ဒါကြောင့် ဆံပင်သန်ဆေးကြော်ငြာကိုယုံပြီး၊ ကိုယ့်ဟာကိုယ် ထင်ရာမလုပ်ဘဲ၊ အရေပြားဆရာဝန်တွေနဲ့ တိုင်ပင်ကာ၊ ဖြစ်ရခြင်းအကြောင်းရင်းကို ရှာဖွေကုသဖို့ အရေးကြီးပါတယ်။

ဒီအကြောင်းပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG