လူတွေအမြတ်တနိုးထားတဲ့ ဆံပင်ဟာ ပြုပြင်ထိန်းသိမ်းမှု အားနည်းမှုနဲ့ ရောဂါတွေကြောင့်လည်းကျွတ်လေ့ရှိပေမယ့် ကာကွယ်နိုင်တဲ့နည်းတွေလည်း ရှိတယ်လို့ အရေပြားအထူးကုတွေက ဆိုကြပါတယ်။
ဆံပင်ဟာ ကိုယ်ခန္ဓာ အရေပြား အင်္ဂါတစ်ခုအဖြစ် ပုံမှန်ကြီးထွား လှုပ်ရှားလည်ပတ်နေပါတယ်။ လူတစ်ဦးမှာ ဆံပင် စုစုပေါင်း အရေအတွက် (၁) သိန်းကနေ (၁) သိန်းခွဲအကြားရှိပြီး၊ ဒီအထဲက (၉၀%) က ပုံမှန်ကြီးထွားရှည်ထွက်နေရာမှာ (၂) နှစ်ကနေ (၆) နှစ်အထိ ရှည်ကြာပြီး၊ နောက်ပိုင်းမှာ ရပ်တန့်သွားပါတယ်။ အခုလို ရပ်တန့်တာက ဆံပင်အသက်ကြီးလာပြီး အနားယူတဲ့အဆင့်ကို ရောက်သွားကာ၊ နောက် လပိုင်းအနည်းငယ်အတွင်း အမြှစ်ကနေသေပြီး ဆံပင်စကျွတ်သွားကာ ဆံပင်မြှစ်အသစ်ပြန်ထွက် ဆံပင်အသစ် ပြန်ပေါက်လာတဲ့ ဖြစ်စဉ်တစ်ပတ်လည်တာပါ။
အခုလို ဆံပင်ရှင်သန် လည်ပတ်မှုဖြစ်စဉ်ကြောင့် တနေ့လျှင် ပျမ်းမျှခြင်းအားဖြင့် ဆံပင် (၅၀) ကနေ (၁၀၀) ခန့် ရှည်ထွက်မှု ရပ်တန့်ပြီး၊ ကျွတ်ထွက်လေ့ရှိတာက ပုံမှန်ပါ။ ဒါပေမဲ့ ဒီအရေအတွက်ထက်ကျော်ပြီး ကျွတ်ထွက်နေလျှင်၊ ဆံပင်မြန်မြန်ပါးလားလျှင်တော့၊ ဆံပင်နဲ့ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေပြီမို့၊ အကြောင်းရင်းရှာဖို့ ကျွမ်းကျင်သူတွေနဲ့ ပြသတိုင်ပင်သင့်ပါတယ်။ ဆံပင်ကျွတ်ထွက်တာကို ဘီးဖီးချိန်၊ ဘရပ်တိုက်ချိန် ကျွတ်ထွက်တာ၊ ပါးလာတာနဲ့ အိပ်ယာထချိန် ခေါင်းအုံးပေါ်မှာ ကျန်ခဲ့တာမျိုးတွေကနေ သတိပြုမိနိုင်ပါတယ်။
ဆံပင်ကျွတ်ထွက်ရခြင်း အဓိက အကြောင်းရင်း (၂) ခုထဲက တစ်ခုဖြစ်တဲ့ ပြုပြင်ထိန်းသိမ်းမှု အားနည်းတဲ့အပိုင်းမှာတော့ ဆံပင် ဆေးလိမ်းတာ၊ ဆေးဆိုးတာ၊ ပုံသွင်းတာမျိုးတွေကနေ ခေါင်းဖီးခေါင်းလျှော်တာတွေအထိ ပတ်သက်နေပါတယ်။ ဆံပင် အရောင်တင်ဆေး၊ အရောင်ချွတ်ဆေး၊ ဆံပင်ကောက်ဆေး၊ ဆံပင်ဖြောင့်ဆေးတွေမှာ ဓာတုပစ္စည်းတွေ ပါလေ့ရှိပြီး၊ မှန်မှန်ကန်ကန် သုံးတတ်လျှင်တော့ ပြဿနာဖြစ်လာဖို့ အလွန်နည်းပါတယ်။ ဒါပေမဲ့ မှန်မှန်ကန်ကန် မသုံးတတ်လျှင်တော့၊ ဆံပင်တည်ဆောက်ပုံကို ထိခိုက်ပြီး ဆံပင်ပျက်စီးသွားပါတော့တယ်။ မမှန်ကန်တဲ့နည်းတွေထဲမှာ ဆိုးဆေးတွေ အသုံးများလွန်းတာ၊ မိမိဆံပင်နဲ့မလိုက်တဲ့ ပြင်းထန်လွန်းတဲ့ ဆေးသုံးမိတာ၊ ဆိုးဆေးထားသင့်ချိန်ထက် ပိုထားမိတာ၊ တစ်နေ့ထဲ (၂) ခါဆက်တိုက် ဆေးဆိုးတာ၊ ဆိုးဆေးတစ်မျိုးဆိုးပြီး မကြိုက်လို့ ချက်ချင်း နောက်တစ်မျိုးထပ်ဆိုးမိတာတွေ ပါပါတယ်။ အခုလို ဆံပင်ပြုပြင်မိတာကြောင့် ဆံပင် ကြမ်းလာတာ၊ ပျက်လာတာ၊ အကျွတ်များလာတာတွေကို သတိပြုမိလျှင်၊ ဒီဆံပင်ပြုပြင်ပစ္စည်းတွေသုံးတာကို ခေတ္တရပ်နားထားသင့်ပါတယ်။
ဒါ့အပြင် ဆံပင်ကျစ်တာမှာလည်း ကျစ်ဆံမီးပုံ အမြဲကျစ်ထားတာက၊ ဆံပင်အရင်းကို လိမ်ထားပြီး ဖိအားတွေ အများကြီးပေးထားမိတာကြောင့် ဆံပင်ကျွတ်စေတတ်ပါတယ်၊ အထူးသဖြင့် ခေါင်းဘေးဖက် နားထင်နေရာမှာဆိုလျှင် ပိုကျွတ်လွယ်ပါတယ်။ ဒါကြောင့်မို့ ဆံပင်ကျစ်တာကြောင့် ဆံပင်ကျွတ်နေချိန်မှာ၊ ဆံပင်ဆက်ကျစ်မယ်ဆိုလျှင်လည်း၊ ပုံစံအပြောင်းအလဲ လုပ်ပေးသင့်ပါတယ်။
ခေါင်းဖီးတာ၊ ဘရပ်(ခ်ျ) တိုက်တာ၊ ခေါင်းလျှော်တာတွေများလွန်းတာကြောင့်လည်း၊ ဆံပင်ပျက်စီးပြီး အကျွတ်များစေနိုင်ပါတယ်။ တချို့ က ဆံပင်များများဖီးလျှင်၊ အထူးသဖြင့် တစ်နေ့ကို အကြိမ် (၁၀၀) ဖီးလျှင် ဆံပင်သန်စေတယ်လို့ မှားယွင်းယူဆ ပြုမူတာကြောင့် ဆံပင်ပိုကျွတ်သွားစေပါတယ်။ ဘီးဖီးရာမှာလည်း ဆံပင်အထိ မနာစေမယ့် အသွားတုံးပြီး ကျဲတဲ့ ဘီမျိုးကို သုံးသင့်ပြီး၊ ဆံပင်ကို အားနဲ့ဖိဆောင့်ဆွဲသလို ထိခိုက်စေနိုင်တဲ့ ချွန်ချွန် စိတ်စိတ်နဲ့ အလုံးလို ဘီးလိန်မျိုးတွေကို မသုံးသင့်ပါဘူး။ ဘရပ်(ခ်ျ) တိုက်တာကိုလည်း ခပ်ကြမ်းကြမ်း အကြိမ်များစွာ မလုပ်သင့်ပါဘူး။ ခေါင်းလျှော်ရာမှာလည်း လူတစ်ဦးနဲ့တစ်ဦး၊ ဓာတုဆေးပါတဲ့ ဆေးတစ်မျိုးနဲ့တစ်မျိုး မတူနိုင်ပေမယ့် အကြမ်းမျဉ်းအားဖြင့် တစ်ပတ်ကို (၁) ကြိမ်ကနေ (၃) ကြိမ်ထိသာ ခေါင်းလျှော်သင့်ပါတယ်။ ခေါင်းလျှော်ချိန်မှာ Conditioner တွဲသုံးလျှင် ခေါင်းဖီးတာ၊ ဆံပင်ပုံသွင်းတာကို ပိုလွယ်စေပါတယ်။ ဆံပင်က စိုနေချိန်မှာ ပိုကျွတ်လွယ်တာကြောင့်၊ ခေါင်းလျှော်ပြီး ပုဝါနဲ့ ဆံပင်ကို ကြမ်းကြမ်းဖိတိုက်တာမျိုး၊ ကြမ်းကြမ်း ဘီးနဲ့ ဘရပ်(ခ်ျ)နဲ့ ဖိတိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။
မျိုးရိုးကြောင့် ဆံပင်ကျွတ် ဆံပင်ပါးလာတာနဲ့ ထိပ်ပြောင်တာမျိုးကတော့၊ ဆံပင် ပြုပြင်ထိန်းသိမ်းမှုနဲ့ မဆိုင်တာမို့ ကာကွယ်ရ ခက်ပါတယ်။ အဖေအမေ မျိုးရိုးဗီဇ ပါလာတာကြောင့် အများအားဖြင့် အမျိုးသမီးတွေမှာ ဆံပင်ပါးလာတာ ပိုဖြစ်တတ်ပြီး၊ အမျိုးသားတွေမှာ ထိပ်ပြောင်တာ ပိုအဖြစ်များတတ်ပါတယ်။ ဒါကြောင့် တချို့ ဆယ်ကျော်သက်၊ အသက် (၂၀) ကျော် (၃၀) ကျော်ကကိုစပြီး ထိပ်ပြောင်သွားတတ်ပါတယ်။ ဒါကိုတော့ ကာကွယ်ရခက်ပေမယ့် ဆံပင်သန်စေတဲ့ Minoxidil ဆေးရည် ဖြန်းတာ၊ လိမ်းတာနဲ့ ဆံပင်ပါးလာတာ၊ကျွတ်တာတွေကို သက်သာစေနိုင်ပြီး၊ အမျိုးသားတွေအတွက် Finasteride သောက်ဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဆံပင်ကျွတ်သက်သာအောင် သုံးစွဲနိုင်ပါတယ်။
ဒီအကြောင်းပိုမိုသိနိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံရှိ အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။