ပိုမိုဆိုးဝါးတဲ့ သွားဖုံးယောင်ရောဂါ (သို့မဟုတ်) သွားအရင်းအမြှစ်ယောင်တဲ့ရောဂါ မြန်မာနိုင်ငံမှာ အဖြစ်များနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။
ဒီ သွားအရင်းအမြစ်ယောင်ရောဂါ (Periodontitis) ဖြစ်ရခြင်းက သွားကြားနဲ့ ခံတွင်းထဲမှာ အစာတွေကျန်ခဲ့ပြီး၊ ကျောက်တည်ကာ ဘက်တီးရီယားတွေ ခိုအောင်းလာတာကြောင့် ဖြစ်ပါတယ်။
ဒီရောဂါကနေ ကာကွယ်နိုင်ဖို့အတွက် ပါးစပ်ထဲ အစာတွေ မကျန်အောင် တစ်နေ့နှစ်ကြိမ်သွားတိုက်တာနဲ့ နေ့စဉ် သွားကြားထိုးကြိုးနဲ့ သွားကြားထဲ အစာမကျန်အောင် တိုက်ပေးတာတွေ ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ သွားတိုက်တံကိုလဲ (၃) လတစ်ကြိမ် (သို့မဟုတ်) (၄) လတစ်ကြိမ် လဲပေးသင့်ပါတယ်။ ဒါ့အပြင် (၆) လ တစ်ကြိမ် (သို့မဟုတ်) တစ်နှစ်တစ်ကြိမ် ပုံမှန် သွားဆရာဝန်နဲ့ စစ်ဆေးပြီး သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
ရောဂါဖြစ်လာခဲ့ရင်လဲ စောစောစီးစီး သိနိုင်မဲ့ လက္ခဏာတွေက ပထမ သွားဖုံးယောင် ရောဂါ (Gingivitis) အဆင့်မှာ သွားဖုံးကြွလာတာ၊ သွားဖုံးဟထွက်လာတာ၊ သွားဖုံးယောင်လာတာ၊ သွားဖုံးနီနေတာ၊ ဖိမိရင် (သို့မဟုတ်) သွားတိုက်ရင် သွေးထွက်လာတာတွေ ဖြစ်ပါတယ်။ နောက်တစ်ဆင့် ပိုဆိုးတဲ့ သွားဖုံးယောင် (သို့မဟုတ်) သွားအရင်းအမြစ်ယောင် ရောဂါ (Periodontitis) ဖြစ်လာရင်တော့ အထက်ပါ လက္ခဏာတွေ ပိုဆိုးလာပြီး မကုသနိုင်ရင် သွားတွေ အချိန်မတိုင်ခင် ကျွတ်ထွက်တာတွေ ဖြစ်လာနိုင်ပါတယ်။
ပထမ သွားဖုံးယောင်ရောဂါအဆင့်မှာ စောစောသိပြီး သွားဖုံးသန့်ရှင်းရေး ပုံမှန်လုပ်ခြင်းဖြင့် ပိုဆိုးတဲ့ သွားဖုံးယောင် (သို့မဟုတ်) သွားအရင်းအမြှစ်ယောင်ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သွားအရင်းအမြှစ်ယောင်ရောဂါအဆင့် ဖြစ်လာရင်လဲ သိပ်မဆိုးခင်မှာ သွားဆေးခန်းမှာ ကျောက်တွေသန့်စင်သွားအောင် ပုံမှန်သွားသန့်ရှင်းရေး လုပ်ပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။ ဒီရောဂါ ပိုဆိုးလာတဲ့ အဆင့်မှာတော့ ခွဲစိပ်ကုသမှု ခံယူဖို့ လိုပါတယ်။
ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်စေဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံ သွားဖက်ဆိုင်ရာဆရာဝန်အသင်း အထွေထွေအတွင်းရေးမှူး ဒေါက်တာမြင့်ထိန် ကို ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။