သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေပြားထိန်းသိမ်းမှုအခြေခံ (အပိုင်း - ၂)


တိုက်ရိုက် လင့်ခ်

အရေပြားထိန်းသိမ်းမှုနှင့်ပတ်သက်ပြီး လိုက်နာမှုဆိုင်ရာ အားနည်းနေတာတွေ ရှိနေသေးတယ်လို့ အရေပြားအထူးကုတွေက ပြောဆိုကြပါတယ်။ အရေပြားထိန်းသိမ်းမှုမှာ အဓိက လိုက်နာမှု အားနည်းနေတာတွေရှိရာမှာ အသက် (၁၂) နှစ်၊ (၁၃) နှစ်အရွယ် ဆယ်ကျော်သက်တွေအနေနဲ့ ဝက်ခြံဖု မြန်မြန်ပျောက်သွားအောင် လက်နဲ့ညှစ်ထုတ်တာကို အများစု မှားယွင်းစွာ လုပ်ဆောင်တတ်ကြပါတယ်။ အဲဒီလို ညှစ်ထုတ်လိုက်တာကြောင့် ဝက်ခြံဖု မြန်မြန်မပျှောက်ဘဲ၊ ဝက်ခြံကပိုးတွေ နေရာအနံှကိုပျံ့သွားပြီး၊ အသားကောင်းတွေပါ ပါသွားကာ၊ အပေါက်ဖြစ်ပြီး အမာရွတ်တွေ ဖြစ်သွားတတ်ပါတယ်။ နောက် လိုက်နာမှုအားနည်းတာကတော့ အသားခြောက်သူတွေအနေနဲ့ အရေပြားဆိုင်ရာဆေးကို ရက်အနည်းငယ်သာလူးပြီး နီလာတာ၊ ယားလာတာ၊ စပ်လာတွေဖြစ်တာကြောင့် ဆေးခန်းပြန်လာပြကြတာပါ။

တကယ်က အရေပြားခြောက်သူတွေမှာ ဆေးဒဏ်ချက်ချင်းမခံနိုင်တာကြောင့် အခုလို ဖြစ်လာတာသာဖြစ်ပြီး၊ အလောတကြီးဖြစ်ဖို့မလိုဘဲ ဖြည်းဖြည်းနဲ့ နည်းနည်းချင်း အရေပြားဆေး ဆက်လိမ်းသွားလျှင် သက်သာလာနိုင်ပါတယ်။ ဒါ့အပြင် အဆီပြန်တဲ့ အရေပြားရှိသူတွေအနေနဲ့လည်း နေကာပစ္စည်းတွေကို သုံးသင့်ပါတယ်။ နေကာပစ္စည်းဟာ အသားထဲစိမ့်ဝင်သွားတာမျိုး မဟုတ်ဘဲ၊ အပေါ်ယံမှာ တင်ရှိနေတာကြောင့် မြန်မာပြည်လို ချွေးပြန်တာများတဲ့နေရာတွေမှာ အဆင်မပြေနိုင်ဘူးလို့ အရေပြားအဆီပြန်များသူတွေက မှားယွင်းယူဆကာ အသုံးမပြုကြတာပါ။ တကယ်တမ်းက မြန်မာပြည်အတွက် အဆီမပါတဲ့ နေရောင်ကာ ပစ္စည်းတွေကို ရွေးချယ်လိမ်းတာ (သို့မဟုတ်) နေကာပစ္စည်းပေါ်မှာ သနပ်ခါးထပ်လိမ်းပြီး ခြောက်အောင်လုပ်ပေးတာမျိုး လုပ်သင့်ပါတယ်။

နောက်ထပ် လိုက်နာမှုအားနည်းတာတစ်ခုကတော့ ယခင်တစ်ခေါက်ပြောခဲ့သလို အရေပြားထိန်းသိမ်းမှုပစ္စည်း (Skin Care Products) အပြင်းစားတွေကို လိုတာထက်ပိုပြီး သုံးမိတာပါ။ ဥပမာ ဆပ်ပြာပြင်းတာတွေ ဈေးကွက်မှာရှိနေပြီး ဈေးလည်းနည်းတာကြောင့် သုံးနေကြသူတွေအနေနဲ့ ရေချိုးပြီး အသားအရေခြောက်ကာ မျက်နှာတွေတင်းသွားမှ ပြောင်တယ်လို့ အယူမှားတာတွေရှိနေပါတယ်။ ဒါ့အပြင် တစ်ခုခုဖြစ်တာနဲ့ အလွယ်တကူရတဲ့လိမ်းဆေးတွေကို မှားယွင်းသုံးမိကြတာ တွေ ရှိနေပါတယ်။ တကယ်က ဒီအလွယ်တကူူရတဲ့ လိမ်းဆေးတွေထဲမှာ ပြင်းတဲ့ပစ္စည်းတွေ ထည့်ထားတာအပြင်၊ ဆေး နှစ်မျိုး သုံးမျိုးရောစပ်ထားတာကြောင့် ဘေးထွက်ဆိုးကျိုးများတတ်ပါတယ်။

အရေပြားစွမ်းဆောင်မှုကောင်းရေး အရေပြားလုပ်ငန်းတာဝန်ကောင်းအောင် နေ့စဉ် သန့်ရှင်းရေးလုပ်ဖို့အတွက် မိမိနှင့်သင့်တော်တဲ့ ဆပ်ပြာ (သို့မဟုတ်) Cleanser သုံးသင့်ပြီး၊ အစိုဓာတ်ထိန်းနိုင်ဖို့အတွက်လည်း အရေပြားအစိုဓာတ်ထိန်းပေးတဲ့ အဆီ (Cream) နဲ့ Moisturizer စတာတွေ ပုံမှန် လိမ်းပေးသင့်ပါတယ်။ ဒါ့အပြင် အရေပြားစွမ်းဆောင်ရည်ကောင်းရေး လိုအပ်ချက်နောက်တစ်ခုဖြစ်တဲ့ အရေပြားပျက်စီးမှုနည်းစေရေးအတွက်လည်း နေပူရှိန်ပြင်းပြီး ခရမ်းလွန်ရောင်ခြည်များလွန်းတဲ့ မြန်မာနိုင်ငံမျိုးမှာ တတ်နိုင်သလောက် နေကာလိမ်းဆေး ငယ်ရွယ်စဉ်ကစပြီး လူးတာ၊ ဦးထုတ်နဲ့ ထီးဆောင်းတာ၊ အရေပြားဆီ (Lotion) လူးတာတွေ လုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် မျက်လုံးအတွက် နေကာမျက်မှန်တပ်ပြီးအကာအကွယ်ယူမှုနည်းတဲ့ မြန်မာနိုင်ငံမှာ ဒီနေရောင်ပြင်းတာကြောင့် မျက်လုံးတိမ်စွဲမှု အဖြစ်များနေတာကိုလျော့ချဖို့၊ နေပူထဲသွားချိန်မှာ နေကာမျက်မှန် တပ်သင့်ပါတယ်။

အထက်ပါ နည်းလမ်းများကို အသုံးပြုသော်လည်း အသက်ကြီးလာချိန်မှာ အသားအရေပျက်စီးမှု သဘာဝအရ ဖြစ်တတ်တာကြောင်၊့ ဆန္ဒရှိလျှင် ဆရာဝန်နဲ့တိုင်ပင်ပြီး အရေပြားကို ပြန်ပြုပြင်တဲ့ လိမ်းဆေး၊ လုပ်နည်းတွေနဲ့ သောက်ဆေးတွေကိုလည်း သုံးနိုင်ပါတယ်။ အထူးသဖြင့် အရေပြားသွေးလည်ပတ်မှုကို အားကောင်းစေပြီး အရေပြားစွမ်းဆောင်ရည်ကျစေတဲ့ ဆေးလိပ်ကိုလည်း မသောက်သုံးသင့်ပါဘူး။ ဒါ့အပြင် အရေပြားစွမ်းဆောင်ရည်ကျစေတဲ့ စိတ်ဖိစီးမှုကို လျော့ချနိုင်ဖို့အတွက်လည်း အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာနဲ့ ယောဂ (Yoga) လုပ်တာမျိုး စတာတွေကိုပါ လိုက်နာဆောင်ရွက်သင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိနားလည်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံက အရေးပြားအထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ကို မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG