သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Vaping (ခေါ်) ဆေးလိပ်ငွေ့ရှူခြင်းရဲ့ အန္တရာယ်


FILE - In this August 28, 2019, photo, a man exhales while smoking an e-cigarette in Portland, Maine.
FILE - In this August 28, 2019, photo, a man exhales while smoking an e-cigarette in Portland, Maine.

ဆေးလိပ်ငွေ့ရူတာကြောင့် အသက်ရှူလမ်းကြောင်းနဲ့ အဆုပ်ထိခိုက်တာအပြင်၊ တခြား ကျန်းမာရေးအန္တရာယ်ကြီးတာတွေ ရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုကြပါတယ်။

ပုံမှန် စီးကရက်ဆေးလိပ်ငွေ့တွေမှာ ဓာတုပစ္စည်း (Chemicals) ၇၀၀၀ ကျော်ပါပြီး Vape ဆေးငွေ့ရှူရာမှာ ၄၀၀၀ ကျော်ပါပေမဲ့၊ များနေသေးပြီး အန္တရာယ်ကြီးပါတယ်။ Vaping ဆေးလိပ်ငွေ့ရှူတာကလည်း သမာရိုးကျဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်အငွေ့ကိုရှူတာ အတူတူပဲမို့၊ အသက်ရှူလမ်းကြောင်းနဲ့ အဆုပ်ထိခိုက်တာအပြင်၊ နှလုံးသွေးကြောကျဉ်းတာနဲ့ အဆုပ်ကင်ဆာလို သေစေနိုင်တဲ့ အန္တရာယ်ကြီးတွေလည်း ရှိနေတာပါ။။ ဒါ့အပြင် Vaping ဆေးလိပ်အငွေ့က ပုံမှန်ဆေးလိပ်ထက် အာခေါင်ထဲ တိုက်ရိုက်ရောက်တာကြောင့် အာခေါင်နဲ့လည်ချောင်း ပိုယားတာ၊ ပိုနာတာ၊ ချောင်းဆိုးတာနဲ့ ဆေးလိပ်လိုပဲ အသက်ရှူကြပ်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါအပြင် ပုံမှန်ဆေးလိပ်ထက် ပိုဆိုးနိုင်တာက Vaping ဆေးလိပ်ငွေ့ရှူတာမှာ အနံ့အရသာ (Flavor) ကောင်းအောင်လုပ်တဲ့ ပေါင်းသတ်ဆေးမှာသုံးတဲ့ ဓာတုပစ္စည်းတွေပါတာကြောင့် ကင်ဆာဖြစ်ဖို့ ပိုအန္တရာယ်များသွားနိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာမှာ ဆေးလိပ်ငွေ့ရှူတာ တွင်ကျယ်လာတာကတော့ နှစ်ကာလ သိပ်မကြာသေးတာမို့၊ ဆေးလိပ်ငွေ့ရှူသူသက်သက်ကို သုတေသန အများကြီး သိပ်မလုပ်ရသေးဘဲ၊ ကင်ဆာအန္တရာယ် ပိုများတာကို အတိအကျပြောဖို့ စောနေပါသေးတယ်။ ဒါပေမဲ့ နီကိုတင်းပါတာခြင်း အတူတူပဲမို့၊ ဆေးလိပ်အန္တရာယ်နဲ့ အနည်းအများ သိပ်မကွာဘူးလို့ပဲ ပြောရဦးမှာပါ။

ဆေးလိပ်ငွေ့ရှူတာက ပုံမှန်ဆေးလိပ်ထက် ဆေးလိပ်ငွေ့ထွက်တာနည်းပေမဲ့၊ ဘေးနားက လူတွေကို ထိခိုက်စေနိုင်တာကတော့ သိပ်မကွာပြန်ပါဘူး။ အကြောင်းက ထွက်လာတဲ့ ဆေးလိပ်ငွေ့က တခါတလေ မမြင်ရဘဲ၊ အထူးသဖြင့် လေးအေးစက်သုံး အလုံအခန်းမျိုးထဲမှာသောက်လျှင် အငွေ့တွေ အနည်းနဲ့အများ လှောင်ပိတ်ပျံ့နှံ့နေပြီး အလားတူ ဘေးကလူတွေကို တဆင့်ခံ ဆေးလိပ်ငွေ့ရှူသူအဖြစ် ထိခိုက်စေနိုင်လို့ပါ။ ဒါကြောင့် အခန်းထဲမှာ အတူရှိနေနိုင်တဲ့ ကလေး၊ လူကြီး၊ ကိုယ်ဝန်သည်ပါမရှောင် တဆင့်ခံ ဆေးလိပ်ငွေ့ရှူသူတွေအဖြစ် ဆေးလိပ်ကိုယ်တိုင်သောက်သူတွေနီးပါး အထက်ပါ ရောဂါတွေ ခံစားရစေနိုင်ပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်သူရော ဆေးလိပ်ငွေ့ရှူသူတွေပါ ဆေးလိပ်မသောက်ရနယ်မြေတွေကို လိုက်နာပြီး၊ အပြင်မှာလည်း ပေ ၃၀ ကွာ သောက်သင့်ပါတယ်။ ဥပဒေအရ အများပြည်သူနဲ့ ဆိုင်တဲ့နေရာ (ဥပမာ ရုပ်ရှင်ရုံ၊ ပြဇတ်ရုံ၊ ဟောခန်းမ၊ အစည်းအဝေးခန်းမ၊ ရထားပေါ် လေယာဉ်ပေါ်၊ သဘောင်္ဆိပ်၊ လေဆိပ် စတာ) တွေကို ဆေးလိပ်မသောက်ရနယ်မြေအဖြစ် သတ်မှတ်ထားတာမို့ ဆေးလိပ်ငွေ့ရှူတာကိုပါ မလုပ်သင့်ပါဘူး။ ဒါပေမဲ့ တချို့ အခုလိုနေရာတွေမှာတော့ ကန့်သတ်ဆေးလိပ်သောက်ခွင့်နယ်မြေ သတ်မှတ်ပေးထားတာလည်း ရှိပြန်တာကြောင့်၊ ဆေးလိပ်ငွေ့ လုံးဝကင်းစင်တယ်လို့ ပြောရခက်သွားပြန်ပါတယ်။ သေချာတာကတော့ အပြင်မှာသောက်လျှင်လည်း တခြားသူနဲ့ အနည်းဆုံး ပေ ၃၀ ကွာသင့်ပါတယ်။

ဒါ့အပြင် ဆေးတံနဲ့ ကွမ်းယာသုံးစွဲတာနဲ့၊ ရှီရှား (ခေါ်) ရေပြောင်းရှုတာကလည်း အလားတူဖြစ်ပြီး၊ အခု Vape ရှူပစ္စည်းကလည်း ဆွဲဆောင်မှုများလာပါတယ်။ အခုနောက်ဆုံး လျှပ်စစ်နည်းနဲ့ ဆေးလိပ်သောက်ပစ္စည်း (Electronic Smoking Devices - ESD) လို့ WHO က ခေါ်ဝေါ်သတ်မှတ်လိုက်တဲ့ ဒီ Vape မှာ ဆယ်ကျော်သက်လူငယ်တွေကို ပိုဆွဲဆောင်နိုင်ဖို့ လှပတဲ့ ပုံစံ၊ အရောင်မျိုးစုံနဲ့ ဖန်တီးပေးလာပါတယ်။ ESD နဲ့ ပြန်ဖြည့်အပိုပစ္စည်းတွေက ကွန်ပြူတာ Memory Stick လေးလို ဆွဲဆောင်မှုကောင်းတာကြောင့် ပေါ်ပြူလာ လူငယ်ကြိုက်စတိုင်လို ဖြစ်လာနေပါတယ်။ ဒါ့အပြင် လူငယ်တွေ ဆော့ကစားလို့ရအောင် အငွေ့ အနည်းအများထွက်တာထိန်းတဲ့ အပိုပစ္စည်းတွေရှိလာကာ ငွေကုန်ကျမှုလည်း ပိုများစေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

XS
SM
MD
LG