ဓမ္မတာလာချိန်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေအဖို့ ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေအပြင် ဓလေ့ထုံးစံနဲ့ လူမှုရေးအရ အခက်အခဲတွေလည်း ကြုံရတတ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။
ဓမ္မတာလာခြင်းဖြစ်ရတာက အပျိုဘော်ဝင်ပြီးနောက် အမျိုးသမီးတွေမှာ ပုံမှန်ဖြစ်လာတဲ့ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ အပျိုဘော်ဝင်ပြီး အမျိုးသမီးတွေမှာ သန္ဓေသားရနိုင်ဖို့ တစ်လတစ်ခါ သားအိမ်ထဲကို ပုံမှန်ဆင်းလာတဲ့ သားဥ က ဖိုမျိုးဥနဲ့ မတွေ့တဲ့အခါမှာ သန္ဓေသားဖြစ်မလာတော့ဘဲ ခြောက်သွားပြီး သားအိမ်နံရံကကြွေကျကာ သွေးအဖြစ် ဆင်းလာတာပါ။
အခုလို ဓမ္မတာလာချိန်မှာ အမျိုးသမီးတချို့မှာ တခါတရံ နာကျင်ကိုက်ခဲတာ၊ တချို့မှာ စိတ်ကစဉ့်ကလျားဖြစ်ပြီး စိတ်ခံစားချက်ပိုဖြစ်ကာ မူမမှန်တာ၊ စိတ်တိုတာ၊ ဝမ်းနည်းတာ၊ တချို့ကြတော့ ငိုတဲ့အထိဖြစ်တာ၊ တချို့မှာ တခါတလေ အစာငမ်းငမ်းတက်စားချင်တာ၊ တခါတရံ ကြွက်တက်တာ (အဓိက ဝမ်းဗိုက်၊ ခါး နဲ့ ကျောဘက်)၊ တချို့တွေမှာ ဝက်ခြံထွက်တာ စသည်ဖြင့် တဦးနဲ့တဦး တခါတရံ မတူဘဲ အမျိုးမျိုးဖြစ်တတ်ကြတာက ပုံမှန်သဘာဝဖြစ်ပြီး ဓမ္မတာလာချိန်ပြီးတာနဲ့ အလိုလို ပြန်ကောင်းသွားလေ့ရှိပါတယ်။
ပုံမှန်ဓမ္မတာလာချိန်ကလည်း ယျေဘူယျအားဖြင့် တစ်လ တစ်ကြိမ်ဖြစ်ပေမယ့် အမျိုးသမီး တဦးနဲ့တဦး ဓမ္မတာလာချိန် ရက် အတိအကျက ကွဲပြားနိုင်ပါတယ်။ တချို့မှာ (၂၈) ရက် တစ်ကြိမ် လာတတ်ပြီး၊ တချို့မှာ (၃၅) ရက် တစ်ကြိမ် လာတတ်ပါတယ်။ ပုံမှန်အနေနဲ့ အနည်းဆုံး (၂၁) ရက် ကနေ၊ အများဆုံး (၃၅) ရက်အတွင်း အမျိုးမျိုး လာနိုင်ပါတယ်။ ရာသီလာတဲ့ ကာလကလည်း တချို့မှာ (၂) ရက် (၃) ရက် သာကြာပြီး၊ တချို့မှာ တခါတရံ (၇) ရက်အထိ ကြာတာလည်း ပုံမှန်ပဲ ဖြစ်ပါတယ်။
ဒါပေမဲ့ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဓမ္မတာလာတာနဲ့ အမျိုးသမီးမျိုးပွားအင်္ဂါရဲ့ ပုံမှန်သဘာဝအကြောင်း သိပ်မသိတာကြောင့် ဓမ္မတာလာချိန်မှာ အထက်ပါ တွဲဖြစ်လာတတ်တဲ့ ခံစားချက်တွေကို နားမလည်ဘဲ၊ စိုးရိမ်ပူပန်မှုတွေများပြီး မှားယွင်းယူဆ လုပ်ဆောင်တာတွေ ရှိကြပါတယ်။ ဒီမှားယွင်းယူဆလုပ်ဆောင်မှုတွေထဲမှာ ရာသီလာချိန် ခံစားရတာတွေအတွက် သွေးဆေးတိုက်တာ၊ အပူအစပ်တွေ စားခိုင်းတာ၊ ရေမချိုးခိုင်းတာ၊ ခေါင်းမလျှော်ခိုင်းတာ၊ အစာရှောင်ခိုင်းတာတွေ ပါပါတယ်။ ဒါတွေကြောင့် အခြားရောဂါတွေ ဝင်လာနိုင်ပါတယ်။ ဒါ့အပြင် မြို့ပြက အမျိုးသမီးတွေအနေနဲ့ တစ်ခါသုံး ဓမ္မတာလာချိန် အမျိုးသမီး သန့်စင်တဲ့ ပစ္စည်းတွေ သုံးတတ်ပေမယ့်၊ ကျေးလက်ဒေသတွေမှာ ဒီ အတွင်းခံပစ္စည်း (Pads) တွေမသုံးတတ်ဘဲ၊ သတင်းစာစက္ကူနဲ့ခံတာ၊ အဝတ်ဟောင်းတွေနဲ့ ဆို့ထားတာတွေကြောင့် ရောဂါပိုးဝင်တာတွေဖြစ်စေနိုင်ပါတယ်။
ဒီအပြင် ဓမ္မတာသွေး အတွင်းမှာ အောင်းနေတယ်ထင်ပြီး သားအိမ်တွင်းကို ရေထည့်ဆေးတာ၊ နိုက်ပြီးထုတ်တာတွေကြောင့်လည်း ရောဂါပိုးတွေ ဝင်နိုင်ပါတယ်။ တချို့နေရာတွေမှာဆို ဓမ္မတာလာချိန် အလုပ်မသွားသင့်ဘူးလို့လည်း မှားယွင်းယူဆကြပါတယ်။ တကယ်က ဓမ္မတာလာချိန်နဲ့ တွဲဖြစ်လာတဲ့ အထက်ပါ ခံစားမှုတွေ၊ အခက်အခဲတွေကို ဖြေလျော့နိုင်ဖို့ အိပ်ရေးဝအောင်အိပ်၊ အစာပုံမှန်စား၊ သန့််စင်အောင် ရေပုံမှန်ချိုး (ရေနွေးသုံးနိုင်)၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်၊ ကိုက်ခဲမှုတချို့ရှိလာရင် အကိုက်အခဲပျောက်ဆေးသောက်တာတွေ လုပ်ပေးခြင်းဖြင့် သက်သာလာနိုင်ပြီး ပုံမှန်အတိုင်း နေထိုင်လုပ်ကိုင်သွားလာနိုင်ပါတယ်။ ဓမ္မတာလာချိန်မှာ ဖြစ်လာတဲ့ ဒီ ခံစားချက်တွေက ဓမ္မတာလာပြီးချိန်နောက် အလိုလို ပြန်ပျောက်သွားမှာမို့ အထူးတလည် ကုသမှု ခံယူစရာလည်း မလိုပါဘူး။ ဓမ္မတာသွေးကို ခံဖို့အတွက်လည်း ခေတ်ပေါ် တခါသုံး ပစ္စည်းတွေ သုံးသင့်ပါတယ်။ ဒီ အတွင်းခံပစ္စည်း (Pad) လေးတွေက ပိုးသန့်ထားတာမို့ သုံးကာနီးမှ ဖောက်သုံးသင့်ပါတယ်။ သုံးရာမှာလည်း ဒီ Pad လေးတွေကို တနေ့ကို (၃) ကြိမ်ကနေ (၆) ကြိမ်နဲ့ လိုသလို ဒီထက်ပိုပြီးလည်း လဲပေးရမှာမို့ ဓမ္မတာလာမယ့် ရက်တွေကို ကြိုမှန်းဆပြီး အသင့်ဆောင်ထားသင့်ပါတယ်။
ဓမ္မတာလာချိန်မှာ အခုလိုကျန်းမာရေးဆိုင်ရာ ခံစားချက်တွေ၊ အခက်အခဲတွေအပြင် ဓလေ့ထုံးစံနဲ့ လူမှုရေးအရ အခက်အခဲ၊ အကန့်အသတ်တွေလည်း အမျိုးသမီးတွေကြုံရလေ့ရှိပါတယ်။ တချို့ဓလေ့ထုံးတမ်းအစဉ်အလာအရ ဓမ္မတာလာချိန်ဟာ ညစ်ပတ်တဲ့အချိန်ဖြစ်တယ်၊ မိန်းမကိုယ်က ဆင်းလာတာမို့ ယုတ်ညံ့တယ်လို့ အယူအဆမှားပြီး အပေါ်ထပ် မတက်ဖို့၊ အိမ်ဦးခန်းထဲ မထိုင်ဖို့၊ ဘုန်းကြီး ဆွမ်းမကပ်ဖို့၊ အသုဘ လိုက်မပို့ဖို့ တားမြစ်တာ၊ ခွဲခြားဆက်ဆံတာတွေ ရှိနေပါတယ်။ လူမှုရေးအရလည်း လူကြားသူကြားသွားချိန်၊ ကျောင်းသွားချိန်၊ အလုပ်သွားချိန်တွေမှာ အမှတ်မထင် ရုတ်တရက် ဓမ္မတာသွေးဆင်းလာပြီး၊ အတွင်းခံ သန့်စင်ပစ္စည်လေးတွေ မပါလာလျှင် အများသိမှာ၊ ပြောမှာကို ရှက်တာ၊ စိုးရိမ်ကြရတာလည်း ရှိပါတယ်။ ဒါပေမဲ့ ဓမ္မတာလာခြင်းရဲ့ ပုံမှန်သဘာဝကို အများသိရှိလာခြင်းဖြင့် ဒီ စိုးရိမ်မှုတွေ၊ အကန့်အသတ်တွေ၊ ခွဲခြားဆက်ဆံမှုတွေ လျှော့ချလာနိုင်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က မြန်မာနိုင်ငံဆရာဝန်များအသင်းရဲ့ အထွေထွေရောဂါကု ဆရာဝန်များအဖွဲ့က ဒေါက်တာမြင့်ဦး ကို မေးမြန်းတင်ပြထားပါတယ်။