သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခါးဆစ်ရောင် လေးဘက်နာ (အပိုင်း ၃)


ခါးကိုက်ခါးနာခြင်း
ခါးကိုက်ခါးနာခြင်း
ခါးဆစ်ရောင် လေးဘက်နာ (အပိုင်း-၃)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ခါးဆစ်ရောင်လေးဘက်နာရောဂါမှာ လူနာကိုယ်တိုင် အိမ်မှာကုသမူက အရေးပါပြီး၊ အချိန်မီ မကုသလျှင် ဆိုးကျိုးကြီးမားတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ဒီရောဂါမှာ လူနာကိုယ်တိုင် အိမ်မှာကုမူက ဆေးနဲ့ကုတာနဲ့ ဆတူအရေးပါနေရာမှာ၊ အခြား ကူးစက်မှုမဟုတ်တဲ့ နာတာရှည်ရောဂါများနည်းတူ၊ ဆေးလိပ်ဖြတ်ဖို့၊ အားကစားပုံမှန်လုပ်ဖို့၊ မဝအောင် ထိန်းဖို့နဲ့၊ ဓာတုဆိုးဆေးပါ ကြာရှည်ခံ အသင့်ထား အစားအသောက်တွေ မသုံးဆောင်ဖို့ လိုပါတယ်။ အားကစားလုပ်ရာမှာ ရေကူးတာက ခါးကို သန်မာစေတာမို့ အထူးသင့်တော်ပါတယ်။ ဒါ့အပြင် ညအိပ်ရာမှာလည်း နာတာသက်သာဖို့ ကွေးအိပ်တာ၊ စောင်းအိပ်တာမျိုး မလုပ်ဘဲ၊ တတ်နိုင်သရွေ. ပက်လက်အနေအထား ခေါင်းအုံးနိမ်နိမ့်နဲ့ အိပ်သင့်ပါတယ်။ သို့မှသာ ခါးနည်းနည်းပြန်ဆန့်လာပြီး၊ မနက်မှာ သိပ်မကွေးတော့မှာပါ။ သို့မဟုတ်လျှင် ခါးကွေးအိပ်မိတာကြောင့် ခေတ္တအနာသက်သာစေနိုင်ပေမယ့် မနက်မှာ ခါးဆန့်ရခက်ပြီး ပိုကွေး၊ ခါးကုံးသွားနိုင်ပါတယ်။

နောက်ထပ်လူနာကိုယ်တိုင် သတိပြုသင့်တာက၊ ဒီခါးဆစ်ရောင်လေးဘက်နာမှာ ခါးဆစ်အပြင် အခြားအင်္ဂါတွေကို ထိခိုက်စေနိုင်ရာမှာ မျက်လုံးနီရဲလာတာ၊ နှလုံးအဆို့မလုံတာ၊ အဆုပ်ခဲသွားတာ၊ ခြေဖနောင့်ရောင် လမ်းမလျှောက်နိုင်တာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ မျက်စိရောင်လာလျှင် မျက်စိဆရာဝန်ပါတွဲပြ ကုသမူခံယူတာ၊ နှလုံးထိတာကြောင့် ရင်ဘတ်အောင့်တာနဲ့ အဆုပ်ထိတာကြောင့် အသက်ရှုမဝဖြစ်လာလျှင် လိုအပ်တဲ့ ဓတ်မှန်ရိုက်တာတွေ လုပ်ဖို့လိုလာပြီး၊ ဒီလက္ခဏာတွေပေါ်လာလျှင် စောစောစီးစီး ဆရာဝန် ပြန်ပြဖို့ အရေးကြီးပါတယ်။

အကယ်၍ စောစောစီးစီး မကုသနိုင်လျှင် အထက်ပါ အဆုပ်နဲ့နှလုံး ထိခိုက်တာတွေအပြင်၊ အများစုက (၅) နှစ်အတွင်း အလုပ်မလုပ်နိုင်တဲ့အထိ ဆိုးဆိုးဝါးဝါးဖြစ်သွားကာ၊ ဝင်ငွေမရှာနိုင်တော့ဘဲ မိသားစုအတွက် ငွေကြေးနဲ့ ပြုစုပေးဖို့ ဝန်ထုတ်ဝန်ပိုး သွားဖြစ်စေပြီး၊ စိတ်ဓာတ်ပါ ကျလာနိုင်ပါတယ်။ ဒီနောက်ဆက်တွဲ ပိုဆိုးလာနိုင်သူတွေကတော့ အသက် (၄၀) အောက်မှာ ဒီရောဂါစဖြစ်သူတွေ၊ ESR သွေးပြစ်နှုန်းများလာသူတွေနဲ့ ခါးအပြင် ခြေလက်ပါထိခိုက်လာသူတွေပါ။ ဒီပိုဆိုးလာနိုင်သူတွေအနေနဲ့ အထူးကုသမားတော်တွေနဲ့ စောစောစီးစီးပြဖို့ အထူးအရေးကြီးပါတယ်။

ကာကွယ်နိုင်ဖို့အတွက်တော့ ကြိုတင်ပြီး ဗီဇစစ်တာနဲ့ ကြိုတင်ပြီး ဆေးသောက်တာတွေ လုပ်ဖို့မလိုအပ်ပေမဲ့၊ ဗီဇရှိထားသူတွေအနေနဲ့ အခြား ကူးစက်မဟုတ်တဲ့ နာတာရှည်ရောဂါတွေအတွက်ပါ ကာကွယ်ပေးနိုင်တဲ့၊ ဆေးလိပ်မသောက်တာ၊ အားကစားပုံမှန်လုပ်တာနဲ့ မဝအောင်ထိန်းတာတွေ လုပ်ပေးသင့်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊အကြော၊အဆစ် ဆေးပညာဌာန၊ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာချစ်စိုး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG