သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးဖြည့်စွက်စာ (အပိုင်း-၂)


ကလေးဖြည့်စွက်စာကျွေးပုံကျွေးနည်း ကဗျာ ( ဒေါက်တာစောဝင်း
ကလေးဖြည့်စွက်စာကျွေးပုံကျွေးနည်း ကဗျာ ( ဒေါက်တာစောဝင်း
ကလေးဖြည့်စွက်စာ (အပိုင်း-၂)
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်

ကလေးငယ်ဖြည့်စွက်စာ ကျွေးပုံကျွေးနည်း မှတ်ရလွယ်အောင် ရေးဖွဲ့စပ်ဆိုထားတဲ့ ကဗျာလေးက၊ ကလေးအာဟာရပြည့်ဝစေဖို့ ပြည့်စုံမူရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

အချက် (၁၀) ချက်ပါတဲ့ ဒီ ကလေးဖြည့်စွက်စာ ကဗျာထဲက၊ နောက်ထပ် (၄) ချက်က ဘာတွေဖြစ်ပြီး၊ ဘာကိုဆိုလိုပါလဲ။

အချက် (၁၀) ချက်ပါတဲ့ ဒီ ဖြည့်စွက်စာ ကျွေးပုံကျွေးနည်ကဗျာထဲက အချက် (၇) ကတော့ “သားသားမီးမီး၊ ကြီးလို့လာ၊ ပမာဏကို၊ ပိုကျွေးပါ၊ (၃) ကြိမ် (၄) ကြိမ်၊ နေ့စဉ်ကျွေး၊ သွားရည်စာလည်း၊ ကြားမှာပေး” ဖြစ်ပါတယ်။ ဆိုလိုတာက ကလေးငယ် အရွယ်ပိုကြီးလာချိန် (၂) နှစ်သား (၃) နှစ်ရောက်ချိန်မှာ အစာပမာဏ ပိုစားလာလေ့ရှိတာမို့ ပိုကျွေးဖို့လိုလာတာပါ။ အထူးသဖြင့် နို့မစို့တော့တဲ့ ကလေးတွေအတွက် ထမင်းဟင်းများများ တစ်နေ့ (၃) ကြိမ် (၄) ကြိမ် ကျွေးဖို့ လိုလာပါတယ်။ ဒါ့အပြင် မုန့်ပဲသွားရည်စာလည်း ကြားအချိန်တွေမှာ ကျွေးနိုင်ရာမှာ၊ မြန်မာမုန့်တွေဖြစ်တဲ့ အကြော်တွေ၊ ကောက်ညှင်းပေါင်းတွေနဲ့ မုန့်ဦးနှောက် စတာတွေလည်း ကျွေးနိုင်ပြီး၊ သန့်ရှင်းဖို့တော့ အရေးကြီးပါတယ်။

နောက် အချက် (၈) က “ထမင်းဖြူချည်း၊ မရွေးပါ၊ သား၊ ငါး၊ ဥ၊ နို့ ပါစေရာ။ ပဲနီပဲဝါ၊ စုံလင်မှ၊ သီးနှံဟင်းရွက်၊ ပါစေဗျ။ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်၊ အကျိုးမပေး၊ ရှောင်ပါလေ၊ ရေဆာလျှင် ရေသောက်ကြ၊ မိခင်နို့လည်း၊ ကောင်းတယ်ဗျ” ဖြစ်ပါတယ်။ အဓိက ဆိုလိုတာက မြန်မာ့အစဉ်အလာ အယူအဆအရ ထမင်းကိုသာ အများကြီးကျွေးပြီး ဟင်းနည်းနည်းသာ ကျွေးတတ်တာကြောင့်၊ အာဟာရပြည့်စုံဖို့ ဒီ အယူအဆ မှားနေတာကို ထောက်ပြထားတာပါ။ တချို့ကလည်း ကလေးကို အသားကျွေးလျှင် သံထတတ်တယ်၊ ပဲကျွေးလျှင် ဗိုက်နာတတ်တယ်လို့ မှားယွင်းစွာ ယူဆထားကြပါတယ်။ ဒါကြောင့်မို့ အာဟာရ တကယ်ပြည့်ဝဖို့ ထမင်းချည်းသက်သက် မဟုတ်ဘဲ၊ အခြားအာဟာရတွေဖြစ်တဲ့ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ (နို့ထမင်း)၊ ပဲနီ၊ ပဲဝါ၊ ကုလားပဲ၊ သီးနှံစုံနဲ့ ဟင်းသီးဟင်းရွက်တွေကို ကြော်ချက်ကျွေးဖို့ လိုအပ်လာတာပါ။ ဒီနေရာမှာ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည် (နို့အချိုရည်အပါအဝင်) တွေကို မတိုက်သင့်ပါဘူး၊ အကြောင်းက ဒီအရည်တွေကြောင့် ကလေးဗိုက်ပြည့်သွားပြီး အခြား အသားဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အဆီဓာတ်တွေပါတဲ့ အာဟာရရှိတဲ့ အထက်ပါအစာတွေကို မစားနိုင်တော့ဘဲ၊ ဒီ လိုအပ်တဲ့ အာဟာရဓာတ်တွေ ချို့တဲ့သွားနိုင်လို့ပါ။ ဒါ့ကြောင့် ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေအစား၊ ရေဆာလျှင် ရေတိုက်တာ ပိုကောင်းပြီး၊ ရေပါတဲ့ မိခင်နို့လည်း (၂) နှစ် အထိ အနည်းဆုံး ဆက်တိုက်နိုင်ပါတယ်။

အချက် (၉) ကတော့ “သတ္တုဓာတ်နှင့်၊ ဗီတာမင်၊ အားဆေးပုံမှန်၊ ကျွေးစေချင်။ မိခင်ကိုလည်း၊ တိုက်ကျွေးပေး၊ ဗီတာမင်နှင့်၊ သံဓာတ်ဆေး” ဖြစ်ပါတယ်။ ဆိုလိုတာက အထက်ပါအတိုင်း အာဟာရဓာတ်ပြည့်စုံအောင် ဘယ်လောက်ကျွေးကျွေး၊ လိုအပ်နေသေးတဲ့ ဗီတာမင် (အထူးသဖြင့် ဗီတာမင် အေ၊ ဒီ၊ ဘီ) နဲ့ သတ္တုဓာတ် (သံဓာတ်၊ ဇင့်ဓာတ်၊ မင်းဂနိစ်ဓာတ် စတာ) တွေပါတဲ့ အားဆေးသောက်ဖို့ လိုပါတယ်။ အထူးသဖြင့် (၆) လမှ (၅) နှစ်အရွယ်ကလေးတွေအတွက် သံဓာတ်က အစားအစာကနေ လုံလောက်လေ့ မရှိပါဘူး။ ဒါ့အပြင် နို့တိုက်မိခင်အနေနဲ့လည်း၊ အာဟာရ အများကြီး ပိုလိုတာကြောင့်၊ အစားအသောက် ပိုပြည့်ပြည့်ဝဝ စားသောက်ပေးတာအပြင်၊ ဒီ ဗီတာမင်နဲ့ သံဓာတ်ပါတဲ့ အားဆေးတွေပါ သောက်ပေးဖို့လိုပါတယ်။

အချက် (၁၀) က “မနာမကျန်း၊ ဖြစ်နေလျှင်၊ အစားအစာ၊ မဖြတ်စေချင်၊ အရည်ပိုတိုက်၊ သူ့အကြိုက်၊ ချော့မော့ပိုကျွေးလိုက်။ နာလန်ထပြီး၊ ၂ ပတ်အကြာ၊ အစားအစာ၊ ပိုကျွေးပါ” ဖြစ်ပါတယ်။ ဆိုလိုတာက တချို့တွေအနေနဲ့ ကလေး နေမကောင်းဖြစ်လာချိန်မှာ အစာဖြတ်တာ၊ လျော့ကျွေးတာတွေ လုပ်လေ့ရှိတာက၊ မလုပ်သင့်ကြောင်း ထောက်ပြထားတာပါ။ အစာဖြတ်လိုက်လျှင် အဖျားကျသွားမယ်လို့ မှားယွင်းယူဆနေသူတွေ ရှိနေပါတယ်။ တကယ်က ဖျားနာချိန်မှာ ရောဂါကို ခုခံနိုင်အောင် အာဟာရ ပိုလိုတာကြောင့်၊ ပိုပြည့်ပြည့်ဝဝ ဆက်စားပေးဖို့ လိုပါတယ်။ ဖျားနာချိန်မှာ ထမင်းအစား ဆန်ပြုတ်က ပိုသင့်တော်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဆန်ပြုတ်မှာ ရေပိုပါပြီး၊ ဖျားနာချိန် ဖြစ်တတ်တဲ့ ပျို့အန်တာကိုလည်း အဖြစ်နည်းစေနိုင်တာကြောင့်ပါ။ အခုလို ကျေညက်လွယ်တဲ့ အရည်အဖတ်အဖြစ် ပြောင်းကျွေးရာမှာ၊ ဆန်ပြုတ်အပြင် အရသာပိုရှိအောင် ဆီချက်၊ ဆား၊ နို့ (နို့ထမင်း) စတာတွေ ထည့်ချက်ပေးနိုင်ပါတယ်။ ဒါ့အပြင် အရည်ပါတဲ့ အစားအသောက်တွေပါ ပိုတိုက်ပြီး၊ ကလေးကြိုက်တဲ့အစာကို ဝင်အောင် ချော့မော့ကျွေးသင့်ပါတယ်။ နေစကောင်းလာလျှင်လည်း နောက်ထပ် (၂) ပတ်ကြာသည်အထိ နာလန်ထချိန်အဖြစ် အစာ ပိုလိုလေ့ရှိပြီး၊ ပိုလည်းစားနိုင်လေ့ရှိတာကြောင့် ပိုကျွေးပေးသင့်ပါတယ်။

အခုခေတ်မှာ ကလေးအတွက် အလွယ်တကူလုပ်ပေးနိုင်တဲ့ အသင့်ပြင်ထားတဲ့ (Ready-Made) အစားအစာတွေ ပိုများလာပေမယ့် လတ်လတ်ဆတ်ဆတ် ကိုယ်တိုင်ချက်ပြုတ်ကျွေးတာက ကလေးအတွက် ပိုအရသာရှိစေပြီး (ဥပမာ ကြာရှည်သိမ်း စည်သွတ်ဗူးထဲက သရက်သီးထက်၊ လတ်ဆတ်တဲ့ သရက်သီးမှဲ့ ခွာကျွေးတာမျိုး)၊ ပိုကျန်းမာစေနိုင်တာကြောင့်၊ အချိန်ရှိလျှင် လတ်လတ်ဆတ်ဆတ် ချက်ပြုကျွေးတာ ပိုကောင်းပါတယ်။

ဒီကဗျာစပ်ထားတဲ့ ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

XS
SM
MD
LG