သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငလျင်ရပ်သွားချိန် ချက်ချင်းတုံ့ပြန်မူ


Emergency personnel carry a body during a search for survivors in a collapsed building in Durres, after an earthquake shook Albania, November 28, 2019. REUTERS/Florion Goga
Emergency personnel carry a body during a search for survivors in a collapsed building in Durres, after an earthquake shook Albania, November 28, 2019. REUTERS/Florion Goga
တိုက်ရိုက် လင့်ခ်

ငလျင်လှုပ်ချိန်မှာ စက္ကန့်ပိုင်းအတွင်း ဖြစ်ပေမယ့် ငလျင်လှုပ်ပြီးချိန်မှာ ထိခိုက်ပျက်စီးမူတွေ များနိုင်တာကြောင့်၊ ချက်ချင်းလုပ်သင့်တာတွေကို အထူးသတိထား လုပ်ကြဖို့ လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုထားပါတယ်။

ဘာတွေကို အထူးသတိထားပြီး အန္တရာယ်ကင်းအောင် လုပ်ဆောင်ဖို့နဲ့ လုံးဝ ရှောင်ကျဉ်ဖို့ အရေးကြီးပါလဲ။ ငလျင်ရပ်သွားတာနဲ့ ပထမဦးဆုံးက ကိုယ့်နဲ့ကိုယ့်မိသားစု၊ ဘေးကလူတွေ ထိခိုက်မူရှိမရှိ ကြည့်ပြီး၊ ထိခိုက်မူမရှိလျှင် အန္တရာယ်ကင်းကင်း အဆောက်အဦးထဲက ထွက်နိုင်တဲ့လမ်းကြောင်းကို ချက်ချင်းရှာကာ၊ ကွင်းပြင်၊ မြေကွက်လပ်တွေဆီ အမြန်သွားဖို့ အရေးကြီးပါတယ်။ အကြောင်းက ငလျင်ကြောင့် ပြိုလုဆဲဆဲဖြစ်သွားနိုင်တဲ့ အဆောက်အဦးတွေ မီးနစ်ပိုင်းအတွင်း ပြိုကျလာနိုင်လို့ပါ။ အကယ်၍ အပြိုအပျက်ကြား ပိတ်မိပြီးသားဖြစ်နေလျှင်လည်း ကိုယ်ကိုယ်တိုင် ထွက်နိုင်မလား၊ မထွက်နိုင်ဘူးလားကို ကြည့်ပြီး၊ ကိုယ်တိုင်ထွက်နိုင်လျှင်တောင် ဖြစ်နိုင်လျှင် ကယ်ဆယ်ရေးအဖွဲ့တွေကို အသိပေးနိုင်ဖို့ အရေးကြီးပါတယ်။ အကြောင်းက ပြိုကျတော့မယ့် လှေကားကနေ ထွက်ပြေးမိပြီး၊ လှေကားနဲ့အတူ ပြိုကျသွားနိုင်လို့ပါ။ ကယ်ဆယ်ရေးအဖွဲ့တွေကို အသိပေးရာမှာ ရေပိုက်လုံး (သို့မဟုတ်) သံထည်ပစ္စည်း တစ်ခုခုကို ခေါက်ပြီး အသံပေးတာ၊ ဝီစီခရာ ဆွဲယူသွားနိုင်လျှင်လည်း ဝီစီမှုတ် အချက်ပေးတာ၊ နောက်ဆုံးအခြားနည်း မရှိလျှင် အော်ဟစ်ပြီး အကူအညီတောင်းတာမျိုးတွေ လုပ်နိုင်ပါတယ်။

အဆောက်အဦးအပြင်ကို ထွက်ရာမှာ အန္တရာယ်ကင်းဖို့ သတိပြုသင့်တာတွေလည်း ရှိပါတယ်။ ပထမဆုံး ကိုယ်နဲ့ကိုယ့်မိသားစု၊ ဘေးကလူတွေမှာ ဒဏ်ရာရ၊ မရ ကြည့်ပြီး၊ ဒဏ်ရာကနေ သွေးထွက်နေလျှင် သွေးတိတ်အောင် လုပ်သင့်ပါတယ်။ အကယ်၍ ကိုယ့်ခြေထောက် (သို့မဟုတ်) တစ်ခုခု ပိမိနေလျှင်တော့ အကူအညီ အရင်တောင်းသင့်ပါတယ်။ အပြင်သို့ထွက်ရာမှာ အများဆုံးထိခိုက်စေလေ့ရှိတဲ့ အပေါ်ကကျလာနိုင်တဲ့ ပစ္စည်းတွေ၊ မှန်ကွဲမှန်စတွေ၊ အချွန်အတက်တွေ၊ ပြတ်နေတဲ့ လျှပ်စစ်ဝိုင်ယာကြိုးတွေ၊ လျှပ်စစ်ဓာတ်လိုက်တာတွေကို သတိထားရှောင်ရှားဖို့ လိုပါတယ်။ ဒါ့အပြင် မီးလောင်လာတာလဲ ဖြစ်နိုင်တာကြောင့် အမြန်ထွက်ဖို့ ကြိုးစားရာမှာ ပုံမှန်လမ်းကြောင်းတွေကနေ ထွက်ဖို့ သိပ်လွယ်လေ့မရှိဘဲ၊ ပြူတင်းပေါက်၊ လွတ်နေတဲ့နေရာတွေကို သေသေချာချာ ကြည့်ပြီး ရှောင်ထွက်ရလေ့ရှိပါတယ်။

ငလျင်လှုပ်ပြီးချိန် အပြင်ထွက်ရာမှာ အထူးသတိထား ရှောင်ကျဉ်ရမှာတွေလည်း ရှိပါတယ်။ အကယ်၍ မီးပျက်သွားလျှင် အမှောင်ထဲစမ်းပြီး၊ မီးပြန်ထွန်းဖို့ ကြိုးစားတာ၊ မီးခလုပ် သွားဖွင့်တာတွေ လုံးဝမလုပ်သင့်ပါဘူး။ အကြောင်းက ပြတ်နေတဲ့ ဓာတ်ကြိုးတွေရှိနိုင်ပြီး လျှပ်စစ်ရှော့ခ် ဖြစ်နိုင်လို့ပါ။ ဒါ့အပြင် ဂက်စ် (Gas) မီးဖိုအိုးတွေထားတဲ့ နေရာကိုလည်း ရှောင်ပြီး ထွက်သင့်ပါတယ်။ ဓာတ်လှေကားကိုတော့ လုံးဝ အသုံးမပြုသင့်ပါဘူး။ ဓာတ်လှေကား တည်ဆောက်ပုံအရ၊ မီးပြတ်သွားနိုင်တာ၊ ပြိုကျပြတ်ကျတာတွေ လာပိတ်နေနိုင်တာ၊ လူတွေတိုးဝှေ့ပိတ်လှောင်တာနဲ့ မီးလောင်တာနဲ့ပါ တွဲလာလျှင်၊ ထွက်မရဘဲ ပိုအန္တရာယ်ကြီးသွားနိုင်လို့ပါ။

အကယ်၍ ငလျင်မပြင်းတာကြောင့် အိမ်တွင်းပစ္စည်းတွေကို ပြန်သုံးချင်လျှင်လည်း၊ လျှပ်စစ်ပစ္စည်းတွေကို ချက်ချင်း ပြန်မသုံးသင့်ပါဘူး၊ ထိခိုက်ပျက်စီး ဓာတ်လိုက်နိုင်လို့ပါ။ ဗီရိုတွေကိုလည်း ချက်ချင်းသွားမဖွင့်သင့်ပါဘူး၊ အပေါ်က ပြိုကျ၊ ပြုတ်ကျ လာနိုင်တာ၊ အနီးနံရံက လဲကျလာတာတွေ ဖြစ်နိုင်လို့ပါ။ ဒါ့အပြင် အဆောက်အဦးထဲမှာ ပြန်နေထိုင်သင့်မသင့်ကိုလည်း သက်ဆိုင်ရာက ခွင့်ပြုချက်ယူသင့်ပါတယ်။

နောက် အထူး သတိပြုသင့်တာက ငလျင်တစ်ခုလှုပ်ပြီးလျှင်၊ နောက်ဆက်တွဲ ငလျင်တွေ ဆက်လာနိုင်တာကို ကြိုတွက်ပြင်ဆင်ထားဖို့ပါ။ ပထမငလျင်ကြောင့်၊ နောက်ဆက်တွဲ ငလျင်လှုပ်လာချိန်မှာ ပထမ ပြိုလုဆဲ အဆောက်အဦးတွေ လုံးဝ ပြားပြားဝပ် ပြိုကျသွားနိုင်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာတွေအတွက်လည်း ဆေးရုံ၊၊ ဆေးခန်း အမြန်ရောက်ဖို့ ခက်ခဲနိုင်တာကြောင့် အချင်းချင်း ရှေးဦးသူနာပြုစုနည်းတွေ၊ ရှေးဦးသူနာပြုစုနိုင်တဲ့ ဆေးနဲ့ကရိယာတွေ ဆောင်ထားပြီး၊ ကြိုတင်ကုသ၊ ထိန်းပေးထားသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်း က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသမှုဌာနက ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦး ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode===








XS
SM
MD
LG