သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီတာမင်ဒီ (Vitamin D) ချို့တဲ့စေတဲ့ရောဂါနဲ့ ကာကွယ်ရေး


Calcium Vitamin D
Calcium Vitamin D

မြန်မာနိုင်ငံမှာ အဖြစ်များလာနေတဲ့ ဗီတာမင် (ဒီ) ဓာတ်ချို့တဲ့တာကို ဖြစ်စေတဲ့ ရောဂါတချို့ ရှိနေပြီး၊ ဒီဓာတ်မချို့တဲ့အောင် ကာကွယ်နိုင်တာတွေလည်းရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေကသုံးသပ်ပြောဆိုကြပါတယ်။

ဗီတာမင် (ဒီ) ကို ချို့တဲ့စေနိုင်တဲ့ရောဂါတွေကတော့ ဗီတာမင် (ဒီ) အသုံးများတဲ့ရောဂါတွေနဲ့ ဗီတာမင် (ဒီ) အလုပ်လုပ်နိုင်အောင် ဓာတ်မပြောင်းပေးနိုင်တဲ့ ရောဂါပါ။ ဗီတာမင် (ဒီ) အသုံးများတဲ့ရောဂါတွေကတော့ သွေးလေးဘက်နာနဲ့ အရေပြားလေးဘက်နာကဲ့သို့ ခုခံအားစံလွဲတဲ့ရောဂါတွေ ဖြစ်ပါတယ်။ ဒီလေးဘက်နာရောဂါတွေမှာ ခုခံဓာတ်တွေ အများကြီးထုတ်ပေးဖို့အတွက် ဗီတာမင် (ဒီ) ကို အများကြီး သုံးရတာပါ။ ဒါ့အပြင် နေရောင်နဲ့ အစားအသောက်ကရတဲ့ ဗီတာမင် (ဒီ) ကုန်ကြမ်းကို ခန္ဓာကိုယ်အတွင်းမှာ အလုပ်လုပ်နိုင်တဲ့ ဗီတာမင် ကုန်ချောဖြစ်ဖို့ ပြောင်းလဲပေးရတဲ့ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်နိုင်လျှင်လည်း ဒီဓာတ်ချို့တဲ့မှု ဖြစ်စေပါတယ်။ ဒါကြောင့် ကျောက်ကပ်ရောဂါရှိသူတွေမှာ နေရောင်ဘယ်လောက်ရရ၊ ဗီတာမင်ပါတဲ့ အစားအသောက်တွေ ဘယ်လောက်စားစား တကယ့်ဗီတာမင် (ဒီ) ချို့တဲ့တာ ခံစားရနိုင်ပါတယ်။

ကာကွယ်နိုင်ဖို့အတွက် ဗီတာမင် (ဒီ) များစွာပါတဲ့ မနက်ခင်း (မနက် ၉ နာရီ မတိုင်ခင်) နေရောင်ခြည်ကို တစ်ရက်မှာ နာရီဝက်၊ တစ်နာရီစာနဲ့ တစ်ပတ်လျှင် အနည်းဆုံး (၅) ရက် ထိတွေ့ပေးဖို့ (နေရောင်ကာဖို့ ခေါင်း၊ မျက်လုံး၊ လည်ပင်းနဲ့ အရေပြားအကုန်လုံး မဖုံးကာထားဖို့) လိုအပ်ပါတယ်။ အခုလို နေရောင်မထိတွေ့နိုင်လျှင်တော့ ဗီတာမင် (ဒီ) ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းနဲ့ ဥတွေကို အလေးထားစားသုံးသင့်ရာမှာ၊ နေ့စဉ် နွားနို့ တစ်ခွက် (၂၀၀ စီစီ)၊ သို့မဟုတ် ကြက်ဥ (၂) လုံး စားသောက်ပေးသင့်ပါတယ်။ ငါးတွေမှာ ဗီတာမင် (ဒီ) ပါပေမယ့် ပင်လယ်ငါးကြီးတွေရဲ့ အဆီမှာသာ များစွာပါပြီး၊ မြစ်ချောင်းထဲက ငါးတွေရဲ့အဆီမှာ အနည်းငယ်သာပါတာကြောင့်၊ မြစ်ချောင်းထဲက ငါးတစ်ကောင်လုံး (၃၀ မှ ၄၀ ကျပ်သား အလေးချိန်) စားမှသာ တစ်နေ့စာလိုတဲ့ ဗီတာမင်ဒီ ပမာဏ ရနိုင်ပါတယ်။ သာမန်မိသားစုတွေအနေနဲ့ လူတစ်ဦးအတွက် ငါးတစ်ကောင်လုံးကျွေးနိုင်ဖို့ ငွေကြေးအခက်အခဲရှိနိုင်ပါတယ်။တိရိစ္ဆာန် အတွင်းကလီစာ (အသည်း၊ အမြစ် စတာ) တွေကလည်း ဗီတာမင် (ဒီ) ကြွယ်ဝပေမဲ့၊ ဂေါက်ရောဂါ (Gout) လို အခြားရောဂါတွေ ဖြစ်စေလာနိုင်တာမို့ သတိပြုစားသုံးသင့်ပါတယ်။

အကယ်၍ နေရောင်ခြည်လည်းမထိနိုင်၊ ဗီတာမင် (ဒီ) ကြွယ်ဝစာတွေလည်း မစားသောက်နိုင်လျှင်တော့၊ ဖြည့်စွက်စာအားဆေး လိုလာရာမှာ ဗီတာမင် (ဒီ) ၄၀၀ အား ပမာဏ ပါတာကို သုံးသင့်ပါတယ်။ အများအားဖြင့် ဗီတာမင် (ဘီ) အရော (Burplex) နဲ့ ဗီတာမင်မျိုးစုံ (Vitazone) တွေမှာ ရေမှာပျော်တဲ့ အခြား ဗီတာမင်တွေ များစွာပါပေမယ့် အဆီမှာပျော်တဲ့ ဗီတာမင် (ဒီ) ပါဝင်မူက နည်းပါးလွန်းတာမို့၊ ဗီတာမင်(ဒီ) ၄၀၀ အားဝန်းကျင်ပါတဲ့ ငါးကြီးဆီကို သောက်ပေးနိုင်ပါတယ်။

ဒီရောဂါဆိုင်ရာအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်း က အရိုး၊အကြော၊အဆစ် အထူးကု နဲ့ ဆေးတက္ကသိုလ် (၁) အရိုး၊အကြော၊အဆစ် ဆေးပညာဌာန၊ ပါမောက္ခ ဌာနမှူး ဒေါက်တာချစ်စိုး ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

==Unicode==










XS
SM
MD
LG