သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်ငွေ့ရှူတာ ကာကွယ်တားမြစ်ခြင်း


မြန်မာရော ကမ္ဘာမှာပါ ဆေးလ်ိပ်သောက်သူ အနည်းငယ် ကျဆင်းလာနေပေမဲ့ Vaping (ခေါ်) ဒီဆေးလိပ်ငွေ့ရှူတာကတော့ ဆက်များနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြနေပါတယ်။

ဆေးလိပ်ငွေ့ရှူတာကို လူငယ်တချို့အနေနဲ့ ခေတ်မီဖက်ရှင်အဖြစ်သဘောကျသလို၊ လူကြီးတချို့လည်း ဆေးလိပ်ဖြတ်ဖို့နည်းအဖြစ် သုံးစွဲလာတာကနေ ဆေးလိပ်ငွေ့ရှူသူ များလာနေတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ ဒီဆေးလိပ်ငွေ့ရှူတာကိုလည်း ဆေးလိပ်နည်းတူ ဥပဒေအရ တားမြစ်သင့်တယ်လို့လည်း ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ တချို့နိုင်ငံတွေမှာ ဒီဆေးလိပ်ငွေ့ရှူပစ္စည်းတွေကို ထုတ်ခွင့်၊ တင်သွင်းခွင့်နဲ့ သုံးခွင့်မပြုတာအထိ အားလုံးတာမြစ်ပေမဲ့၊ တချို့နိုင်ငံတွေမှာတော့ ထုတ်ခွင့်ပြုပြီး တင်သွင်းခွင့်တော့မပြုတာ၊ တချို့ကတော့ ဆေးလိပ်နည်းတူ အထူးအခွန်တိုးမြှင့်ကောက်ခံပြီး သုံးစွဲမှုနည်းအောင်လုပ်တာတွေ ရှိလာနေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာတော့ ဆေးလိပ်နည်းတူ အခွန်ကောက်တာတောင် မရှိသေးတာမို့ စလုပ်ဆောင်သင့်ပါတယ်။

ဒါ့အပြင် မိဘတွေအနေနဲ့လည်း လူငယ်အရွယ်သားသမီးတွေကို စောင့်ကြည့်ပြီး ဆေးလိပ်ငွေ့မရှူမိအောင် ထိန်းကြောင်းကာကွယ်ပေးသင့်ပါတယ်။ ဆေးလိပ်ငွေ့ရှူတာရဲ့ ကျန်းမာရေးအန္တရာယ်တွေကို မိဘတွေကိုယ်တိုင် သိရှိနားလည်ထားပြီး သားသမီးတွေကို ကြိုတင်ပညာပေးထားသင့်ပါတယ်။ တချို့လူငယ်တွေက နီကိုတင်းမပါတဲ့ အနံ့အရသာကောင်း (Flavor) အငွေ့ရှူပစ္စည်းသုံးလျှင် အန္တရာယ်မရှိဘူးလို့ မှားယွင်းယူဆကြပေမဲ့၊ တကယ်တမ်း အသက်ရှူလမ်းကြောင်းရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒီဆေးလိပ်ငွေ့ရှူတဲ့ပစ္စည်းမျိုးစုံကိုလည်း မိဘတွေ ကွဲကွဲပြားပြား သိထားပြီး၊ သားသမီးတွေ သုံးစွဲတာတွေ့လာလျှင် တားမြစ်သင့်ပါတယ်။ ဆေးလိပ်ငွေ့ရှူပစ္စည်းတွေက ကွန်ပြူတာပစ္စည်းတွေနဲ့ ဆင်တူပြီး၊ အငွေ့လည်းသိပ်မထွက်တာကြောင့် မိဘတွေ သတိမပြုမိဘဲ ဖြစ်တတ်ပါတယ်။ ဒီခေတ်ပေါ်ဆေးလိပ်ငွေ့ရှူပစ္စည်းက ငွေကုန်ကြေးကျများ၊ ငွေဖြုန်းတီးသလိုလည်း ဖြစ်နေပြန်ပါတယ်။

တချိန်ထဲမှာ ဆေးလိပ်စွဲနေတဲ့ လူကြီးတချို့ ဆေးလိပ်ဖြတ်ဖို့ ဆေးလိပ်ငွေ့ရှူတာကို မှားယွင်းသုံးစွဲမိတတ်ကြပါတယ်။ လူကြီးတွေအနေနဲ့ နောက်ပိုင်းကျမှ ဆေးလိပ်လည်းမပြတ်၊ ဆေးလိပ်ငွေ့ရှူတာကိုလည်း ကြိုက်သွားပြီး၊ ၂ ခုလုံးစွဲသွားတာကို ကြုံရလေ့ရှိပါတယ်။ အကောင်းဆုံးကတော့ လူငယ်တွေအနေနဲ့လည်း ဆေးလိပ်ငွေ့ရှူတာကို စပြီးမစမ်းသင့်ပါဘူး။ အကြောင်းက နီကိုတင်းပါတာမို့ စွဲလွယ်လွန်းလို့ပါ။ တကယ်တော့ ဆေးလိပ်ဖြတ်ချင်သူတွေအတွက် ဆေးလိပ်ဖြတ်နည်းရှိပြီး၊ သင်တန်းပေး တိုင်ပင်ကူညီပေးနေတဲ့ အဖွဲ့တချို့လည်း မြန်မာနိုင်ငံမှာ ရှိနေပါပြီ။ အခုလို စနစ်တကျ ဆေးလိပ်ဖြတ်နည်းကို သုံးခြင်းဖြင့်၊ ဆေးလိပ်အပြင် ဆေးလိပ်ငွေ့ရှူတာကိုလည်း ထိထိရောက်ရောက် ဖြတ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်ငွေ့ရှူတာကြောင့် လေထုညစ်ညမ်းစေသလို၊ ပလပ်စတစ်နဲ့လုပ်ထားတဲ့ ဆေးလိပ်ငွေ့ရှူပစ္စည်းတွေ ဖြစ်သလို စွန့်ပစ်နိုင်တာကြောင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေနိုင်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့အတွက် ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့်ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG